ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်ကြားရှိ ခြေမြန်တပ်ရင်း ခမရ ၄၃၇ အသိမ်းခံရပြီးနောက်ပိုင်း ဩဂုတ် ၂၄ ရက်မှစ၍ ဗန်းမော်အခြေစိုက် တပ်များ မိုးမောက်ဘက် စစ်ဆင်လာသည့်အတွက် တိုက်ပွဲများဖြစ်နေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၎င်းက “ဩဂုတ် ၂၄ ရက်လောက်ကစပြီး ဗန်းမော်ဘက်ကို ထိုးစစ်ဝင်လာလို့ ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင် ဝန်းကျင် မှာ တိုက်ပွဲတွေ ခဏခဏဖြစ်တာ ရှိပါတယ်။ မံစီဘက်မှာလည်း ကောင်ဂျာယန်အထိ သူတို့တက်လာလို့ တိုက်ပွဲဖြစ်တာ တွေ ရှိပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိကအရေးပါသည့် ခမရ ၄၃၇ တပ်ရင်းဌာနချုပ်အား KIA နှင့်ပူးပေါင်းတပ်များက တလနီး ပါးကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ် ၁၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများသည်လည်း ဗန်း မော်မြို့နှင့် ၆ မိုင်ခန့်အကွာအထိ ရောက်ရှိလာခဲ့သည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်လမ်းကြောင်းအား ထိန်းထားသည့်အပြင် ဗန်းမော် မြို့တောင်ဘက် မံစီမြို့လမ်းကြောင်းပေါ်ရှိ မံရွတ်နှင့် ကောင့်ဂျာယန်ရွာတို့ရှိ ကာကင်းစခန်းများကို သိမ်းပိုက်ထားသည့် အတွက် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသောအခြေအနေအောက်တွင် စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဗန်းမော်အနောက်ဘက် စင်းခန်းတံတားကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည့်အတွက် စစ်တပ်အနေဖြင့် ဗန်းမော်အား ဧရာဝတီမြစ်ရေလမ်းကြောင်းမှ စစ်ကူပို့မည်ဆိုပါက ခက်ခဲမည်ဖြစ်ပြီး ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းတို့မှ စစ်ကူ ဖြတ်တောက်ထားနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောထားသည်။
ဗန်းမော်တွင် စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)နှင့် တပ်မ ၈၈ တို့အပြင် ခြေလျင်၊ ခြေမြန်နှင့်လက်ရုံး တပ်များလည်း အခြေစိုက်ထားသည်။
ကချင်ဒေသတွင်း သတင်းဖော်ပြချက်များအရ လက်ရှိဖြစ်ပွားနေသည့် တန်ပြန်ထိုးစစ်တွင် ဗန်းမော်အခြေစိုက်တပ်များထဲ က အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များသည် ၆ မိုင်ဝန်းကျင်နှင့် ကောင့်ဂျာယန်ရွာအနီး ကြားဖြတ် ခုခံတိုက်ခိုက်နေကြကြောင်း သိရသည်။
စစ်တပ် တန်ပြန်ထိုးစစ်ဆင်မှုကြောင့် မြေပြင်တွင် တိုက်ပွဲပြင်းထန်နေသကဲ့သို့ စစ်တပ်က လေကြောင်းမှလည်း တိုက်ပွဲ ဖြစ်ရာနေရာများအား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း KIA ပြန်ကြားရေးစာမျက်နှာတခု ဖြစ်သည့် The Kachin Net က ဖော်ပြထားသည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်များအနေဖြင့် ခမရ ၄၃၇ ကို သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့နယ်တခုလုံး ထိန်းချုပ်နိုင်ခဲ့ သော်လည်း မံစီမြို့နယ်တွင် ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်ရင်းဌာနချုပ်နှစ်ခုအား သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
KIA နှင့် ပူးပေါင်းတပ်များ၏ ကချင်ပြည်နယ်တလုံးအနေဖြင့် မတ်လ ၇ ရက်က စတင်သည့် ထိုးစစ်အတွင်း လွယ်ဂျယ်၊ ဆဒုံး၊ ဆွမ်ပရာဘွမ်၊ မိုးမောက်တို့အပါအဝင် တပ်ရင်းဌာနချုပ်များနှင့် စစ်စခန်းအကြီး၊ အငယ် စုစုပေါင်း ၂၂၀ ခန့်အား သိမ်း ပိုက်ထားနိုင်ပြီးဖြစ်သည့်အပြင် စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက် ထိန်းချုပ်ထားသည်။
You may also like these stories:
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
လေးလအတွင်း စစ်ကောင်စီစခန်း ၂၀၀ သိမ်းပိုက်ဟု KIA ပြော
KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်