စစ်ကောင်စီလက်ထက် ဒေါ်လာအကျပ်အတည်းကြောင့် စက်သုံးဆီ ပြတ်လပ်မှု မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့ရက် အဖြစ် အပျက်က စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် မြို့ကြီးများက ဆီဆိုင်များမှာတန်းစီ ညအိပ်စောင့်ဆိုင်းရသည်အထိ အဆိုးဆုံးဟု ဆိုရမည်။
ဇူလိုင် နောက်ဆုံးပတ်က စခဲ့သည့် စက်သုံးဆီ ပြတ်မှုကြောင့် ပိတ်ထားသည့် ဆီဆိုင်များ၊ ရှည်လျားစွာ တန်းစီနေသည့် ကားတန်းကြီးများ၊ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးများကို ရန်ကုန်မြို့၊ မန္တလေး၊ တောင်ကြီး စသည်မြို့ကြီးများအနှံ မြင်တွေ့နေခဲ့ရပြီး ကုန်စည်ဖြန့်ဖြူးရေးသာမက အသေးစား အလတ်စားကုန်ထုတ်လုပ်ငန်းများအပါအဝင် ရန်ကုန် မြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းများပါ ယာယီပိတ်ရသည့်အထိ သက်ရောက်မှုရှိခဲ့သည်။
ယခုလို စက်သုံးဆီ ပြတ်လပ်ခြင်း၊ ရှားပါးခြင်း၊ လိုသလောက် ဝယ်ယူ၍ မရခြင်းက ပထမဆုံးအကြိမ်မဟုတ်ပါ၊ စစ်အာဏာ သိမ်းပြီးနောက် ယခုတကြိမ်သည် ၄ ကြိမ်မြောက်ဖြစ်ကာ အဆိုးရွားဆုံးနှင့် ရက်အကြာဆုံးဟု ဆိုရမည်။
စက်သုံးဆီ မကြာခဏ ပြတ်ရခြင်းက စစ်ကောင်စီ၌ အမေရိကန်ဒေါ်လာမရှိ၍ ဆီကုန်သည်များ ရောင်းချ မပေးန်ိုင်၊ ကုန်သည်များအနေဖြင့် ဒေါ်လာကို ပြင်ပဈေးကွက်မှ လွတ်လပ်စွာ ဝယ်ယူပေးချေခွင့်မရှိ၍ဖြစ်သည်။
စက်သုံးဆီ လက်ကားရောင်းချသူကုမ္ပဏီတခုမှ တာဝန်ရှိက “ဒေါ်လာ မချပေးလို့ပါ၊ ဒေါ်လာကို အပြင်ပေါက်ဈေးနဲ့ လွတ် လွတ်လပ်လပ် ဝယ် စက်သုံးဆီကိုလည်း လွတ်လပ်တဲ့ဈေးနဲ့ ပြန်ရောင်းလို့ရမယ်ဆိုရင် ဆီက ရနိုင်တယ်။ အခု ဈေးတွေ ကတော့ တက်လာတယ်။ ဒေါ်လာဈေး နှုန်းပြောင်းလိုက်လို့။ အွန်လိုင်းကနေ ဗဟိုဘဏ်ရောင်းတဲ့ဈေးက ၁ ဒေါ်လာ ၃၄၄၀ ကျပ်ပေါ့။ သူတို့ (စကစ) တဝက် ထုတ်ပေးရင် ကိုက်တယ်။ အခု ဆီတွေတော့ ထုတ်ပေးနေပြီဆိုတော့ ပုံမှန်အတိုင်း ဖြစ်တော့ ဖြစ်နေပေမယ့် အလျှင် မမီသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စက်သုံးဆီမရသဖြင့် အုတ်အော်သောင်းနင်း ဆူညံသံများ ထွက်လာပြီးနောက် စစ်ကောင်စီက ဩဂုတ်လ ၁၅ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီး နောက်တရက် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ၉၂ ဓာတ်ဆီ တလီတာ ၂၉၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၄၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၆၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၃၁၁၅ ကျပ် သတ်မှတ်၍ စက်သုံးဆီ တလီတာလျှင် အနည်းဆုံး ၉၅ ကျပ်မှ ၁၇၀ ကျပ်အထိ ဈေးမြှင့်လိုက် သည်။
