မြန်မာစစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အနောက်ဘက်ဆုံးပြည်နယ်မှ မောင်းထုတ်ခံရတော့မည်ဟု အစီရင်ခံစာတစောင်တွင် ဖေါ်ပြသောကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း ပြည်တွင်းစစ်တဖန် ပြန်ဖြစ်လာပြီးနောက်ပိုင်း အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုဖြစ်သည်။
အာရက္ခတပ်တော် AA သည် လွန်ခဲ့သောနှစ် နိုဝင်ဘာလမှစတင်ပြီး ရခိုင်ပြည်နယ်တဝန်းတွင် အလျင်အမြန် ချီတက်လာပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ထိန်းချုပ်သည့် တခုတည်းသော အကြီးမားဆုံးဒေသ ဖြစ်လာတော့မည်ဟု နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ ICG က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
တရုတ်နယ်စပ်တွင် ဖွဲ့စည်းခဲ့သော ထိုလက်နက်ကိုင်အဖွဲ့အစည်းသည် လွန်ခဲ့သောနှစ်အတွင်း စစ်ကောင်စီ၏ အဆုံးအဖြတ် အကျဆုံးသော စစ်မြေပြင်ရှုံးနိမ့်မှုကို ဖြစ်စေခဲ့သည်။ ၎င်းတို့၏အောင်ပွဲများသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကို ဖြုတ်ချမည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော တိုက်ခိုက်ရေးသမားများကို အားတက်စေသည်။
“အာရက္ခတပ်တော်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လူဦးရေတသန်းကျော်ရှိသည့် နိုင်ငံတော်သစ်ကို တည်ဆောက်နေသည်” ဟု နိုင်ငံတကာအကျပ်အတည်းလေ့လာရေးအဖွဲ့က ထိုအစီရင်ခံစာတွင် ဖေါ်ပြသည်။ “မြန်မာစစ်တပ်သည် သိမ်းကြုံးတိုက်ခိုက်မှုများနှင့် ကြီးမားသော စီးပွားရေး အကျပ်အတည်း ဖြစ်စေသည့် ပိတ်ဆို့မှုများဖြင့် တန်ပြန်သော်လည်း ထိုလက်နက်ကိုင်အဖွဲ့အစည်းသည် ဆက်လက် တွန်းအားပေးနေသည်” ဟုလည်း ဖေါ်ပြထားသည်။
အခြားသတင်းများတွင်လည်း စစ်တပ်သည် နိုင်ငံမှ မြို့နယ်များကို ဆုံးရှုံးနေပြီး လုံခြုံရေး အခြေအနေဆိုးရွားနေသောကြောင့် လွန်ခဲ့သောလတွင် အရေးပေါ်အခြေအနေ သက်တမ်းတိုးသည်။ ထို ပြဿနာများကို ပိုမိုဆိုးရွားစေသည်မှာ နိုင်ငံလူဦးရေ၏ ၇၆ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ရှင်သန်ရေးအခက်အခဲနှင့် အလွန်အန္တရာယ် များလောက်အောင်နီးကပ်နေသည့် စီးပွားရေးအခြေအနေဖြစ်သည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ဧပြီလတွင် ပြောသည်။
အာရက္ခတပ်တော်သည် ရခိုင်ကမ်းရိုးတန်းတွင် အဓိကကျသည့် အောင်ပွဲများ ရရှိပြီး ပြည်နယ်မြို့တော် စစ်တွေကို တိုက်ခိုက်တော့မည်ဖြစ်သည်။ အဓိက ပစ်မှတ်တခုမှာ အရေးပါသည့် တရုတ် အခြေခံအဆောက်အအုံများရှိရာ ကျွန်းမြို့နယ် ကျောက်ဖြူဖြစ်သည်။
ရခိုင်သည် မြန်မာမှ ထိခိုက်လွယ် ရိုဟင်ဂျာများ နေထိုင်ရာ နေရာလည်း ဖြစ်သည်။ ယခုလသည် လူ ၇ သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် ထွက်ပြေးစေသည့် စစ်ဆင်ရေးများ စတင်သည့် ၇ နှစ်မြောက်လ ဖြစ်သည်။ ထိုစစ်ဆင်ရေးများသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ဆင်ရေးများဖြစ်သည်ဟု ကုလသမဂ္ဂ ပြောသည်။
ထိုမွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ရာပေါင်းများစွာသော အရပ်သားများ တိုက်ပွဲကြောင့် ထွက်ပြေးရာမှ သေဆုံးရသည့် ရခိုင်ပြည်နယ်အခြေအနေ အလျင်အမြန်ဆိုးရွားနေခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လဂါ တာ့ခ်က လွန်ခဲ့သောအပတ် အလေးအနက် သတိပေးသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မှတ်တမ်းတင်ထားသည့် သတင်းများအရ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် နှစ်ဘက်လုံးသည် တရားမဲ့သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် အတင်းအကျပ်စစ်သားစုဆောင်းခြင်း အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်နေသည်ဟု ဆိုသည်။
AA ကမူ စွပ်စွဲချက်များကို ပယ်ချပြီး ဒေသခံ မွတ်ဆလင်များအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးနေပြီး ၎င်းတို့ ထူထောင်ထားသော ရပ်ရွာအုပ်ချုပ်ရေးစနစ်၌လည်း နေရာပေး ထည့်သွင်းကြောင်း တုန့်ပြန်သည်။ လေ့လာစောင့်ကြည့်သူအချို့က စစ်တပ်အနေဖြင့် ယခင်က အကြမ်းဖက်သမားများဟု စာရင်းသွင်းထားသော မွတ်ဆလင်လက်နက်ကိုင်အုပ်စုများနှင့် ပြန်ပူးပေါင်းပြီး AA ကို ဆန့်ကျင်တိုက်ခိုက်နေကြကြောင်း ဆိုသည်။
စစ်ကောင်စီမရှိတော့သောအခါ ရခိုင်မှ စီးပွားရေး ရင်းမြစ်များကို AA က ဦးဆောင်နိုင်မည် မနိုင်မည်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည်ဟု ICG မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဝါရင့်အတိုင်ပင်ခံ သောမတ်ကိန်း ပြောသည်။ ရခိုင်ပြည်နယ်တွင် မြင်သာသည့် အခြေခံအဆောက်အအုံ မရှိသော်လည်း တရုတ်သည် ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်းတခု၊ အထူးစီးပွားရေးဇုန်တခုနှင့် မြန်နှုန်းမြင့်ရထားလမ်းတခု တည်ဆောက်ရန် စီစဉ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
“မြန်မာနိုင်ငံအနောက်ပိုင်းမှာ အာရက္ခတပ်တော် အောင်မြင်လာတာဟာ တရုတ်အတွက် စိန်ခေါ်မှုဖြစ်တာ သေချာတယ်။ အထူးသဖြင့် ဘေ့ဂျင်းရဲ့ စီးပွားရေးနဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားတွေ အဲဒီမှာရှိနေလို့ဖြစ်တယ်” ဟု သူပြောသည်။ “တရုတ်က သူ့ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်တာ ပျက်စီးတာ မရှိအောင် လုပ်ချင်တယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Bangkok Post သတင်း Myanmar junta to lose restive state to armed group
You may also like these stories:
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