ဧရာဝတီသတင်းနှင့်ပတ်သက်ပြီး စင်္ကာပူ စတော့အိတ်ချိန်း စာရင်းဝင် လုပ်ငန်းစု Yoma Strategic Holdings ကို စင်္ကာပူစတော့အိတ်ချိန်း (SGX) က သြဂုတ်လ ၁၉ ရက်နေ့တွင် မေးခွန်းထုတ်သည်။
Yoma က SGX ကို နောက် ၂ ရက်အကြာတွင် အကြောင်းပြန်ကြောင်း Yoma က SGX သို့ တင်သွင်းသည့် အစီရင်ခံစာအရ သိရသည်။
ထိုသို့ မေးခွန်းထုတ်ခံရခြင်းသည် ဇူလိုင်လ ၁၀ ရက်နေ့နောက်ပိုင်း Yoma ကို SGX က တတိယအကြိမ် မေးခွန်းထုတ်ခြင်းဖြစ်ကြောင်း သိရသည်။
Yoma ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ချေးငွေသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများအသင်း (စင်္ကာပူ) က ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာတွင် မေးခွန်းထုတ်သည်ဟု ထိုအသင်းမှ မေးခွန်းများကို တုံ့ပြန်မှုအရ သိရသည်။ ထိုတုံ့ပြန်ချက်ကို Yoma က SGX သို့ ဇူလိုင်လ ၂၉ ရက်နေ့တွင် တင်သွင်းသည်။
SGX ၏ နောက်ဆုံးမေးခွန်းများသည် ဧရာဝတီသတင်းဌာန၏ သြဂုတ်လ ၁၇ ရက်နေ့သတင်းကို ကိုးကားသည်။ ထိုသတင်းတွင် သတင်းရင်းမြစ်များက Yoma တည်ထောင်ပြီး အမှုဆောင်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သူ ဆာ့ဂျ်ပန်းခေါ် ဦးသိမ်းဝေသည် မြန်မာတွင် ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးရာဇဝတ်မှုများအတွက် စွပ်စွဲချက်များကို ဇူလိုင်လ ၂၄ ရက်နေ့တွင် တရားစွဲခံရသည်ဟု ဖေါ်ပြထားသည်။
ဧရာဝတီသတင်းက သတင်းရင်းမြစ်များကို ကိုးကားပြီး ဦးသိမ်းဝေသည် ဇူလိုင်နှောင်းပိုင်းတွင် Yoma ၏ လုပ်ငန်းစုတခုမဟုတ်သော ရိုးမဘဏ်နှင့် ပတ်သက်သည့် ဘဏ္ဍာရေး ရာဇဝတ်မှုများဖြင့် တရားစွဲခံရကြောင်း ဖေါ်ပြထားသည်။
SGX က စင်္ကာပူစတော့အိတ်ချိန်း စာရင်းဝင် Yoma ကို “မစ္စတာ ဆာ့ဂျ်ပန်းသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့အထိ လုပ်ငန်းစု၏ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေစဉ် တရားစွဲဆိုခံရခြင်း ဟုတ် မဟုတ် ကျေးဇူးပြုပြီး အတည်ပြုပေးပါ” ဟုပြောသည်။ SGX က သူ၏ စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီမှ ရာထူးကို ရည်ညွန်းပြောကြားခြင်းဖြစ်သည်။
Yoma က ၂၀၂၄ ခုနှင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် သူ အမှုဆောင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ချိန်အထိ မစ္စတာ ဆာ့ဂျ်ပန်းကို မည်သည့် စွဲချက်မျှ မတင်သေးကြောင်း အကြောင်းပြန်သည်။
ရက်စွဲကို ဇူလိုင် ၂၄ ရက်နေ့အထိ ကန့်သတ်ခြင်းအပြင် မည်သည့်စွဲချက်မှ မတင်သေးသည်မှာ “Yoma အမှုဆောင် ဥက္ကဋ္ဌနှင့် ဒါရိုက်တာ ရာထူးသက်တမ်းအတွင်း မြန်မာမှ သက်ဆိုင်ရာ အာဏာပိုင်များနှင် သူ၏ လက်ရှိဆက်ဆံရေးကြောင့် ဖြစ်သည်” ဟု Yoma က ဖေါ်ပြသည်။
ဇူလိုင်လ ၂၄ ရက်နေ့နောက်ပိုင်းတွင် ဆာ့ဂျ်ပန်းကို မြန်မာတွင် တရားစွဲပါသလားဟု မေးသောအခါ Yoma ၏ ကိုယ်စားလှယ်တဦး ဖြစ်သူ ဆယ်လ်ဗီရာ စော မက်ကိုက်က မေးခွန်းများ လက်ခံရရှိကြောင်း ဝန်ခံပြီး သူ၏အဖွဲ့သည် ထိုကိစ္စကို ကိုင်တွယ်နေကြောင်း၊ မည်သည့်အချိန်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း မေးသော်လည်း အကြောင်းမပြန်ခဲ့ပေ။
စတားစီးတီးတိုးချဲ့ရာတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုမှ ရငွေများကို အသုံးပြုသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ထိုကုမ္ပဏီက ငြင်းဆန်သည်။ ထိုအချက်သည် SGX ကမေးမြန်းသည့် အချက်တခုလည်း ဖြစ်သည်။ Yoma က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်တွင်လည်း ထိုအချက်ကို ထပ်လောင်းပြောကြားပြီး “အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများမှ ရရှိသော ရာဇဝတ် အကျိုးအမြတ်များကို အသုံးပြီး စတားစီးတီးတွင် သုံးသည်ဆိုသည့် အချက်ကို Yoma က ပြတ်သားစွာငြင်းဆိုသည်။ ထိုကြီးမားသော အိမ်ခြံမြေစီမံကိန်းသည် မကြာသေးမီနှစ်များအတွင်း နောက်ထပ် မည်သည့် ပြင်ပရန်ပုံငွေ မလိုသလို ရရှိခြင်းလည်း မရှိကြောင်း” ဟုပြောသည်။
အိမ်ခြံမြေ ဝယ်ယူသူအချို့သည် မသမာသောနည်းဖြင့် ရထားသော အကျိုးအမြတ်များဖြင့် ဝယ်ယူမှုဖြစ်နိုင်ပါသလားဟု ဧရာဝတီ သတင်းဌာနက မေးမြန်းသောအခါ ၎င်းတို့၏ အဖြေကို ၂ နာရီကျော်တိုးချဲ့စောင့်ဆိုင်းခဲ့သော်လည်း Yoma က ပြန်လည်ဖြေကြားခြင်း မရှိပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yoma Strategic Questioned by SGX Regulators Over Irrawaddy Report ကို ဘာသာပြန်သည်။)
You may also like these stories:
ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း
စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း
နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို
ကျပ်ငွေထပ်မံ ပုံနှိပ်သုံးစွဲသောကြောင့် ငွေတန်ဖိုး အရှိန်အဟုန်ဖြင့် ကျဆင်း