သို့သော် ထိုဈေးမှာ ၂ရက်ပင် မခံ၊ ဩဂုတ်လ ၁၈ ရက်မှာ တလီတာ အနည်းဆုံး ၆၀ မှ ၉၅ ကျပ်အထိ ထပ်မံ ဈေးတက်ခဲ့ ရာ ဓာတ်ဆီ ၉၂ က ၁ လီတာ ၂၉၉၀ ကျပ်၊ ၉၅ က ၁ လီတာ ၃၁၄၀ ကျပ်နှင့် ဒီဇယ် ၁ လီတာ ၂၆၂၀ ကျပ်၊ ပရီမီယံ ဒီဇယ်က ၁ လီတာ ၃၂၁၀ ကျပ်အထိ ဖြစ်လာသည်။
ထိုသို့ တွက်ချေကိုက်ရန် ဈေးမြှင့် ရောင်းသော်လည်း ဆီလိုအပ်ချက်မှာ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး၊ စစ်ကောင်စီက နိုင်ငံခြားငွေ ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာ ၉၉ သန်းကျော်အား တဒေါ်လာ ၃၄၁၀ ကျပ်ဝန်းကျင်နှင့် ရောင်းချပေး ခဲ့ရသည်
စက်သုံးဆီလုပ်ငန်းရှင်တဦးက “ ဒီပိုက်ဆံ အကုန်လုံးရောက်မရောက်တော့မသိသေးဘူး။ ဒါပေမယ့် ဆီပြတ်တာ၊ ရှား တာတော့ ဆက်ဖြစ်နိုင်တယ်။ သူတို့ အခု ချပေးတဲ့ ဒေါ်လာက တွဲ ဘယ်နှစ်စီးရမှာလဲ။ ကျန်တာတွေက တခါပြန်ကြာရင် ထပ်ဖြစ်မှာပဲ။ မလုံလောက်ဘူးလေ။ အသုံးအစွဲပေါ်ပဲ မူတည်မှာ။ ကုမ္ပဏီတခုပေါ် ဘယ်လောက်ဆိုပြီး ဒီပိုက်ဆံက သွားမှာ အရင်တုန်းက ၁ ဒေါ်လာကို ဆီ ၅ ဂါလံရတယ် ဆိုရင် အခု ၁ ဒေါ်လာကို ဆီ ၂ ဂါလံပဲရတော့မှာ”ဟု ရှင်းပြသည်။
ထို့ကြောင့် စစ်ကောင်စီလုပ်ရပ်မှာ ရေတိုဖြေရှင်းနည်းသာဖြစ်ရာ အချိန်မရွေး စက်သုံးဆီ ပြန်လည် ရှားပါးလာနိုင်သည့် အခြေအနေရှိကြောင်း၊ လက်ရှိဒေါ်လာချပေးမှုမှာလည်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်သာ ချပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အလွန်ဆုံးငြိမ်ရင် ဒီလကုန်လောက်အထိပဲ အကြာကြီးတော့မခံလောက်ဘူး။ အဓိက ဆီသင်္ဘောတွေက ရှိပါတယ်။ တကယ်တော့ ရပ်ကွက်ထဲက စကားပြောရရင်တော့ ဒီဟာကို လုပ်ငန်းရှင်က ဝယ်ပြီးသား ဟိုဘက်မှာလည်း စိုက်ပြီး ချေခဲ့ပြီးသား ဝယ်ခဲ့ပြီးသား။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်လာမပေးတော့ ဒေါ်လာပေးမှ ရောင်းမယ့် သဘောပေါ့ အဲဒီလို ဖြစ်တာ”ဟု ပြောသည်။
