စစ်ကောင်စီသည် ပိုမိုဆိုးရွားလာသည့် ငွေသားရနိုင်မှုအကျပ်အတည်းကို ဖြေရှင်းရန် မျှော်လင့်ချက်ကင်းစွာကြိုးစားနေစဉ် မြန်မာဗဟိုဘဏ်သည် လွန်ခဲ့သောလက တပတ်အတွင်း နောက်ထပ် ကျပ်ငွေ ၃ ထရီလီယံ ရိုက်ထုတ်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ထိပ်တန်းဘဏ်လုပ်ငန်းရှင်များနှင့် နီးစပ်သည် အမှုဆောင်များပြောသည်။
ဗဟိုဘဏ်သည် ငွေစက္ကူများကို ရိုက်ထုတ်ပြီး ပုဂ္ဂလိကဘဏ်များသို့ ဇူလိုင်လ တတိယပတ်တွင် ဖြန့်ချိခဲ့ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောသည်။
ထိုပမာဏသည် ဗဟိုဘဏ်၏ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၂၁၀၀ ကျပ်အရ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံနှင့် ဈေးကွက်ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်း ၄၉၀ ခန့်နှင့် ညီမျှသည်။
သို့သော် ဗဟိုဘဏ်၏ ငွေသားရရှိနိုင်မှု အကျပ်အတည်းကို ဖြေရှင်းရန် ငွေစက္ကူ အကြီးအကျယ် ရိုက်ထုတ်ခြင်းသည် ကျပ်ငွေကို အကြီးအကျယ် တန်ဖိုးကျဆင်းစေပြီး စစ်အုပ်ချုပ်ရေးအောက်မှ အလွန်ဆိုးရွားသော စီးပွားရေးစီမံခန့်ခွဲမှု အမှားများကြောင့် အပြင်းအထန် ထိခိုက်နေသော စီးပွားရေးကို ထပ်မံထိခိုက်စေမည်ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်နှင် အခြား စီးပွားရေး ပညာရှင်များ သတိပေးသည်။
စစ်ကောင်စီက ငွေစက္ကူရိုက်ထုတ်သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကျပ်ငွေတန်ဖိုး အလျင်အမြန် ကျဆင်းသည်။ သြဂုတ်လ ၉ ရက်နေ့တွင် တဒေါ်လာ ၆၀၀၀ ကျပ်သို့ကျဆင်းပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် တဒေါ်လာ ၇၀၀၀ ကျပ်သို့ ကျဆင်းသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းမီက အမေရိကန် တဒေါ်လာလျှင် ၁၃၀၀ ကျပ်ဖြင့်သာ ရောင်းဝယ်ကြသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံတဝန်း မြို့ကြီးများနှင့် ကျေးလက်ဒေသများတွင် နေထိုင်သူများသည် လောင်စာဆီ မလုံလောက်မှုကို ရင်ဆိုင်ရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းချိန်တွင် ပြည်ပမှ တင်သွင်းရသည့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ တက်ကုန်သည်။
“အဲဒီရိုက်ခတ်မှုတွေက စစ်ကောင်စီရဲ့ ဆင်ခြင်မှုကင်းမဲ့တဲ့ ငွေစက္ကူရိုက်ထုတ်မှုတွေရဲ့ အကျိုးဆက်ပဲ” ဟု ဦးတင်ထွန်းနိုင်ပြောသည်။
ဗဟိုဘဏ်သည် ဘဏ်များပြိုလဲမှုကို တားဆီးရန် ဘဏ်လုပ်ငန်းကဏ္ဍသို့ ကျပ်ငွေထရီလီယံချီ ထည့်သွင်းခဲ့ကြောင်း ပုဂ္ဂလိကဘဏ်များနှင့် နီးစပ်သည့် လုပ်ငန်းအမှုဆောင် ၂ ဦးပြောသည်။
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများသည် ဇူလိုင်လမှ စတင်ပြီး ငွေထုတ်ယူရာတွင် ကန့်သတ်ချက်များနှင့် အခြားအခက်အခဲများကို ရင်ဆိုင်နေရသည်။
