မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင်၌ ယနေ့နံနက် ၄ နာရီခန့်က ဖြစ်ခဲ့သည့် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှုကြောင့် မြို့လူထုကြား ယခုအခါ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။
အောင်မြေသာစံမြို့နယ် မြောက်ပြင် ညောင်ကွဲရပ် ၈ လမ်းနှင့် ၉ လမ်းကြား ၈၆ လမ်းပေါ်ရှိ နှစ်ထပ်တိုက်တလုံး၊ ၁၁ လမ်း နှင့် ၁၂ လမ်းကြား လမ်း ၈၀ ပေါ်ရှိ ကိုရီးယား အကြောပြင်ဆိုင်နှင့် အမှတ်(၄) နယ်မြေရဲစခန်း အနီးဝန်းကျင်၊ မြို့ဝင် ရွှေကျင်တိုးလ်ဂိတ်တို့၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အမှတ် ၄ ရဲစခန်းအနီး နေသူတဦးက “ ရွှီးဆိုပြီး ကြားပြီးတဲ့နောက်မှာ အုန်းဆို အသံအကျယ်ကြီးထွက်လာတာပဲ အဲဒီလို ဖြစ်တာကြောင့် မန္တလေးမြို့ကြီး လှုပ်ခတ်သွားပြီး မြောက်ပြင်ဘက်မှာတော့ တိတ်ဆိတ်သွားတာပေါ့၊ လူကြီးပိုင်းတွေလည်း ထိတ်လန့်ကုန်တယ်၊ ပေါက်ကွဲသံကြီးက တအားပြင်းတယ်၊ အနီးကပ်မို့ အသံကြီးက အကျယ်ကြီးနဲ့ တအားပြင်းတယ်၊ ကျနော်တို့နဲ့က လမ်း ၂လမ်းပဲ ခြားတာ အိမ်တောင်တုန်သွားတယ်၊ မီးတွေဘာတွေ ပွင့်ထွက်သွား မြင်ရတယ်”ဟု ပြော သည်။
ပေါက်ကွဲမှုကြောင့် ညောင်ကွဲရပ်မှ အသက် ၄၀ ကျော် အမျိုးသားတဦး ဒဏ်ရာရပြီး ဆေးကုသခံနေရကြောင်း၊ ၁၁ လမ်း နှင့် ၁၂ လမ်းကြား လမ်း ၈၀ ပေါ်ရှိ ကိုရီးယား အကြောပြင်ဆိုင် တိုက်အပေါ်ဆုံးထပ်သို့ ကျရောက် ပေါက်ကွဲရာတွင် လူ ထိခိုက်မှု မရှိကြောင်း၊ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲမှုတွင်လည်း လူထိခိုက်မှုမရှိကြောင်း အုပ်ချုပ်ရေးအသိုင်း အဝိုင်းမှ သိရသည်။
မန္တလေးမြို့ခံတဦးက “စခန်းဘက်ကလည်း ရှေ့က အုတ်တံတိုင်းကို မှန်တာပါ၊ ၁၂ လမ်း လမ်း၈၀ ကျုံးထောင့်ကလည်း အိမ်ခေါင်မိုး မှန်တာပါ၊ လူတွေ ဘာမှ မဖြစ်ကြဘူးလို့ သိရတယ်၊ ညောင်ကွဲဘက်မှာတော့ လူတယောက် ထိလို့ ဆေးရုံပို့ လိုက်ရတယ် ကျန်တာတွေတော့ အားလုံး အန္တရာယ်ကင်းကြပါတယ်”ဟု ပြောသည်။
ထို့ပြင် နံနက် ၆ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနှင့် ၄၆ လမ်းကြား၊ ၁၁၀ လမ်းပေါ်ရှိ အောင်သာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရသော်လည်း မကွဲသဖြင့် နံနက် ၇နာရီခန့်တွင် လမ်းပိတ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မန္တလေးဒေသခံ တဦးက“အသံအကျယ်ကြီးနဲ့ မနက်ကဖြစ်တာမျိုး တခါမှ မကြုံဘူးတော့ အရမ်းလန့်သွားတာ၊ တကယ် ကိုယ်တွေ့ကြုံရတော့မှ စစ်ဖြစ်နေတဲ့နေရာတွေမှာဆို ဒီထက်ဆိုးမှာပဲလို့ တွေးမိသွားသေးတယ်၊ ပြီးခဲ့တဲ့လတုန်းကလည်း သတင်းတွေမျိုးစုံထွက်နေတာဆိုတော့ သတိလေးနဲ့ နေ နေတာပဲ၊ အခုတောင် တနေကုန်နီးပါး နှလုံးတွေတုန်ပြီး စိတ်တွေ ပါ ကယောင်ချောက်ချားဖြစ်သွားတာ၊ စစ်ပွဲတွေ တကယ်ဖြစ်လာမယ်ဆိုရင် အသက်ရှုတောင် ရပ်သွားနိုင်လောက်တယ်။ ကျနော့်လိုပဲ တော်တော်များများလည်း ထိတ်ထိတ်လန့်လန့်နဲ့ နေကြရမှာ” ဟု ဆိုသည်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က လုပ်ခဲ့ခြင်း ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းသို့ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ၇ လုံး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ ကြောင်း BWM က နေ့လယ်ပိုင်း၌ သတင်းထုတ်ပြန်သည်။
ရည်ရွယ်ချက်မှာ ပလောင် (တအန်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဦးဆောင်ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်း-မန်းစစ်ဆေးရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှနေ၍ ကွပ်ကဲတိုက်ခိုက်နေခြင်းကြောင့် ရှမ်း-မန်းစစ်ဆေးရေးအတွက် ပူးပေါင်းပါဝင်၍ အထောက်အကူဖြစ်စေရန် လုပ်ခဲ့ခြင်းဟု သိရသည်။
