နိုင်ငံပြင်ပထွက်ခွင့် နည်းမျိုးစုံဖြင့် တင်းကျပ်နေစဉ် နိုင်ငံကူးလက်မှတ် (Passport) လျှောက်လိုသူများအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ စာအုပ်ဖိုးအား ၃၅၀၀၀ကျပ် အစား ၄၀၀၀၀ ကျပ် တိုးမြှင့်လိုက်သလို စာအုပ်ပျက်စီး ပျောက်ဆုံးပါက ပေးရမည့် ဒဏ်ကြေးကိုလည်း တိုးမြှင့်လိုက်သည်။
ယခုနှုန်းထားမှာ ပထမဆုံး နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအတွက်ဖြစ်ပြီး ပျောက်ဆုံးပျက်စီး လျှောက်ထားသူ များအတွက်မူ စက်တင်ဘာလ ၁ရက် စမည့် ပြင်ဆင်ချက်အရ စာအုပ်ဖိုးငွေ ၄၀၀၀၀ ကျပ် နှင့် ပျောက်ဆုံးပျက်စီးမှု ဒဏ်ကြေးငွေ ၆၅၀၀၀ ကျပ်စုစုပေါင်း ၁သိန်းနှင့် ၅ထောင်ကျပ် ကျသင့်မည်ဖြစ် သည်။
ပတ်စ်ပို့ (QR) ဝန်ဆောင်မှုပေးနေသူတဦးက “ သူတို့တိုးလိုက်တာတော့ ၅ထောင်ပဲဆိုပေမယ့် တချို့ ပွဲစားတွေရဲ့ ပါးစပ် ထဲမှာ ဘယ်လောက်တိုးတောင်းမလဲမသိဘူး။ ပတ်စ်ပို့လုပ်သူတွေအတွက် ငွေကုန်ကြေးကျပိုများလာမှာပဲ”ဟု ပြောသည်။
နိုင်ငံကူးလက်မှတ်များအား ၂၀၂၃ ခုနှစ်စ၍ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် အွန်လိုင်းမှ ရက်ချိန်း ကြိုယူရသော Online Appointment System ဖြင့် QR Code ပေးကာ စိစစ်ထုတ်ပေးနေသည်။
ထိုသို့ဆောင်ရွက်ရာတွင် KBZPay / MPU Card ဖြင့် စာအုပ်တန်ဖိုးငွေ ၃၅၀၀၀ ကျပ်ပေးသွင်းကာ နံနက် ၉နာရီမှစ၍ Online မှ Booking တင်ကာ Appointment Date (QR Code) ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ပတ်စ်ပို့သွားရောက်လုပ်ကိုင်ခဲ့သူတဦးက “ အခု ဈေးမတက်ခင်က အွန်လိုင်းကနေ ရက်ချိန်းယူကတည်းက ၃ သောင်းခွဲ တခါထဲသွင်းရတာ။ အခုဈေးတက်သွားပြီ။ တကယ်တမ်း စာအုပ်သွားလုပ်ရင် ဒီလောက်နဲ့မပြီးဘူး။ အထဲက လဝကနဲ့ ရဲက အမျိုးမျိုးရစ်ပြီး ထပ်တောင်းတာပဲ။ ကိုယ်တွေကလည်းမရမှာစိုးလို့ ပေးရတယ်။ ၇သိန်းပေးခဲ့ရတယ်။ ဒါမှလည်း မြန်မာပြည် က ထွက်လို့ရမှာ “ ဟု ပြောသည်။
ပတ်စ်ပို့ သွားရောက်လုပ်ကိုင်သူများအနေဖြင့် ပုံမှန်လုပ်ငန်းစဉ်အတိုင်း QR Code ရရှိပြီး စာအုပ်ရရှိရန်မှာ ၆ လ ခန့်ထိ စောင့်ဆိုင်းရပြီး အမြန်ရရှိလိုပါက သတ်မှတ်ထားသည့် ဈေးနှုန်းထက် ကျပ်သိန်းဆယ်ဂဏန်းချီပေး၍ ပြုလုပ်ရကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ်များတွင် အလည်အပတ် ပတ်စ်ပို့ (Passport for Visit-PV )၊ သင်္ဘောသား ပတ်စ်ပို့ (Passport for Seaman-PS)၊ စီးပွားရေး ပတ်စ်ပို့ (Passport for Business-PB)၊ ပညာရေး ပတ်စ်ပို့ (Passport for Education-PE)၊ အလုပ် ပတ်စ်ပို့ (Passport for Job-PJ)၊ ဘာသာရေး ပတ်စ်ပို့ (Passport for Religious-PR)၊ မှီခို ပတ်စ်ပို့ (Passport for Dependent-PT)၊ သံတမန်ပတ်စ်ပို့ (Passport for Diplomatic-PD)၊ အထူးပတ်စ်ပို့ (Passport for Offical ) ဟူ၍ အမျိုးအစားခွဲခြားထားသည်။
အလုပ်ဖြင့် သွားရန် လျှောက်ထားသည့် (PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အနေဖြင့် စာအုပ်သက်တမ်း ၅ နှစ် မပြည့်ခင်အထိ အလည်အပတ် (PV) နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားခွင့်မပြုသလို အသက် ၁၈ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများကိုလည်း PJ ဖြင့် ပြည်ပထွက်ခွင့် ပိတ်ပင်ထားသည်။
ထို့ပြင် ယခု ဩဂုတ်လအစပိုင်းမှ စတင်ကာ စစ်ကောင်စီသည် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များကို စိစစ်တားမြစ်မှုများကို လုပ်ဆောင်နေရာ ပြည်ပထွက်ခွင့်မရခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ ဩဂုတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင်မူ အလည်အပတ် (PV) နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို တားမြစ်မည်ဟုဆိုထားပြီး၊ အလည်အပတ် ဗီဇာဖြင့် ပြည်ပထွက်ခွာသူများအနေဖြင့် ဟိုတယ် Booking လုပ်ဆောင်ထားမှု၊ အသွားအပြန် လေယာဉ်လက်မှတ်၊ Show Money ပြနိုင်သူများကိုပင် လေဆိပ်မှ ထွက်ခွာခွင့် မပြုသည့် အခြေအနေများကို ကြုံတွေ့နေရကြောင်း သိရသည်။
You may also like these stories:
နိုင်ငံကူးလက်မှတ်လုပ်သူ များ၍ မှောင်ခိုဈေးတက်
ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်
ထိုင်းရောက်မြန်မာများ ပတ်စ်ပို့သက်တမ်းတိုးလျှောက်မှု တင်းကျပ်ခံရ