ပို့ကုန်ရငွေ နည်း၍ နိုင်ငံခြားငွေမဲ့နေသည့် စစ်ကောင်စီသည် အရေးကြီးကုန်စည်ဟု သတ်မှတ်ထားသော ဆေးဝါးကို ယခု လမှ စ၍ ပို့ကုန်ရငွေ ပြနိုင်မှသာ တင်သွင်းခွင့်ပြုမည်ဆိုသော မူဝါဒကို ပြန်ကျင့်သုံးလာသည့်အတွက် ဆေးဝါးများ ယခု ထက် ပို ရှားပါးခြင်း၊ ဈေးအဆမတန်ပေးရခြင်းတို့ ဖြစ်လာနိုင်ကြောင်း ဆေးဝါးလုပ်ငန်းရှင်များက ဆိုသည်။
နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီအစည်းအဝေး လမ်းညွှန်ချက်အရ စက်တင်ဘာလ ၁ ရက်မှစ၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ ဆေးဝါးတင်သွင်းခွင့်ပြုမည် ယခင်လျှောက်ထားသော ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကို ပယ်ဖျက်လိုက်ပြီဟု အကြောင်းကြားထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ထို့အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ ၁၁၆ ခု မှ လျှောက်လွှာ ၇၁၆ စောင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကို အသင်းမှ စိစစ်ပြီး ဖြစ်သော်လည်း လိုင်စင် လျှောက်လွှာအသစ်ဖြင့်သာ ပို့ကုန်ရငွေပြ၍ နိုင်ငံခြာသုံးငွေကြီးကြပ်ရေးကော်မတီအစည်းဝေးသို့ ပြန်တင်ပြကာ ခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။
ဆေးပစ္စည်းတင်သွင်းသူ တဦးက “ဆေးဆိုတာက အများပြည်သူ မရှိမဖြစ် သုံးရတာကို ပို့ကုန်ရငွေရမှ သွင်းရမယ် အရင် က ဒါတွေမလိုဘူး။ ဒီလိုမျိုးကန့်သတ်လိုက်တာက တချို့ ဆေးကုမ္ပဏီတွေက သွင်းတာ တခုပဲ လုပ်တဲ့အခါကျတော့ အကျိုးတူပူးပေါင်းတာတွေ လုပ်ရမယ်။ အခက်အခဲလည်း ကြုံရလိမ့်မယ်။ နောက်ထပ်လာမယ့်အမှာစာတွေမှာ ရုတ်တရက် မူဝါဒ ပြောင်းသွားတော့ လာမရ ပြုမရတွေ ဖြစ်မယ်။ အဲဒီတော့ လာမယ့် ပစ္စည်းတွေက ဈေးတက်ကောင်း တက်လိမ့်မယ်။ ဒီစနစ်ကို မလုပ်နိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိမှာဖြစ်တဲ့အတွက် တရားမဝင် လုပ်တာတွေလည်း ရှိလာမယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးသည့် အင်ဆူလင်ထိုး ဆေး အပါအဝင် ပဋိဇီဝဆေးများ ရှားပါးပြတ်လပ်နေသလို ဈေးနှုန်းများမှာလည်း အမျိုးအစား ပေါ်မူတည်၍ အဆမတန် မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့် ဆေးအရောင်းဆိုင်များမှ သိရသည်။
ဆေးဝါး ဖြန့်ဖြူးရောင်းချသူတဦးက “ အခုက ဈေးမတက်ဘူးဆိုတာမရှိသလောက်ပဲ။ အရင် ရာဂဏန်းပစ္စည်း အခု ထောင် ဂဏန်းလောက်တက် သွားတာ။ ဈေးကတော့ အခုဈေး တော်ကြတဈေးပဲ၊ အဲဒီလောက်အထိ တက် တာ”ဟု ပြောသည်။
ဆေးဝါးတင်သွင်းခွင့်ကို ယခင်က မည်သည့်နည်းလမ်းဖြင့်မဆိုရရှိသော နိုင်ငံခြားငွေဖြင့် လိုင်စင်လျှောက်ထား တင်သွင်း နိုင်သော်လည်း ယခုပြောင်းလဲလိုက်သော မူဝါဒအရ ပို့ကုန်ရငွေတင်ပြနိုင်မှသာ တင်သွင်းခွင့်ပြုမည်ဖြစ်သဖြင့် ဆေးဝါးတင်သွင်းရန် ပို့ကုန်ရငွေ ရှာရမည့်အခြေအနေများ၊ လုပ်ကိုင်ရမည့်အဆင့် များပြားကာ ခက်ခဲလာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ပင်လယ်ရေကြောင်းတခုကိုသာ အားထားပြီး ပို့ကုန်တင်ပို့ကာ နိုင်ငံခြားငွေ ရှာနေရခြင်း၊ စစ်အာဏာသိမ်းခြင်းကြောင့် စီးပွားရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှု ခံနေရခြင်းအစရှိသည်တို့ကြောင့် နိုင်ငံခြားငွေ ရှားပါးနေ သဖြင့် ပို့ကုန်ရငွေများပြားစေရန်အတွက် ယခုကဲ့သို့ ဆေးဝါးကိုပင် ပို့ကုန်ရမှ တင်သွင်းခွင့်ပြုမည်ဟု သတ်မှတ် လာခြင်း ဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။