ဒေါ်လာငွေ ကျပ်တည်းနေသော စစ်ကောင်စီသည် အနည်းငယ် အသက်ဝင်နေသေးသည့် ကန်ပိုက်တီ နယ်စပ်ကုန် သွယ်ရေးလမ်းမှ တဆင့် တရုတ် ယွမ်ငွေနှင့် ပေးချေကာ မြစ်ကြီးနား၊ တနိုင်း၊ ပူတာအို စသည့် ဒေသများသို့ စက်သုံးဆီကို တင်သွင်းခွင့်ပေးထားကြောင်း သိရသည်။
မန္တလေးမြို့မှ လုပ်ငန်းရှင်တဦးက “တရုတ်ကနေ စပြီးတော့ ဆီစသွင်းပေးနေပြီ။ ကန်ပိုက်တီး နယ်စပ်ကနေ သွင်းပေး နေတာ ယွမ်နဲ့ချေပေါ့။ ရန်ကုန်ဘက်မှာလုပ်နေတဲ့ ဆီသမားတွေက ဟိုဘက်သွားပြီး တရုတ်ငွေလဲ ပြီးတော့ တင်သွင်း ကြတာပေါ့။ နယ်ခံသွင်းကုန်သမားတွေ တိုးလာတာပေါ့။ ဒီဈေးကိုလည်း စကစက ထိန်းချုပ်တယ်။ ဒါပေမယ့် ဈေးက မြောက်တယ်။ ဒီဘက်မှာ တလီတာ ၃၀၀၀ ကျပ်ဆို ဟိုမှာ ၄၅၀၀ကျပ်၊ ၅၀၀၀ ကျပ်လောက်ရှိတယ်။ ဒါပေမယ့် ဒေါ်လာထက်စာရင် တရုတ်ငွေက ရှာရတာ လွယ်တာပေါ့”ဟု ပြောသည်။
ဒေါ်လာများ ထုတ်ရောင်းပေးပြီးနောက် ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းမှ စတင်ပြီး ဆီတန်းစီသည့် ယာဉ်တန်းများ အနည်းငယ်လျော့လာသော်လည်း လိုသလောက် ဝယ်ယူ၍ မရဘဲ အကန့်အသတ်ဖြင့်သာ ဝယ်ယူ ရနေကြောင်း သိရသည်။
ရန်ကုန်မြို့ခံ ခရီးသည်တင်ယာဉ်မောင်း တဦးက “ဆီဆိုင်တွေက အရမ်းတော့ မကျပ်တော့ဘူး။ ၁၉ ရက်နေ့အထိတော့ တန်းစီနေရတယ်။ ညအိပ်ကားတော့ မရှိတော့ဘူး။ ဒီတခေါက် ဆီပြတ်တာ အဆိုးဆုံးလို့ ပြောလို့ရတယ်။ အခုတန်းစီတာ နည်းသွားပေမယ့် တချို့ ဆိုင်တွေကတော့ အကန့်အသတ်နဲ့ပဲဝယ်လို့ ရသေးတယ်။ New Day ကတော့ အပြည့်ရောင်း ပေးတယ်။ Max တို့ ဘာတို့ ၅ သောင်းဖိုး ရောင်းပေးတယ်၊ မြတ်မေတ္တာမွန်က ၈ သောင်းဖိုး ရောင်းပေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပတ်အတွင်း ဆီဈေးနှုန်း နှစ်ကြိမ် တက်ပြီးနောက်ပိုင်း အချိန်ကြာမြင့်စွာ တန်းစီရမှုသည် ရန်ကုန်မြို့ တွင် လျော့ပါး သွားသော်လည်း ကျန်တိုင်းနှင့် ပြည်နယ်များတွင် ဆီပြတ်လပ်ခြင်း၊ ရှားပါးခြင်း၊ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်းများ ဆက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အထက်ပါ ယာဉ်မောင်းက “ဆီကတော့ ရလည်း ခဏပေါ့။ နောက်ပိုင်းတော့ ပြန်ကျပ်ဖို့ များပါတယ်။ ရန်ကုန်မှာ တောင် တန်းတော့ စီနေရတုန်းပဲ။ အမတယောက်ဆိုရင် ပဲခူးမှာ စက်သုံးဆီဝယ်လို့ မရသေးဘူးလို့ ပြောတယ်။ သူတို့ဘက်မှာ အပြင်ဈေး ၁ လီတာ ၈၀၀၀၊ ၁၀၀၀၀ ကျပ်ပေးရတယ်။ ရန်ကုန်မှာတော့ အခု အပြင်ပေါက်ဈေးက ၁ လီတာ ၆၀၀၀ ကျော်ရှိတယ်။ စက်သုံးဆီက ရလည်းခဏပေါ့။ အခုရက်ပိုင်းတော့ချောင်လို့ ဆိုပြီး လန့်ပြီး ထပ်ဖြစ်မှာဆိုးလို့ စက်သုံးဆီဝယ်စုတဲ့သူတွေ များတယ်”ဟု ပြောသည်။