BWM မှ တာဝန်ရှိသူတဦးက “ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံစွာ နေရပ်ကို ပြန်လည်ရောက်ရှိခဲ့ပါပြီ၊ ဒုံးအားလုံးနီးပါး လပခထဲကို ကျပါတယ်။ တည့်တည့်ထိမှန်လို့ သူတို့ တော်တော်အထိနာတယ် ဒုချုပ် စိုးဝင်း PA နဲ့ အရာရှိ ၃ ဦး အပါအဝင် ပေါင်း ၇ ဦးသေပြီး ၁၈ ဦး အပြင်းအထန်ရပြီး ၄ ဦးစိုးရိမ်ရတယ်လို့ သိရပါတယ်၊ ဒါက လောလောဆယ် သိရတာပါ၊ ဒီထက် လည်း ပိုနိုင် ပါတယ်၊ လောလောဆယ် နန်းတွင်းအဝင်အထွက် ကို ပိတ်လိုက်ပြီး အထဲမှာရှိတဲ့ စစ်ခွေးတွေ အားလုံးရဲ့ ဖုန်း တွေကို ပိတ်ခိုင်းထားပြီလို့သိရပါတယ်၊ သတင်းအမှောင်ချလိုက်တဲ့သဘောပါ”ဟု ပြောသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
သို့သော် ရှောတိုက်ဒုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးမြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များ၊ မြို့ပတ်လမ်းပေါ်နှင့် ရွှေကျင်တိုးဂိတ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ရက်များထက် ပို၍ အစစ်အဆေး ကြမ်းနေကြောင်းသည်။
“ရွှေကျင်ဂိတ်ကတော့ မနက်ပိုင်းကတည်းက အစစ်အဆေးတွေ တော်တော်ကြမ်းတယ်လို့ သိရတယ်၊ ရွှေကျင်ဂိတ် ဘက်ကို လည်း ကျကွဲထားတာဆိုတော့လေ၊ ပြီးတော့ မြို့ပတ်လမ်းတွေပေါ်မှာလည်း စစ်သားတွေရော ရဲတွေရော ပြည်သူ့စစ်တွေရော ကားတွေနဲ့ ပတ်ပြီး လမ်းသွားလမ်းလာ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးတာမျိုးတွေလည်း လုပ်နေကြတာ တွေ့ရတယ်”ဟု စစ်ဆေးမှုများကို မျက်မြင်တွေ့ခဲ့ရသူတဦးက ပြောသည်။
BWM အဖွဲ့အနေဖြင့် ယခုနှစ်အတွင်း နေပြည်တော် အေလာလေဆိပ်ကို ၂ ကြိမ်၊ တောင်ငူလေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦးလေတပ်ကို ၁ ကြိမ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“အခုကာလက ပြည်သူလူထုရဲ့ ခုခံစစ်ကိုဆင်နွှဲနေတဲ့ကာလ ဖြစ်ပါတယ်၊ ၂၀၂၁ စက်တင်ဘာလကတည်းက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က တရားဝင်ခုခံတွန်းလှန်စစ် စတင်ကြောင်းကြေညာပြီး ရန်သူစစ်ကောင်စီကို တိုက်နေ တာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီနဲ့ အနီးဝန်းကျင်နေရာတွေမှာ တတ်နိုင်သမျှ မနေကြဖို့ ပြည်သူတွေကို တိုက်တွန်းချင်ပါတယ်”ဟု BWM မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအခါ မန္တလေးနန်းမြို့တွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကို တော်လှန်ရေး အင်အားစုများက မကြာခဏ ပြုလုပ်နေသလို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် စိတ္တရ မဟီရပ်ကွက် ကျုံးတောင်ဘက်ခြမ်း စော်ဘွားဝင်းအတွင်းရှိ လူနေထိုင်မှု မရှိသော နေအိမ်ပေါ်သို့ လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့အနီးဝန်းကျင်နှင့် မြောက်ဘက်ခြမ်းတိုက်ပွဲများကြောင့် မန္တလေးမြို့တွင် စစ်မဖြစ်စေရန် စစ်ကောင်စီ အားပေး ထောက်ခံသည့် စစ်လော်ဘီများ၊ မဘသများဦးဆောင်၍ ဩဂုတ်လ ၂၉ ရက်နေ့လယ်ပိုင်းက မန္တလေးတောင်ခြေ၊ ကျုံးပတ်လည်၊ ကမ်းနားလမ်းများ၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
You may also like these stories:
မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်
မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်
ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