ရှမ်းမြောက်ဒေသရှိ ၀ နှင့် ကိုးကန့်တို့၏ နယ်စပ်ဂိတ်တချို့ တရုတ်က ပိတ်လိုက်ပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ နယ်စပ်မြို့ ထိန်ချုံး၌ မနက်ဖြန် တွေ့ဆုံမည်ဟု သိရသည်။
ဧရာဝတီ သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်က “၀” နှင့် ကိုးကန့်ကို နယ်စပ်ဂိတ်များ ပိတ်ရုံသာမက “၀” အာဏာပိုင် တို့အား ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံ လက်နက်များ စီးဆင်းနေမှုနှင့် ပတ်သက်၍ သတိပေးထားပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များကိုလည်း တဖွဲ့ချင်းအလိုက် ခေါ်ယူဆွေးနွေးမည်ဟု သိရသည်။
သြဂုတ် ၁၄ရက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ရာ နယ်စပ်ဂိတ် တချို့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (USA) ထိန်းချုပ်ဒေသ၊ နမ့်တစ်- မန်ခါနယ်စပ်ဂိတ် ပိတ်လိုက်ကာ အခြားသောဂိတ်များတွင်လည်း ကုန်စည် ဝင်ထွက် မှုများအား ပြီးခဲ့သည့် ရက်က တင်းကျပ်လိုက်ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သလို လက်ရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းတို့၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး တရုတ်နယ်စပ် လွယ်ဂျယ်နှင့် မြစ်ကြီးနား- ကန်ပိုက်တီလမ်းကြောင်း ပေါ်ရှိ ဆဒုံးမြို့တို့ကို သိမ်းထားကာ ဒေသတွင်း အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအား ထိန်းချုပ်ထားသည်။
ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံမည့် အခြေအနေနှင့် ပတ်သက်၍ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူအား ဧရာဝတီမှ မေးမြန်းရာ “အဲဒါကတော့ မသိဘူးခင်ဗျ။ ကျနော်တို့သတင်းဌာန အနေနဲ့ သိခွင့် မပေးတာ နေမှာပါ” ဟုသာ ဖြေကြားသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပြင်းထန်လာသည့် ထိုးစစ်များကြောင့် ပြည်တွင်းရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ တကောင်း နီကယ်စက်ရုံ၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် တရုတ်- မြန်မာစီးပွားရေး စင်္ကြန် စီမံကိန်းများ အပါ အဝင် တရုတ်စီမံကိန်းများ၏လုံခြုံရေးမှာ စစ်ကောင်စီလက်အောက်တွင် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသည်။
တရုတ်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် KIA အပါအဝင် ညီနောင် မဟာမိတ်သုံးဖွဲ့ တို့နှင့် ထိတွေ့ ဆက်ဆံမှုများရှိသကဲ့သို့ တဖက်တွင်လည်း နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ ကုန်စည်ဝင်ထွက်မှုများ တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ခြင်းဖြင့် ဖိအားပေးနေသည်။
မြန်မာ- တရုတ်အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက “အပစ်ရပ်မှု မလုပ်ရင် တရုတ်က ပိတ်မယ်လို့ ပြောထားပြီး သားလို့ ပြောတယ်။ တရုတ်ကတော့ ဆက်ပြီးတော့ ဘက်စုံက ဆွေးနွေးနေမှာပဲ။ နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်နေမှာပဲ။ မြောက်ပိုင်းအဖွဲ့တွေပဲဖြစ်ဖြစ်၊ စစ်ကောင်စီပဲဖြစ်ဖြစ် စေ့စပ်ဆွေးနွေးတဲ့ လမ်းပေါ် ရောက်လာအောင် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးတဲ့ သဘောပါပဲ။ မြောက်ပိုင်းသုံးဖွဲ့ကတော့ အစကတည်းက ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားဖြစ်မှာ ပါ။ သူတို့မှာ Plan B၊ Plan C တွေ ရှိမှာပါ” ဟု သုံးသပ်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် မူဆယ်၊ ချင်း ရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ လွယ်ဂျယ်၊ ကန်ပိုက်တီစသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ကာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိသည့် တရားဝင်ကုန်သွယ်မှုများ ရပ်တန့်နေခဲ့သည်။
KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “လွယ်ဂျယ်ဘက်ကလည်း ပြည်သူတွေ အချင်းချင်း အဝင်အထွက် ရှိတယ်၊ ဒေသခံအချင်းချင်း ဖလှယ်တာလောက်ပဲ ရှိပါတယ်။ ကန်ပိုက်တီဘက်ကတော့ ကျနော်တို့လည်း ဂိတ်တွေထိုင်ထားတာ မရှိဘူး၊ လမ်းလည်း ဖွင့်ထားပါတယ်။ ကုန်စည်စီးဆင်းမှုကတော့ ဘယ်လောက်အထိရှိတယ် ဆိုတာတော့ သေချာမသိဘူး၊ ကြားရသလောက်ကတော့ ကားကြီးတွေ ကုန်စည် စီးဆင်းမှုကတော့ သိပ်ပြီး မရှိဘူးလို့ ကြားရပါတယ်” ဟု ပြောသည်။
တရုတ်အနေဖြင့် နယ်စပ်ဂိတ်များပိတ်ကာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသများသို့ ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီများ တင်သွင်းခွင့် မပေးဘဲ ဖိအားပေးနေသကဲ့သို့ တဖက်ကလည်း ထိတွေ့ဆက်ဆံခြင်းဖြင့် တိုက်ပွဲများ ရပ်တန့်ကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုနေသော်လည်း အာဏာသိမ်း စစ်တပ်ကိုယ်တိုင် လိုက်နာလုပ်ဆောင်ရန် ခက်ခဲသည့်အခြေအနေရှိကြောင်းလည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “စစ်တပ်ပြိုနေတာကို သူတို့လည်း သိတဲ့အခါကျတော့ တရုတ်ပေါ်လစီက နှစ်ဖက်စလုံးကို ဖိအားပေးပြီးတော့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ လုပ်ချင်တဲ့ပုံပါပဲ။ ဒါပေမယ့် ခက်တာက စစ်တပ်က ဒီလောက် ရှမ်းမြောက်တခုလုံး စွန့်လွှတ်ထားရတဲ့ ဟာကို အသိအမှတ်ပြုဖို့ ခက်တယ်။ အဲဒါက တရုတ်ထင်သလိုဖြစ်ဖို့ ခဲယဉ်းတဲ့ အချက်ပဲ။ လားရှိုး၊ နောင်ချို၊ ကျောက်မဲတို့ ကို ကိုးကန့်နဲ့ ပလောင်ထိန်းချုပ်မှုအောက် ပေးဖို့ကလည်း စစ်တပ်အတွက် ခက်တယ်။ သူကလည်း ရလိုရငြား ပြန်တိုက်ဖို့ ကြိုးစားဦးမှာပဲ” ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီမှု ရခဲ့ကာ MNDAA နှင့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် မြို့များအား စစ်တပ် အသိအမှတ်ပြုခဲ့ရပြီး အပြန်အလှန် ထိုးစစ်ရှေ့ဆက် မတိုးရေး သဘောတူညီခဲ့ကြရသည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် ဇွန်လတွင် ပြန်လည်စတင်ခဲ့ပြီး စစ်တပ်အနေဖြင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (လားရှိုး)၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း စသည့် မြို့များ ထပ်မံ လက်လွှတ်ခဲ့ရပြီး ယခုအခါ ရှမ်းပြည်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် တောင်းခမ်းမြို့နယ်ခွဲရှိ အမြောက်တပ်များကို ဆက်လက် စစ်ဆင်တိုက်ခိုက်နေသည်။
တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာ၌ တရုတ် အနေဖြင့် မြန်မာနိုင်ငံက မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းလည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ ဘေးကင်းလုံခြုံသည့်ပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ယခုအခါ နယ်စပ်တည်ငြိမ်ရေးအတွက်ဆိုကာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)က မြေပြင်- ဝေဟင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်နေသလို ကင်းလှည့်မှုများပြုလုပ်ကာ လုံခြုံရေးတင်းကျပ်ထားသည်။
You may also like these stories:
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း
ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