ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ လူ ၁၃ ဦးသေဆုံးခဲ့ရတဲ့ မြေပြိုမှုနဲ့ ဆက်နွယ်နေမယ်လို့ ယုံကြည်ရတဲ့ တောင်ထိပ် မြေဧရိယာ ၅ ရိုင် (၂ ဧကခန့်) ကို ပြီးခဲ့တဲ့ စနေနေ့မှာ သစ်တောဌာနက ထိန်းသိမ်းလိုက်ပါတယ်။
အဆိုပါ ဝပ်ဖရာရိုင် ဘုရားကျောင်းထဲမှာ ရှိတဲ့ မြေနေရာတွေဟာ သစ်တော ကြိုးဝိုင်းမြေတွေ ဖြစ်နေတယ်လို့ ဖူးခက် သစ်တော စင်တာ ဒါရိုက်တာ ဆိုရာဆက် ရာနန်နန်က ပြောပါတယ်။
ကနဦး လေ့လာ စစ်ဆေးမှုတွေအရ ဘုန်းကြီးကျောင်း ဧရိယာထဲမှာ ကားပါကင် တခုကို ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားတာကို တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သစ်တောဌာန အနေနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး မြေသိမ်းဆည်းမှုကို ကြေညာထားတယ် လို့လည်း မစ္စတာ ဆိုရာဆက် က ပြောဆိုပါသေးတယ်။
အဲဒီ တောင်ထိပ် ဘုရားကျောင်းရဲ့ ကိစ္စအဝဝကို စီမံဆောင်ရွက်နေတဲ့ Phra Ming Mongkul Satthra 45 ဖောင်ဒေးရှင်းကို မြေယာ ကျူးကျော်မှု နဲ့ ပတ်သက်ပြီး စွဲချက် တင်ထားတယ်လို့လည်း ဆိုပါတယ်။
ခါရွန် ရဲမှူး ပေါလ်ကိုလ် ကွန်ဒက် နားနွန်ခိုင် ကလည်း အဲဒီမြေပြို မတော်တဆမှုနဲ့ ပတ်သက်လို့ ဘုရားကျောင်းရဲ့ တာဝန် ရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ ပြောကြားပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ မိုးကြီးခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြန်မာ ၉ ဦး အပါအဝင် ၁၃ ဦး သေဆုံးခါ လူနေပိုင်ဆိုင်မှု ၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ သစ်တော တာဝန်ရှိသူတွေက မတော်တဆမှုရဲ့ တာဝန်ရှိသူတွေကို တရားဝင် တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
Phra Ming Mongkul Satthra 45 ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ဆက်ဖွန် ဝါနစ်ချခွန်ကို စုံစမ်းစစ်ဆေးဖို့ အတွက် လာမယ့် ကြာသပတေးနေ့မှာ လာရောက်ဖို့ ဆင့်ခေါ်ထားတယ်လို့ ခါရွန်ရဲမှူးက ပြောပါတယ်။
သစ်တော ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်တဲ့ ဘန်နရက် ဆွမ်သောင် ကလည်း ဘုရားကျောင်းဟာ ၁၅ ရိုင် အကျယ်ရှိတဲ့ မြေနေရာပေါ်မှာ ဧရာမ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားဖို့ ခွင့်ပြုမိန့်ကို ၂၀၂၀ မှာ တရားဝင် တောင်းဆို ထားပေမယ့် ခွင့်ပြုမိန့်ကတော့ အစိုးရအဖွဲ့ရဲ့ စိစစ်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။
မစ္စတာ ဘန်နရက်က“ခွင့်ပြုမိန့် တင်ထားတဲ့ မြေနေရာကလွဲလို့ ကျန်တဲ့မြေတွေ အကုန်သိမ်းရပါမယ်။ ပြီးတော့ မြေကျူးကျော်တဲ့ တာဝန်ရှိသူကို တရားဥပဒေနဲ့အညီ အရေးယူရပါမယ်”လို့ ပြောကြားပါတယ်။
ပုံမှန်အားဖြင့် ဒီလို သစ်တော ဧရိယာကို အသုံးပြုခွင့် တောင်းခံလာတဲ့အခါ ကက်ဘိနက်အနေနဲ့ ခွင့်ပြုမိန့်မပေးခင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ အမြင်ကိုအရင် မေးမြန်းရကြောင်း သိရပါတယ်။
အဆိုပါ တောင်ထိပ် ဘုရားကျောင်းကို သွားရောက် လည်ပတ်ချင်တဲ့သူတွေ အနေနဲ့ အခု လောလောဆယ် မသွားသင့် သေးကြောင်း အကြံပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။
Ref : Bangkok Post