ဗီယက်နမ် နည်းပညာ ကုမ္ပဏီ FPT က ဂျပန် AI စီးပွားရေးလုပ်ငန်း ကဏ္ဍမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံခြင်းဖြင့် နယ်ပယ် ချဲ့ထွင်လိုက်ပါတယ်။
ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ရဲ့ အကြီးဆုံးကုမ္ပဏီတခု ဖြစ်တဲ့ Financing and Promoting Technology (FPT) ဟာ အမေရိကန် နည်းပညာ ကော်ပိုရေးရှင်းကြီး ဖြစ်တဲ့ Nvidia ရဲ့ Nvidia chips နည်းပညာကို အသုံးပြုကာ အခုလို နယ်ပယ် ချဲ့ထွင်လိုက်ခြင်း ဖြစ်ပြီး လာမယ့်နှစ် အစောပိုင်းမှာ စတင်မှာ ဖြစ်တယ်လို့ Nikkei Asia က ဆိုပါတယ်။
ဟိုချီမင်း အခြေစိုက် Dynam Capital ကုမ္ပဏီကြီးရဲ့ ဥက္ကဌ ဖြစ်သူ Craig Martin ကလည်း ဂျပန်နိုင်ငံရှိ AI ဒေတာ စင်တာတွေမှာ FPT က ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံလိုက်တာဟာ နိုင်ငံတကာ အဆင့်ထိ လျင်မြန်စွာ ထိုးဖောက် နိုင်စေခဲ့တယ်လို့ အရင်အပတ်က UK Investor Magazine Podcast အစီအစဉ်မှာ ပါဝင်ဆွေးနွေးစဉ် ပြောဆိုခဲ့ပါတယ်။
Nvidia လို နိုင်ငံစုံလူမျိုးစုံ ပါဝင်တဲ့ ကုမ္ပဏီကြီးတွေက ဗီယက်နမ်ကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် ဆွဲဆောင်လျက် ရှိပါတယ်။
Nvidia ဟာ FPT နဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းမှုအရ R&D (Research and Development Center) စင်တာ တခုကို ဗီယက်နမ်မှာ တည်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။
FPT က ဂျပန် AI နည်းပညာနယ်ပယ် အထိ သူတို့ရဲ့ Cloud operations နည်းပညာကို ချဲ့ထွင်ခဲ့ခြင်းဟာ ဗီယက်နမ် နည်းပညာ ကုမ္ပဏီ တခုရဲ့ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှုကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
FPT ဟာ ဂျပန်နိုင်ငံ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ နည်းပညာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွက် ဂျပန်မှာ Nvidia chips နည်းပညာ အသုံးပြုပြီး ဒေတာစင်တာတွေ တည်ဆောက်သွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
FPT ကုမ္ပဏီ အနေနဲ့ လက်ရှိ ဂျပန်လူမျိုး ဝန်ထမ်း အရေအတွက်ကိုလည်း ၃၅၀၀ ကနေ ၅၀၀၀ အထိ တိုးမြှင့်ခဲ့တယ်လို့ Nikkei Asia က ဖော်ပြပါတယ်။
လာမယ့်နှစ် ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလမှာ ဝန်ဆောင်မှုတွေ ပေးနိုင်ရေး Nvidia က Hardware ပစ္စည်းတွေကို ဝယ်ယူ တပ်ဆင်ဖို့ နဲ့ အခုနှစ်ကုန် ဒီဇင်ဘာမှာ ဒေတာစင်တာ စတင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း FPT Software နည်းပညာ ရုံးခွဲ CEO နဲ့ ဥက္ကဌ Pham Minh Tuan ကလည်း Nikkei Asia နဲ့ အင်တာဗျူး တခုမှာ ပြောကြားထားပါတယ်။
Ref : Nikkei Asia