ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်များ ဝိုင်းပတ်ပိတ်ဆို့ထားသည့် ဗန်းမော်မြို့အား စစ်တပ်၏ ကုန်းလမ်းနှင့်ရေလမ်း စစ်ကူများ မလာနိုင်ရန် ဖြတ်တောက်ထားကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ စင်းခမ်းတံတားလည်း ကျနော်တို့ပဲထိုင်ထားတယ်၊ အောက်ဘက် (ရေကြောင်း) ကနေ တက်လာဖို့ဆိုတာ အခက်အခဲရှိမှာပါ၊ အဲဒီဘက်က စစ်ကူတို့ဘာတို့ဆိုတာ သူတို့အခက်အခဲရှိမှာပါ။ ဗန်းမော်ကို တခြားနေရာကနေ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လာနိုင်တဲ့ စစ်ကြောင်းတွေကတော့ မရှိပါဘူး” ဟု ပြောသည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်ဒေသထိုးစစ်အား ဇူလိုင်လကုန်ပိုင်းက ပြန်လည်စတင်ခဲ့ပြီး ဩဂုတ် ၁၉ ရက်က ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ တပ်ရင်းဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ဗန်းမော်နှင့် မံစီကြားရှိ ကောင်ဂျာယန် ကာကင်းစခန်းတခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် ခမရ-၄၃၇ မကျရေးအတွက် အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဒုစကခမှူးဦးဆောင်ပြီး အင်အားရာနှင့်ချီ ခုခံခဲ့သော်လည်း ထိုးစစ်တလမပြည့်မီ ကျဆုံးခဲ့ခြင်းဖြစ်ကာ ဗန်းမော်မှစစ်ကူလာသော တင့်ကားတစီးပါ ယာဉ်တန်းလည်းချေမှုန်းခံရ၍ တင့်ကား မီးလောင်ပျက်စီးခဲ့သည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ခမရ-၄၃၇ အား သိမ်းပိုက်နိုင်သည့်အတွက် ဗန်းမော်မြို့အား အနီးကပ်ခြိမ်းခြောက်နိုင်သော အခြေအနေဖြစ်ပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းလည်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
ခမရ-၄၃၇ သိမ်းပိုက်နိုင်ခြင်းသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် အရှေ့ဘက်စစ်မျက်နှာ ပွင့်သွားခြင်းဖြစ်ပြီး တောင်ဘက်ရှိ မံစီအခြေစိုက် ခမရ-၃၁၉ တပ်ရင်းနှင့် ခမရ-၆၀၁ တပ်ရင်းတို့သာ ကျန်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
စစ်ရေးလေ့လာသူတဦးက “မိုးမောက်နဲ့ မံစီနဲ့ကျသွားရင် ဗန်းမော်စစ်မျက်နှာက အရှေ့ဘက်နဲ့ တောင်ဘက် ပွင့်သွားပြီ၊ မံစီမှာ ရှိတဲ့ တပ်ရင်းနှစ်ခုကို တိုက်နေတာရှိတယ်၊ မိုးမောက်ဘက်က ၄၃၇ ကျသွားရင် ဗန်းမော်အရှေ့ဘက် စစ်မျက်နှာ ပွင့်သွားမှာပေါ့။ အဲဒီနှစ်ခု ကျသွားရင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရမယ့်အဆင့် ရောက်သွားမှာပေါ့၊ အရှေ့က ကာထားတာ ဘာမှမရှိတော့ဘူး၊ စစ်မျက်နှာ ပွင့်ထွက်သွားမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့အနောက်ဘက် စင်းခမ်းတံတား၊ အရှေ့ဘက်မိုးမောက်တို့အား သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း တောင်ဘက်မံစီအခြေစိုက်တပ်ရင်းနှစ်ခုအား သိမ်းပိုက်နိုင်ခြင်း မရှိသေးသည့်အတွက် စစ်တပ်အနေဖြင့် ဗန်းမော်နှင့် မံစီကြား ချိတ်ဆက် အထောက်အကူပေးနိုင်မှု ရှိနေသေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA အနေဖြင့် ကချင်ဒေသထိုးစစ်အား ယခုနှစ် မတ်လက အရှိန်မြင့်ခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်နှင့် မံစီမြို့အရှေ့ ဘက်၊ တောင်ဘက်၊ အနောက်ဘက်တကြောတွင် စခန်းများသိမ်းပိုက်ကာ မြေပြင်စစ်ကူလမ်းကြောင်းများ ဖြတ်တောက်ထားသည်။
