ပြည်နယ် အုပ်ချုပ်ရေးရုံး အနေနဲ့ ဖူးခက်မှာ မြေပြိုမှုဖြစ်ခဲ့တဲ့ တောင်ထိပ် ဧရိယာတဝိုက်ကို ကျွမ်းကျင်သူတွေနဲ့ စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ်ကျော်က ဖြစ်ခဲ့တဲ့ အဆိုပါ ထိုင်းနိုင်ငံ ဖူးခက်မြို့ မြေပြိုမှုမှာ မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
မြေပြိုမှု ဖြစ်ရခြင်း အကြောင်းအရင်းကို လေ့လာဆန်းစစ်ပြီး ထပ်မံမဖြစ်ပွားအောင် ကာကွယ်မှုတွေ လုပ်ဆောင် သွားနိုင်ဖို့ အတွက် ကျွမ်းကျင်သူတွေ စေလွှတ်ပေးဖို့ သဘာဝ ရင်းမြစ်နဲ့ ပတ်ဝန်းကျင် အမြဲတမ်း အတွင်းဝန်ထံ စာရေးတောင်းဆို ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဆိုဖန် ဆူဝါနာရတ် က ပြောပါတယ်။
ကွင်းဆင်းလေ့လာမှုကို ခါရွန်မြို့နယ်မှာရှိတဲ့ Nak Kerd တောင်တန်းရဲ့ တောင်ထိပ် ဧရိယာမှာ ပြုလုပ်သွားမယ် လို့လည်း ဆိုပါတယ်။
သြဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ ရုရှားနိုင်ငံသား ၂ ဦး နဲ့ မြန်မာနိုင်ငံသား ၉ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။
တာဝန်ရှိသူတွေ အနေနဲ့ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ရုရှား ကောင်စစ်ဝန်ရုံးနဲ့ မြန်မာသံရုံးတို့ကို ဆက်သွယ်ပြီး ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အဲဒီ မြေပြိုမှုမှာ ဒဏ်ရာရသူ ၁၉ ဦးရှိခဲ့ပြီး ၁၄ ဦးကတော့ ဆေးရုံဆင်းသွားခဲ့ပြီလို့ သိရပါတယ်။
ခါရွန်မြို့နယ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (သြဂုတ် ၂၂) မနက်ကစပြီး မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အစောပိုင်း သတင်း ထုတ်ပြန်ချက်တွေက ဆိုထားပါတယ်။
မြေပြိုမှု ဖြစ်စဉ်ဟာ အနီးမှာရှိတဲ့ ရာဝိုင်မြို့နယ်နဲ့ ချာလွန် မြို့နယ်တွေမှာလည်း သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အပေါ်ယံမြေလွှာက တောင်စောင်းတလျှောက် ပြိုဆင်းလာပြီး ကျောက်တုံးကြီးတွေပါ လိမ့်ဆင်းလာခဲ့တာ ဖြစ်တယ် လို့ အစိုးရပိုင်းကလည်း ပြောပါတယ်။
မြေပြိုမှုကြောင့် ကမာ္ဘလှည့် ခရီးသွားတွေအတွက် နေရာတွေနဲ့ အဆောက်အဦးတွေ တော်တော်များများ ထိခိုက် ပျက်စီး သွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးကလည်း တောင်တန်းရဲ့ အမြင့်ဆုံးနေရာမှာ ဘုရားကျောင်း တခု ဆောက်လုပ်ထားပြီး ကြီးမားတဲ့ ဗုဒ္ဓ ရုပ်ပွားတော် တဆူ တည်ထားတယ်လို့ ပြောပါတယ်။
ကောင်းကင်ပေါ်က ရိုက်ထားတဲ့ ဓာတ်ပုံ တပုံမှာ ရုပ်ပွားတော်ရဲ့ အောက်ခြေနားမှာရှိတဲ့ မြေတွေ နိမ့်ဆင်းသွားတာကို ဖူးခက် သတင်း facebook စာမျက်နှာ တခုမှာလည်း ဖော်ပြထားပါတယ်။
အဆိုပါ ရုပ်ပွားတော်ကြီး တည်ထားမှုကြောင့် မြေပြိုမှု ဖြစ်ရတယ်လို့ တချို့သူတွေက ပြောဆိုနေကြတာ ရှိတယ် လို့လည်း ဆိုပါတယ်။
ဒီ ဗုဒ္ဓ ရုပ်ပွားတော်ကြီး တည်ဖို့အတွက် မြေနေရာ ကျယ်ကျယ် လိုအပ်ခဲ့တယ်လို့ သမွန်ခါရွန် စည်ပင်ရုံးရဲ့ အရာရှိ တရင် ဆပ်မွန်ခေါ က ပြောပါတယ်။
တည်ဆောက်ရေး လုပ်ငန်းစဉ်မှာလည်း သစ်ပင်တွေ ရှင်းလင်းပစ်ခဲ့ရပြီး အပေါ်ယံ မြေဆီလွှာကို ထိန်းသိမ်းထားဖို့ ဘာမှကို မကျန်တော့တာ လို့လည်း ဆိုပါတယ်။
ဒေသခံ နေထိုင်သူတွေက ဒီလိုအဖြစ်ဆိုးကြီး ဖြစ်လာလိမ့်မယ် ဆိုကာ စိုးရိမ်ခဲ့ကြပြီး နောက်ဆုံးမှာ တကယ်ကို ဖြစ်ပွားခဲ့တယ် လို့လည်း မစ္စတာ တရင် က ပြောပါသေးတယ်။
လွန်ခဲ့တဲ့ ၂၂ နှစ် က ခပ်သေးသေး ဗုဒ္ဓ ရုပ်ပွားတော် တခုတည်ဖို့ အစီအစဉ်တွေကို စတင်ခဲ့တာပါ။
ဒါပေမယ့် ပြီးစီးမယ့် ရက်မသတ်မှတ်ဘဲ ပရောဂျက်ကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ ပရောဂျက်က ပိုမိုကြီးမား ကျယ်ပြန့်လာခဲ့တာလို့လည်း မစ္စတာ တရင် က ထပ်လောင်း ပြောကြားပါတယ်။
ဒေသခံတစ်ဦးဖြစ်တဲ့ ချာလွန် လွိုင်စမွတ်က လက်ထောက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဆပ်ထာ သွန်နခမ်း နဲ့ သက်ဆိုင်ရာ လွှတ်တော် အမတ်တို့ထံ မြေပြိုမှု အကြောင်းရင်း စုံစမ်း စစ်ဆေးပေးဖို့ အသနားခံစာ ပေးပို့ထားကြောင်းလည်း သိရပါတယ်။
Ref : Bangkok Post