အိမ်ခြံမြေချေးငွေ ကန့်သတ်ချက် ကျော်လွန်ထုတ်ချေးခြင်းအတွက် အဓိကကျသည့် ဘဏ်များကို ယခုလအစောပိုင်းတွင် အပြစ်ပေးသည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ပုဂ္ဂလိကဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းနေသည်။
ဘဏ်များသည် နေ့စဉ် ငွေထုတ်ယူမှုကို ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ လျှော့ချပြီး တုံ့ပြန်သည်။
ဇူလိုင်လ ဒုတိယပတ်တွင် နေ့စဉ်ငွေထုတ်ယူမှု အကန့်အသတ်သည် တပတ်လျှင် ကျပ် ၅ သိန်းအထိ ကျဆင်းသည်။ ထိုသို့ အကျပ်အတည်းမဖြစ်မီက သာမန်ငွေစုဘဏ်စာရင်းတခုတွင် တနေ့လျှင် ကျပ်ငွေ သိန်း ၁၉၀ အထိ ထုတ်ယူနိုင်သည်။
ကျပ်ငွေ ၃ ထရီလီယံ ထပ်မံပုံမနှိပ်မီ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီသည် နိုင်ငံမှ ထိပ်တန်းဘဏ်လုပ်ငန်းရှင်များနှင့် အရေးပေါ် အစည်းအဝေးကျင်းပပြီး စစ်ကောင်စီထိပ်တန်းအရာရှိများက ထိုဘဏ်လုပ်ငန်းရှင်များကို အပြစ်တင်ပြီး ငွေကြေးဖေါင်းပွမှု ဖြစ်စေကာ ကျပ်ငွေတန်ဖိုးကျဆင်းစေကြောင်း စွပ်စွဲသည်။
ဘဏ်လုပ်ငန်းစနစ်အတွင်းသို့ ကျပ်ငွေ ၃ ထရီလီယံကို လွန်ခဲ့သောလက ထည့်သွင်းပြီးနောက် ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများသည် ဇူလိုင်လတွင် ဘဏ်များမှ ငွေပိုမိုထုတ်ယူနိုင်ပြီး ယခုလတွင်လည်း ထုတ်ယူနိုင်ဆဲဖြစ်သည်။
ငွေသားရရှိနိုင်မှု အကျပ်အတည်း မတိုင်မီကအတိုင်း ငွေထုတ်ယူနိုင်ဆဲဖြစ်သောကြောင့် ထိုပြဿနာပြေလည်သွားကြောင်း ရန်ကုန်တွင် နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များပြောသည်။
“အခု ကျနော်တို့ ကြိုက်သလောက် ငွေထုတ်လို့ရတယ်။ ဒါပေမယ့် ငွေစက္ကူအရည်အသွေး အရမ်းနိမ့်တယ်။ အထူးသဖြင့် ၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန်တွေ အရမ်းပါးသွားတယ်လို့ ခံစားရတယ်” ဟု ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင်တဦးပြောသည်။
ဇူလိုင်လနှောင်းပိုင်းက ဘဏ်မှ ကျပ်သိန်း ၂၀၀ ထုတ်ယူခဲ့ကြောင်း ကျောက်တံတားမြို့နယ်မှ ကမ္ဘောဇဘဏ် ဝန်ဆောင်မှုအသုံးပြုသူတဦးပြောပြီး သင်္ကန်းကျွန်းမြို့နယ်မှ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတဦးကလည်း ယခုအပတ်တွင် CB ဘဏ်မှ ကျပ် သိန်း ၂၀၀ ထုတ်ယူခဲ့ကြောင်းပြောပြီး ၎င်းတို့ထုတ်ယူခဲ့သော ငွေစက္ကူများသည် ပိုမိုပါးလွှာပြီး မှင်နံ့ထွက်နေကြောင်းပြောသည်။ ထို့ကြောင့် ထိုငွေများသည် မကြာသေးမီကမှ ပုံနှိပ်ထားကြောင်း ထင်ရှားသည်ဟု ၎င်းတို့ပြောသည်။
စစ်ကောင်စီက ငွေစက္ကူရိုက်ထုတ်ခြင်းကို နှစ်သက်ခြင်းသည် အသစ်အဆန်းမဟုတ်ပေ။
စစ်ကောင်စီသည် အာဏာသိမ်းပြီး ၃ နှစ်အတွင် ကျပ် ၃၀ ထရီလီယံခန့် ရိုက်ထုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင် ယခင်က စစ်ကောင်စီထောင်ချခံဖူးသည့် သြစတြေးလျ စီးပွားရေး ပညာရှင် ရှောင်တန်နဲလ်တို့က ယခင်က ပြောကြားခဲ့ဖူးသည်။
