အာဏာသိမ်းစစ်ကောင်စီသည် ညီနောင်မဟာမိတ်များနှင့် ၎င်းတို့၏ မဟာမိတ်များက လွန်ခဲ့သောနှစ်နှောင်းပိုင်းက ၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ဒေသများကို ပြန်လည်ရယူရန် ဆင်ဖြူရှင် စစ်ဆင်ရေးဟု ခေါ်သည့် အဓိကထိုးစစ်တခုလုပ်ရန် ပြင်ဆင်နေသည်။
ဆင်ဖြူရှင်စစ်ဆင်ရေးကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြား ပြောသည်။
စစ်ကောင်စီသည် ထိုစစ်ဆင်ရေးကို ဦးဆောင်မည့် ကော်မတီတခုကို လွန်ခဲ့သောအပတ်က ဖွဲ့စည်းပြီး ထိုကော်မတီကို ဒုစစ်ခေါင်းဆောင် စိုးဝင်းဦးဆောင်ကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် စစ်ကောင်စီ သတင်းရင်းမြစ်များစွာကို ကိုးကားသည့် CDM ဗိုလ်ကြီးဟောင်း ဇင်ယော်တို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခု ပြောသည်။ ဗိုလ်ကြီးဟောင်း ဇင်ယော်သည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်ပြီး ဘက်ပြောင်းလာသူဖြစ်သည်။
မကြာသေးမီက ရာထူးတိုးပေးထားသည့် ဗိုလ်ချုပ်ကြီးများသည် ထိုစစ်ဆင်ရေးတွင် တပ်များကို ဦးဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်အဖွဲ့သည် တယ်လီဂရန်တွင် ရေးသားကြသည်။
ထိုစစ်ဆင်ရေး၏ အမည်သည် ချင်မင်းဆက် အုပ်ချုပ်သော တရုတ်ပြည်နှင့် မြန်မာဘုရင်များ အကြိမ်ကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့သော ထိုင်းကို စစ်ဆင်သောကြောင့် ဗိုလ်ချုပ်များ လေးစားသည့် ကုန်းဘောင်မင်းဆက်ဘုရင် ဆင်ဖြူရှင်အား ရည်ညွန်းသည်။
ဇူလိုင်လက ရှမ်းပြည်မြောက်ပိုင်းမှ အရှက်တကွဲအကျိုးနည်းသည့် စစ်ကောင်စီတပ်များ၏ ညီနောင်မဟာမိတ်များနှင့် တော်လှန်ရေး မဟာမိတ်များထံရှုံးနိမ့်မှု ဒုတိယလှိုင်းအပြီးတွင် ထိုစစ်ဆင်ရေး လုပ်ခြင်းဖြစ်သည်။
အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်သော ညီနောင်မဟာမိတ်များသည် ၎င်းတို့၏ ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်အတွင်း ရှမ်းပြည် မြောက်ပိုင်းမှ ဒါဇင်ပေါင်းများစွာသော မြို့များနှင့် တပ်ရင်းများကို သိမ်းပိုက်ခဲ့သည်။ ဆုံးဖြတ်သည့် ပြတ်သားသည့် ညှိနှိုင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ရသောအခါ စစ်ကောင်စီတပ်များနှင့် အဆင့်မြင့်အရာရှိများ အလံဖြူထောင်သောကြောင့် မြန်မာစစ်တပ်၏ စွမ်းဆောင်ရည်ပြည့်ဝသည့် တိုက်ခိုက်ရေးတပ်ဆိုသည့် ဂုဏ်သတင်းကိုလည်း ထိခိုက်စေသည်။
တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ပြိုလဲသွားပြီးနောက် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်သည်။ ထိုအချိန်မှ စတင်ပြီး မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ နောင်ချို၊ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုသာမက မန္တလေးတိုင်းမှ မတ္တရာနှင့် မိုးကုတ်မြို့များကိုလည်း သိမ်းယူသည်။
ဆင်ဖြူရှင် စစ်ဆင်ရေး၏ ရည်မှန်းချက်များ စစ်ကောင်စီဆုံးရှုံးသွားသည့် မြိုများ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ မြို့များကို ပြန်လည်သိမ်းယူရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များပြောသည်။ သို့သော် စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးသွားသည့် သို့မဟုတ် လက်နက်ချခဲ့သည့် မြို့များစခန်းများကို ပြန်လည်သိမ်းယူရန် အားအင် ရှိမရှိ ၎င်းတို့ သံသယဖြစ်ကြသည်။