ယင်းသို့ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာသောကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များလည်း လိုက်ပါ မြင့်လာ ကြောင်း ယာဉ်မောင်းများက ပြောသည်။
ရန်ကုန်-ပြည် ပြေးဆွဲနေသည့် ယာဉ်ငယ်ပိုင်ရှင်တဦး “ဈေးက နှစ်ခါပြန်တက်တော့ ဈေးတော့ တက်သွား တာပေါ့။ ဈေးတက်ပေမယ့် အရင်လိုတော့ ကားဆွဲမကောင်းဘူး။ အခု ရန်ကုန်- ပြည် စတက်တာနဲ့ ၃၀၀၀ ကျပ်၊ တကီလို ၈၀၀ ကျပ်ပေါ့၊ အရင်ကတော့ စတက် ၂၀၀၀ ကျပ်၊ တကီလို ၇၅၀ ကျပ်၊ အရင်ကဆို အော်ဒါတက်တယ်။ အခု မွန်းလွဲ အထိ တကြောင်းတောင် မရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယာဉ်လိုင်းပြေးဆွဲခြင်းကို ဆော့ဝဲလ်နှင့် သတ်မှတ်ထားပြီး ခရီးသည် စတင် ကားပေါ်တက်သည်နှင့် ယင်းဆော့ဝဲလ်က ၃၀၀၀ ကျပ် သတ်မှတ်ပြီး တကီလိုအပေါ် ၈၀၀ ကျပ်ပေါင်းထည့်၍ ကီလိုမီတာဖြင့် ပြေးဆွဲသည့်နှုန်းထား ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းသို့ စက်သုံးဆီ မကြာခဏ ပြတ်လပ်ခြင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်တဦးက စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေ ရှားပါးလာခြင်းမှာ တိုင်းပြည်စီးပွားရေးအပေါ်တွင် စီမံခန့်ခွဲနိုင်မှုအားနည်းခြင်း၊ စီးပွားရေးကို ကျွမ်းကျင်သည့် ပညာရှင် လုပ်ဆောင်နိုင်သူများ မရှိ၍ဖြစ်ကြောင်း၊ အချုပ်အားဖြင့်ဆိုလျှင် တိုင်းပြည်တခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်မှု မရှိခြင်းက စစ်တပ်အာဏသိမ်းလိုက်သည့် လုပ်ရပ်ကြောင့်သာဖြစ်ကြောင်း ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။
၎င်းက “ဒေါ်လာ သန်း ၁၀၀ ရောင်းပေးမယ် ပြောတယ်။ အဲဒီနောက်ပိုင်းမှာ သုံးရက်အတွင်း ဆီဈေးနှစ်ခါတက်တယ်။ ပြီးတော့ ဆီဆိုင်အားလုံးနီးပါးလောက် ဆီ ချရောင်းတယ် ဆိုတော့ လောလောဆယ်တော့ ပြေလည်လာတယ်လို့ ပြောရမှာပေါ့။ စက်သုံးဆီကိစ္စက ဒါပထမအကြိမ်မဟုတ်ဘူး ဖြစ်တာက အနည်းဆုံး ၄ ၊ ၅ ကြိမ်ထက်မနည်း ဖြစ်သွားပြီ။ တကြိမ်ထက် တကြိမ် ပိုပိုပြီးတော့ ဆိုးလာတယ်”ဟု ပြောသည်။