အလွန်အမင်း ငွေကြေးထုတ်ဝေခြင်းသည် ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၏ အဓိကအကြောင်းရင်းတခုဖြစ်ကြောင်း ၎င်းတို့ ပြောသည်။
စစ်ကောင်စီသည် စစ်တိုက်ရန်နှင့် အုပ်ချုပ်ရန် ငွေစက္ကူရိုက်ထုတ်ရကြောင်းနှင့် ၎င်း၏ အနာဂတ်ခိုင်မာစေရေး ငွေစက္ကူ ဆက်လက် ရိုက်ထုတ်နေမည်ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“အခုလောလောဆယ် ကျနော်တို့ သေချာပေါက်ပြောနိုင်တာက စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ပုံနှိပ်ထုတ်ဝေနေတာ ကျပ်ငွေ ၃၀ ထရီလီယံကျော်ပြီ ဆိုတာပဲ။ ဒါကြောင့် မြန်မာကျပ်ငွေက ဆက်လက်ကျဆင်းနေပြီး ဘဏ်တွေ နာလန်ထဖို့ အခွင့်အလမ်း မမြင်ဘူး” ဟု သူပြောသည်။
အာဏာမသိမ်းမီ ၂ နှစ်အတွင်း အရပ်သား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ဖြစ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ကျပ် ၃.၆၅၆ ထရီလီယံကို စီးပွားရေးအတွင်း ထည့်သွင်းဖူးသည်။
စစ်ကောင်စီကမူ လပေါင်း ၃၉ လအတွင်း NLD ကိုဗစ်ကာလ ၂ နှစ်အတွင်း ထုတ်ဝေသည်ထက် ငွေစက္ကူ ၈ ဆ ကျော် ပိုမို ထုတ်ဝေကြောင်း NUG က ဇွန်လတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စီးပွားရေးအတွင်းသို့ ငွေသားအလုံးအရင်း ထည့်သွင်းခြင်းသည် အလွန်ပြင်းထန်သော ဘဏ္ဍာရေးအကျပ်အတည်းကို တုံ့ပြန်သည့် အများသုံးနည်းလမ်းဖြစ်ကြောင်း အထူးသဖြင့် အင်စတီကျူးရှင်းအပေါ် ယုံကြည်မှုပြိုလဲသူများ၏ လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်း ရှောင်တန်နဲလ်က ဧရာဝတီသို့ ပြောသည်။
“ဒါက အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာ အတိအကျပဲ” ဟု သူပြောသည်။ “နိုင်ငံက ဘဏ်တွေနဲ့ ငွေအပ်နှံသူတွေရဲ့ ငွေတွေ လုံခြုံအောင် လုပ်ပေးရမယ့် အာဏာပိုင်တွေကို ဘယ်သူမှ မယုံဘူး” ဟု သူပြောသည်။
“ဒါဟာ မျှော်လင့်ချက်ကင်းမဲ့တဲ့ စစ်ကောင်စီက လုပ်လိုက်တဲ့ စီးပွားရေးကြမ္မာငင်မှု နောက်ထပ်လက္ခဏာတခုပဲ။ ဒါဟာ စစ်စီးပွားရေး ယန္တရားပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းက ရှုံးတဲ့ဘက်မှာ ရောက်နေတယ်” ဟုလည်း သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hyper-Aggressive Monetary Expansion Kicks Into Overdrive in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို
ဈေးနှုန်းထိန်းချုပ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ပိုဆိုးနေ
ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း
ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်
မြန်မာ့ဓာတ်ငွေ့သိုက်များ ကုန်ခန်းတော့မည်