ဆင်ဖြူရှင် စစ်ဆင်ရေးသည် မြေပြင်တပ်များကို စိတ်ဓာတ်မြှင့်တင်ပေးသည့် စစ်ကောင်စီ၏ နည်းလမ်းတခုသာဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ဇင်ယော်ပြောသည်။ “လက်တွေ့မှာ စစ်ကောင်စီတပ်ဟာ ထိုးစစ်ဆင်ဖို့ စွမ်းရည်မရှိဘူး” ဟု သူပြောသည်။
စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ တော်လှန်ရေး မဟာမိတ်များ တောင်ပိုင်းသို့ ချီတက်လာနေသည်ကို ပိတ်ဆို့ရန် ကြိုးစားနေရသောကြောင့် စစ်လမ်းကြောင်းကို မြောက်ပိုင်းသို့ တိုးပြီး လှည့်ပြောင်းအောင် လုပ်ရန် စွမ်းရည်မရှိကြောင်း အထက်ပါဗိုလ်ကြီးဟောင်း ရှင်းပြသည်။ ၎င်းတို့သည် ရှမ်းပြည်တောင်ပိုင်းကို မဆုံးရှုံးအောင် ကြိုးစားနေကြောင်း သူရှင်းပြသည်။
ဆင်ဖြူရှင်အမည်ရှိ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်သည် မည်သည်တို့ကို အောင်မြင်အောင်လုပ်မည်ကို အတိအကျ မသိကြောင်း TNLA ပြောခွင့်ရသူ လွေးယေဦးပြောသော်လည်း အခြေအနေတခု ဆက်လက်ရှိနေကြောင်း သူပြောသည်။ ထိုအခြေအနေမှာ စစ်ကောင်စီ ထိပ်ပိုင်းက ပြုလုပ်သည့် စီမံချက်များသည် မြေပြင်ပကတိအခြေအနေနှင့် အဆက်ပြတ်နေခြင်းဖြစ်သည်။
“သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေ ဘာပဲပြောပြော ဘာတွေပဲပြင်ဆင်နေနေ မြေပြင်ကအခြေအနေတွေနဲ့ ကွဲပြားခြားနားနေတာကို ကျမတို့ တွေ့နေရတယ်” ဟု သူရှင်းပြသည်။
စစ်တပ်သည် တပ်များကို ဆက်လက်ပို့ဆောင်နေသည်ကို TNLA သတိထားမိသော်လည်း ၎င်းတို့သည် တပ်ပြေးများဖြစ်လာမည့်သူများနှင့် မည်သို့စစ်တိုက်ရမည်ကို မသိသူများဖြစ်ကြောင်း သူဆက်လက်ပြောသည်။
ဆင်ဖြူရှင်စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီသည် ထိုင်းနယ်စပ်မှ မြဝတီကို ပြန်လည်သိမ်းယူရန် ဧပြီလတွင် အောင်ဇေယျ စစ်ဆင်ရေး ပြုလုပ်သော်လည်း ၎င်းတို့တပ်များသည် ကရင်တပ်များနှင့် တော်လှန်ရေး မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ဒေါနတောင်တန်းတွင် ပိတ်မိပြီး ပြန်လည်ဆုတ်ခွာရသည်။
တချိန်တည်းတွင် စစ်ကောင်စီက တပ်ကူများ ပို့နေသောကြောင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမှ သရက်ချိုနှင့် တောင်ခမ်းကျေးရွာများတွင် TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တွင် ဆက်လက်ဖြစ်ပွားနေသည်။
တောင်ခမ်းသည် ရှမ်းပြည်တောင်ပိုင်း နောင်ချိုနှင့် ရပ်စောက်မြို့နယ်များကြား လမ်းမှ ရွာကြီးတရွာဖြစ်သည်။
တောင်ခမ်းမှ တိုက်ပွဲသည် TNLA နှင့် မဟာမိတ်များ ရှမ်းပြည်တောင်ပိုင်းသို့ မဝင်ရောက်စေရန် စစ်ကောင်စီ၏ ခံစစ်ဗျူဟာဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ဇင်ယော်နှင့် ပဋိပက္ခလေ့လာသူတဦးပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Summons ‘Lord of the White Elephant’ for Salvation ကို ဘာသာပြန်သည်။)
You may also like these stories:
ဗန်းမော်ကို မြေပြင်စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားဟု KIA ပြော
မြတောင်တံတားထိပ် တိုက်ပွဲ ပြင်းထန်နေ
ပင်လောင်းမှာ လူ ၁သောင်းစုပြီး နေပြည်တော်ကို ကာကွယ်ဖို့ ပြင်နေသလား
အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း
စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်း ပြောင်းရွှေ့ခံရ