ယင်းကဲ့သို့ စက်သုံးဆီအခက်အခဲဖြစ်ပေါ်ရခြင်းမှာ ဒေါ်လာငွေဈေး တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ကျသွားသည့် အပေါ် မူတည်နေပြီး စက်သုံးဆီ လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီထံမှ ဒေါ်လာလုံလောက်စွာမရသည့်အခါ ဆီဖိုးငွေချေ ရန်အတွက် ပြင်ပမှဝယ်ယူ၍ လုပ်ဆောင်ရသောကြောင့် အရှုံးပေါ်လာသဖြင့် တချို့ လုပ်ငန်းရှင်များကလည်း ရှိသည့်ဆီကို ထုတ်မရောင်းခြင်း၊ တချို့ကလည်း ဆီပမာဏကို လျှော့ချရောင်းခြင်းများ ဖြစ်လာကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “မှောင်ခိုဈေးကွက်က ပိုပြီးတော့ကြီးလာတယ်။ ဒါတင်မကဘူး သက်ဆိုင်ရာ စက်သုံးဆီ လုပ်ငန်းရှင် တွေကလည်း အပြင်ကို ထုတ်ရောင်းတာတွေ ရှိတယ်။ ဒါကတော့ လက်ကားဈေးကွက်ပေါ့။ အဲဒီလိုဖြစ် လာတယ်ဆိုတော့ တခွန်းထဲပြောရင် အခြေအနေတွေက ပိုပြီးတော့ ဆိုးလာမယ့်ဘက်ကိုပဲ သွားနေတယ်”ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် စက်သုံးဆီ ပြတ်ပါက ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာမှု အခက်အခဲများအပြင် စီးပွားရေး လည်ပတ် မှုများ ပို၍ လျော့ကျသွားပြီး အုပ်ချုပ်မှု ယန္တရား ခက်ခဲသွားမည်ကို သိသောကြောင့် ယင်းပြဿနာကို ချက်ချင်း လိုလို ကိုင်တွယ်ဖြေရှင်းနေသော်လည်း လက်ရှိ ဖြေရှင်းနေသည့် နည်းလမ်းနှင့် လုပ်ပုံကိုင်ပုံများမှာ ရေရှည် ပြေလည် စရာ လမ်းမမြင်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် ရန်ကုန်လို နေရာမျိုးတွင် ပုံမှန်ဖြစ်နေကြောင်း အခြေအနေကို ပြသလိုသော်လည်း လက်ရှိတွင် ရန်ကုန်မြို့သို့ စစ်ဘေးရှောင်အများအပြား ဝင်ရောက်လာသောကြောင့် စက်သုံးဆီအပါအဝင် ကုန်စည် သုံးစွဲနိုင်မှုနှင့် ဝယ်လိုအားမှာ ယခင်ထက်ပိုမိုလာသည့်အခြေအနေလည်းရှိကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့် စက်သုံးဆီ ပြန်လည်ရှားပါးမည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များက သုံးသပ်ထားသလို ပြည်သူများကလည်း စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
You may also like these stories:
စက်သုံးဆီပြတ်လပ်မှု လုပ်ငန်းရှင်များနှင့် စစ်ကောင်စီ ညှိနှိုင်း
ပြည်တွင်း၌ စက်သုံးဆီပြတ်နေ ပြန်
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ
ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း