ထို့ပြင် မန္တလေး-ဗန်းမော်လမ်းမတလျှောက်ရှိ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းနှင့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့များကိုလည်း တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။
CDM ဗိုလ်ကြီးဇင်ယော်က “ အခုကို ဗန်းမော်ဒေသကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီးသားလို့တောင် ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ခမရ-၄၃၇ မှာ ခံစစ်ဆင်သွားတာက ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ-၂၁ အဖွဲ့တွေ ခံစစ်ဆင်ထားတာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေက ဗန်းမော်အထိ ဆုတ်ခွာသွားနိုင်ပြီပေါ့နော်၊ အခုကျန်နေတာဆိုလို့ ဗန်းမော်နဲ့ မံစီလောက်ပဲ ကျန်မယ်။ မံစီ၊ ဗန်းမော်နှစ်ခုလုံးကို ဆက်သွယ်ရေးလမ်းကြောင်းတွေ KIA အနေနဲ့ ထိန်းချုပ် ဖြတ်တောက်ထားပြီးပြီလို့ ကျနော်တို့ ယူဆလို့ရပါတယ်” ဟု သုံးသပ်သည်။
ဗန်းမော်တွင် စကခ-၂၁ ဌာနချုပ်အပြင် တပ်မ-၈၈ နှင့် လက်ရုံးတပ်များ အခြေပြုထားပြီး စစ်တပ်က ဗန်းမော်အား ဗဟိုပြုကာ မြောက်ဘက် မြို့သစ်-ဒေါ့ဖုန်းယန်-နားလုံဒေသ၊ အရှေ့ဘက် မိုးမောက်-စိန်လုံ-လွယ်ဂျယ်၊ တောင်ဘက် မံစီ-မဒယန်-မန်ဝိန်းကြီးဒေသနှင့် အနောက်ဘက် ရွှေကူ-မိုးဒါး-ကသာဒေသတို့ကို ကွပ်ကဲကြောင်း သိရသည်။
ထို့ကြောင့် ဗန်းမော်အား သိမ်းပိုက်နိုင်ပါက စစ်တပ်အနေဖြင့် ကချင်ဒေသ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတခုလုံးအား လက်လွှတ်ရမည်ဖြစ်သကဲ့သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၏ တိုက်ခိုက်လက်ရုံးတပ်မတခုကို ဖြုတ်ထုတ်နိုင်ခြင်းဖြစ် ကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
၎င်းက “ ဗန်းမော်သာကျသွားပြီဆို ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတခုလုံး လက်လွှတ်လိုက်ရပြီးသား ဖြစ်ပါလိမ့်မယ်။ မပခ ရဲ့ စကခ-၃ ရယ်၊ စကခ-၂၁ ရယ် အတွင်းတပ်မတွေ ရှိတယ်။ စကခ-၂၁ ဟာ မပခ ရဲ့ တိုက်ခိုက်ရေးလက်တံတခုဖြစ်တယ်။ ဒါကြောင့် စကခ-၂၁ ဗန်းမော်သာ ကျသွားပြီဆိုရင် မပခရဲ့ ညာလက်ရုံးကြီးတခု ကျသွားပြီလို့လည်း ပြောလို့ရပါတယ်” ဟု ပြောသည်။
KIA နှင့် ပူးပေါင်းတပ်များ၏ ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်ကစတင်သည့် ထိုးစစ်အတွင်း လွယ်ဂျယ်၊ ဆဒုံး၊ ဆွမ်ပရာဘွမ်၊ မိုးမောက်တို့အပါအဝင် တပ်ရင်းဌာနချုပ်များနှင့် စစ်စခန်းအကြီး အငယ် စုစုပေါင်း ၂၂၀ ခန့်အား သိမ်းပိုက်ထားနိုင်သလို စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက် ထိန်းချုပ်ထားနိုင်သည်။
You may also like these stories:
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ
ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း