ရွှေပြည့်စုံဈေးရှိ ဆေးဝါးလက်လီ၊ လက်ကား ဖြန့်ဖြူးနေသူတဦးက “ဘာလို့ လိုင်စင် ချမပေးလဲဆိုရင် ချပေးတာနဲ့ သတ်မှတ်ဈေးနဲ့ သူတို့ (စကစ)က ဒေါ်လာရောင်းပေးရမှာလေ။ မရောင်းပေးနိုင်တော့ မချပေးတာပေါ့။ ဆေးပစ္စည်းကတော့ ရှားတယ်။ ဒီမနက်ပဲ အရိုးအားဖြည့်ဆေးပေါ့ အဲဒါဆိုရင် ကုမ္ပဏီက လှမ်းပြောတာ တကတ်ကို အရင်း ၇၀၀၀ ကျပ်ဖြစ်သွား တယ်။ တနေ့ကမှ ၆၄၀၀ ကျပ်ပဲ ရှိတာ။ ရေရှည်မှာတော့ သူတို့ရဲ့(စစ်ကောင်စီ) အလွဲတွေကြောင့် ခက်ခဲ ဒုက္ခရောက်ဖို့ ပဲရှိတယ်။ အခုဆို စံပြဆေးရုံလို နေရာမျိုးတောင် ခွေးရူးကာကွယ်ဆေး မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာ မသိမ်းခင်က မရှိမဖြစ်လိုအပ်သော ဆေးနှင့် ဆေးဝါးတင်သွင်းခွင့်ကို နှစ်ပတ်အတွင်း ခွင့်ပြုရာမှ ယခုအခါ လနှင့်ချီကြာအောင် စောင့်ဆိုင်းနေရသလို လိုအပ်သလောက် လိုင်စင် ချမပေးသည့် အခြေအနေများလည်း ရှိနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
အခြေခံဆေးဝါးဖြစ်သည့် အကိုက်အခဲပျောက်ဆေး တကတ်လျှင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်က ၅၀၀ ကျပ်မှ ယခုအခါ ၁၅၀၀ကျပ်အထိ မြင့်တက်လာကြောင်း၊ ယခုအချိန်တွင် ကျောက်ကပ်ဝေဒနာရှင်များ သွေးအားတိုးဆေးအဖြစ် ထိုးရသည့် ဆေး ၁ ချောင်းမှာ ၂၀၂၂ ခုနှစ်က ၇၀၀၀ ကျပ်သာ ရှိသော်လည်း ယခုအချိန်တွင် ၂၀၀၀၀ ကျပ်အထိ မြင့်တက်နေပြီး အိမ်သုံးဆေးဝါးဖြစ်သည့် ဘိုင်အိုဂျစ်ဆစ် တလုံးလျှင် ယခင်က ၅၀ ကျပ်မှ ယခု ၁၅၀ ကျပ်၊ ဒီကိုဂျင် တလုံးလျှင် ၁၅၀ ကျပ်မှ ၃၅၀ ကျပ်၊ အန်နာဘွန်စီတလုံးလျှင် ၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သုံးစွဲသူများထံက သိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူတဦးက “ဒီနှစ်မှာ ဆေးတွေက ပိုပြီး ရှားပါးလာတာ ရှိတယ်။ အလားတူ ဆေးတွေ သောက်ရတာ ရှိတယ်။ ပြီးတော့ ကျောက်ကပ်ဆေးတွေဆိုလည်း ဝယ်မရတာတွေ ရှိတယ်။ အဲဒီတော့ ဆုံးသွားတဲ့ ရောဂါသည်တွေက ပြန်လှူတဲ့ ဆေးမျိုးတွေ တချို့ ဆရာဝန် အဆက်အသွယ်နဲ့ ရှာဝယ်ရတယ်။ ဒါတောင် ဈေးတွေက ၃ ဆလောက်တက်တာ။ ဆေး ၁၀ မျိုးမှာ ၅ မျိုးလောက်က ဝယ်မရဘူး။ အခုလည်း ကျောက်ကပ်ဆေးတဲ့နေရာမှာ သုံးတဲ့ ကျနော်တို့အခေါ် ကျောက်ကပ်တုပေါ့။ သွေးရည်လို ပြန်ထည့်ပြွန်လေး ဝယ်မရလို့ လိုက်ရှာနေတာ”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်ကပ်ဆေးရာတွင် အသုံးပြုသောဆေးရည် ဝယ်ယူ၍ မရသောကြောင့် ကျောက်ကပ်ဆေးပေးသည့် အခမဲ့ဆေးခန်းတချို့ ပိတ်လိုက်ရသည့် အခြေအနေများ ရှိခဲ့ကြောင်း၊ ယခုအချိန်ထိလည်း ကျောက်ကပ်ဆေးရာတွင် အသုံးပြုသည့် ကျောက်ကပ်တုဟု ခေါ်သည့် ဆေးတမျိုးမှာ ပြတ်လပ်နေကြောင်း ၎င်းက ပြောသည်။
ပြည်တွင်းရှိ စစ်ဘေးရှောင်နှင့် တော်လှန်ရေးနယ်မြေရှိ ပြည်သူများကို ဆေးဝါးကုသပေးနေသူ CDM ဆေးကျောင်းသူ တဦးက “ကျနော်တို့က များသောအားဖြင့် အလှူရှင်နဲ့ လုပ်တာများတယ်။ အခုနောက်ပိုင်းတော့ အလှူရှင် တွေလည်း မတတ်နိုင်တဲ့အပိုင်းတွေ ရှိတယ်။ ဆေးဈေးတွေကလည်း များလာတယ်။ ဝယ်ရတာလည်း ခက်တယ်။ တချို့ဆို ပိုက်ဆံရှိတာတောင် ဝယ်လို့မရတာမျိုးတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးဝါး ၈၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ကာ ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌ ထုတ်လုပ်နေပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းအစရှိသည့် နိုင်ငံများမှ အဓိကတင်သွင်းနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
You may also like these stories:
ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား