စစ်ကိုင်းတိုင်းရှိ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး မြို့များတွင် တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီက လေကြောင်းပစ်ကူ ဆက်တိုက်ပေးနေရကြောင်း သိရသည်။
အဆိုပါ မြို့နယ်များသည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အမှတ် ၁ စစ်ဒေသတွင် ပါဝင်သဖြင့် သြဂုတ် ဒုတိယပတ် မှစ၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အဓိကဝင်ပေါက် စစ်ရေးအရ အရေးပါသော မန္တလေး-ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်မြို့ကို KIA ၊ ABSDFနှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း၍ ဩဂုတ် ၁၆ ရက်က တိုက်ခိုက်ရာ လက်ရှိတွင် မြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို သိမ်းထားပြီး စစ်ကောင်စီတပ်များမှာ မြို့အဝင် ဗျူဟာကုန်းနှင့် ဒုတိယကမ္ဘာစစ်လက်ကျန် မြေအောက် ဂျပန်ဆေးရုံ (ဒေသအခေါ် ဂျပန်လိုဏ်ဂူ)သို့ ဆုတ်ခွာသွားကြောင်း သိရသည်။
အင်းတော်မြို့၌ တပ်မ ၇၇ မှ တပ်များနှင့် ရှမ်းနီ အမျိုးသားများ တပ်မတော်(SNA) တပ်တို့က အဆိုပါ ဗျူဟာကုန်းနှင့် ဂျပန်လိုဏ်ဂူတို့မှ ခုခံနေခြင်းဖြစ်သည်။
အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတဦးက “အင်းတော်မြို့ပေါ်မှာ ဒေသခံတွေကတော့ မရှိတော့ ဘူး၊ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ၊ တိုက်ပွဲစကတည်းက စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲပြီး လေထီးနဲ့ အထုပ် တွေ ချပေးတာမျိုးရှိတယ်၊ သိမ်းရတဲ့ စခန်းတွေကနေ အရှင်ဖမ်းမိတာတွေနဲ့ လက်နက်ခဲယမ်းတွေ ရထားတာလည်းရှိ တယ် အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ပြောသည်။
ဩဂုတ် ၂၄ ရက် နံနက်က ခံတုတ်များဖြင့် အခိုင်အမာလုပ်ထားသည့် မြို့မရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းရာ အချုပ်သား ၁၆ ဦး ကယ်ထုတ်နိုင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးကြောင်း တော်လှန်ရေး အင်အားစု များက ဆိုသည်။
အင်းတော်တိုက်ပွဲ၌ စစ်ကောင်စီဘက်သာမက ပူးပေါင်းတပ်များ၌ပါ ထိခိုက်သေဆုံးမှုများရှိကြောင်း စစ်ကောင်စီ၏ နေ့စဉ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်နေခြင်းကြောင့် ၁၃ နှစ် ကလေးတဦးအပါဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း၊ မြို့ပေါ်နေအိမ်များလည်း ထိခိုက် ပျက်စီးမှုများရှိကြောင်း သိရသည်။
ထို့ပြင် ရွှေဘို–မြစ်ကြီးနားကားလမ်းရှိ အင်းတော်မြို့နှင့် ၂ မိုင်ခွဲအကွာ နဘားရွာနှင့် နဘားလမ်းဆုံမှ စစ်ကောင်စီ စခန်းကို ဩဂုတ် ၁၆ ရက်က သိမ်းနိုင်ခဲ့သလို နေက်တရက် နဘားဘုန်းကြီးကျောင်းမှ စခန်းကို သိမ်းနိုင်ခဲ့ကြောင်း သိရ သည်။
အင်းတော်မြိုနှင့် မိုင် ၃၀ ကျော် ဝေးသော ထီးချိုင့်မြို့နယ် မြတောင်ရွာမှ စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့က သိမ်းထားပြီး မြတောင်နှင့် ထီးချိုင့်မြို့ကို ဆက်ထားသည့် ဧရာဝတီမြစ်ကူးတံတားထိပ်မှ စစ်ဆေးရေးဂိတ်နှင့် ထီးချိုင့်မြို့တွင်း တပ်စွဲထားသည့် စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစု များထံမှ သိရသည်။
ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတဦးက “လက်ရှိ ထီးချိုင့်တံတားထိပ်တွေက ဂိတ်တွေကို တိုက် နေတယ်၊ ပြီးတော့ ထီးချိုင့်ထဲမှာ မြသိန်းတန်တောင်ပေါ် ကျောက်စေတီကုန်းနဲ့ ကာကင်းစခန်း ၄ ခု လောက်ပဲ ကျန်တော့ တာ၊ တောင်ကုန်းတွေပေါ်ကနေ ဘန်ကာတွေ၊ လိုဏ်တွေတူးပြီးတော့ကို နေရာယူပြင်ဆင်ထားတာမျိုး တွေ့ရတယ်၊ အခုထိတော့ ထီးချိုင့်မြို့ကိုလည်း ဆက်ပြီး ပိတ်ဆို့ထားနိုင်ဆဲပါပဲ” ဟု ပြောသည်။
ယခုအခါ ထီးချိုင့်မြို့နယ်အရှေ့ခြမ်းတခုလုံး တော်လှန်ရေးတပ်များ သိမ်းထားနိုင်ပြီဖြစ်၍ ဧရာဝတီမြစ်အရှေ့ခြမ်းသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထီးချိုင့်မြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၁၁၉ ရွာရှိကာ လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတို့ရှိပြီး အင်းတော်၊ ဝန်းသို၊ ကောလင်း၊ ကသာမြို့နယ်များနှင့် အတူ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်များနှင့် နယ်နမိတ် ထိစပ်နေသည်။
အလားတူ ကောလင်းခရိုင်ရှိ ပင်လည်ဘူးမြို့နယ်တွင်လည်း ဩဂုတ် ၁၅ ရက် နံနက်မှ စ၍ တိုက်ပွဲများ ဖြစ်နေရာ မြို့တွင်း ကျောက်တိုင်ကုန်း၊ ဆေးရုံစသည့် နေရာတော်တော် များများအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် ထားနိုင်ပြီး မြို့မရဲစခန်းတခုသာ ကျန်ရှိကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ ပူးပေါင်းအင်အား ၂၀၀ ကျော်ဖြင့် ခုခံနေသလို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ပေးပြီး လေကြောင်းပစ်ကူ များဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။
ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ တာဝန်ရှိသူတဦးက “ပင်လည်ဘူးမှာ မနေ့က သိရတာတော့ မြို့ထဲ က ရဲစခန်းတခုပဲ ကျန်တော့တယ်လို့ ဆိုတယ်၊ မြို့ထဲဝင်နိုင်ပြီးတော့ မြို့ကို အကုန်ပိတ်ဆို့ထားတယ်၊ မြေပြင်စစ်ကူတွေ မလာနိုင်အောင်လည်း ဖြတ်တောက်နေ ကြတာတွေလည်း ရှိတယ်၊ မြို့ကို ထိန်းချုပ်နိုင်ပြီလို့တော့ ပြောလို့ မရသေးပါဘူး၊ တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေတုန်း ပဲ”ဟု ပြောသည်။
ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် SNA ပူးပေါင်းအဖွဲ့များကို တော်လှန်ရေးအင်အားစုများက လက်နက်ချရန် ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ကုန်းကြီးရွာနှင့် ကျောက်မီးသွေးတွင်းရွာကြားသို့ စစ်ကူချပေး ကာ မြို့တွင်းရဲစခန်းသို့ အင်အားထပ်မံဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဟု သိရသည်။
ပင်လည်ဘူးသည် မူးမြစ်ကမ်းဘေးမြို့ငယ်လေးဖြစ်ပြီး ၄၁ မိုင်အရှည်ရှိ ကားလမ်းဖြင့် ဝန်းသိုမြို့နှင့်သာ ချိတ်ဆက်ထား နိုင်ပြီး အခြား လမ်းပန်းဆက်သွယ်ရေး မရှိပေ။
ပင်လည်ဘူးမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော် လူဦးရေ ၇၅၀၀ ခန့်နေထိုင်သော မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၂၆၆ ရွာရှိကာ အရှေ့၊ အရှေ့မြောက်ဘက်တွင် ဝန်းသိုမြို့နယ်၊ တောင်ဘက်တွင် ကောလင်း၊ ကျွန်းလှမြို့နယ်၊ အနောက်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ဗန်းမောက်မြို့နယ်များနှင့် နယ်နမိတ် ထိစပ်နေသည်။
ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးမြို့များတွင် တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပေါ်တွင် ကားအစီးရေ ရာချီ ပိတ်မိနေပြီး ဩဂုတ် ၁၆ ရက်မှ စတင်ကာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ထား သည်ဟု တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။
စစ်ရေးလေ့လာ သုံးသပ်သူတဦးကမူ “ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးတို့က စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက် စစ်ရေး အရ အရေးပါတဲ့နေရာတွေဖြစ်တာကြောင့် စစ်ရေးပစ်မှတ်တခုအနေနဲ့ တိုက်နေကြတာလို့ ပြောလို့ရတယ်၊ စစ်ကောင်စီ ကတော့ အဲဒီနယ်မြေတွေ မဆုံးရှုံးရဖို့အတွက် အသည်းအသန် ခုခံကာကွယ်မှာပဲ၊ ဒါကြောင့်လည်း လေကြောင်းတိုက်ခိုက်မှုတွေ အဆမတန် သုံးနေတာပဲ”ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
You may also like these stories:
မြတောင်တံတားထိပ် တိုက်ပွဲ ပြင်းထန်နေ
တကောင်းကို သိမ်းခြင်းက ဧရာဝတီမြစ်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာ
အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း