အိန္ဒိယစစ်တပ် ထိပ်တန်းအရာရှိတဦးသည် မြန်မာစစ်တပ် တတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တနင်္လာနေ့၌ နေပြည်တော်တွင် တွေ့ဆုံပြီး လေ့ကျင့်ရေးနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်။
ထိုအိန္ဒိယအရာရှိသည် နယူးဒေလီရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကို ညွန်ကြားသည့် ဗိုလ်ချုပ် အဂျေးကူးမားဆင်း ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဖေါ်ပြသည်။ သူသည် ဇွန်လတွင် စစ်ထောက်လှမ်းရေး ညွန်ကြားရေးမှူး ဗိုလ်ချုပ်ချာရန်ဂျစ် ဆင်း ဂျူးဂန် လာရောက်ပြီးနောက် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တွေ့ဆုံသည့် ပထမဆုံး အိန္ဒိယ ဗိုလ်ချုပ်ဖြစ်သည်။
၎င်းတို့သည် စစ်တပ် ၂ ခုအကြားချစ်ကြည်မှု မြှင့်တင်ရေး၊ ကာကွယ်ရေး၊ လေ့ကျင့်ရေး၊ နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သင်တန်းသားဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်ဟု အထက်ပါ ဝန်ကြီးဌာနပြောသည်။
မြန်မာတွင် ဒီမိုကရေစီကို ထိခိုက်စေသောကြောင့် ကြည်းရေလေ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို အနောက်နိုင်ငံအစိုးရများက အရေးယူပိတ်ဆို့ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားနှင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပူးတွဲလေ့ကျင့်ရေးအတွက် သြဂုတ်လ နှောင်းပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တနင်္လာနေ့တွင် အိန္ဒိယဗိုလ်ချုပ်နှင့် တွေ့ဆုံခြင်းဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းမှ အများစုက ရှောင်ရှားသော်လည်း အိန္ဒိယသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ခိုင်မာအောင် လုပ်နေသည်။ မြန်မာ ဗိုလ်ချုပ်များသည် ပြည်သူ့တော်လှန်ရေးကို ချေမှုန်းနိုင်သည့် စွမ်းရည်မရှိကြောင်း ပြသနေသည့်တိုင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် မြန်မာဗိုလ်ချုပ်များနှင့် ဆက်လက်ဆက်ဆံသည်။
ဖေဖေါ်ဝါရီလတွင် အိန္ဒိယ အမှတ် ၃ တပ်မတော်တပ်မှူး ဒုဗိုလ်ချုပ်ကြီး ဟာဂျိ ဆင်း ဆာဟီသည် နယ်စပ်လုံခြုံရေးနှင့် တိုးတက်ရေး ဆွေးနွေးရန် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းကို နေပြည်တော်တွင် တွေ့ဆုံသည်။
မေလတွင် အိန္ဒိယ လက်ထောက်လေတပ်ဦးစီးချုပ် (ထောက်လှမ်းရေး) လေတပ် ဒုဗိုလ်ချုပ် အီချက်တီယာ အီယက်ပါ ကတ်တာပါသည် သင်တန်းသားနှင့် နည်းပညာ ဖလှယ်ရေး၊ စစ်တပ် ၂ ခုအကြားချစ်ကြည်ရေး ဆွေးနွေးရန် မြန်မာလေတပ် ဦးစီးချုပ် ထွန်းအောင်နှင့် နေပြည်တော်တွင် တွေ့ဆုံသည်။
လာမည့်လတွင် မြန်မာသည် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ စစ်တပ် စစ်ဦးစီးဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပမည်ဖြစ်ပြီး အိန္ဒိယ အမျိုးလုံခြုံရေး အကြံပေးသည် စစ်ကောင်စီအဆိုပြုရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးနှင့် နယ်စပ်ငြိမ်းချမ်းတည်ငြိမ်ရေး ဆွေးနွေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်တွင် ဇွန်လက တွေ့ဆုံသည်။
အိန္ဒိယသည် ရုရှားနှင့် တရုတ်ပြီးလျှင် မြန်မာသို့ စစ်လက်နက်ပစ္စည်းရောင်းချမှု တတိယအများဆုံး နိုင်ငံဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့ Justice for Myanmar က မတ်လ အစီရင်ခံစာတွင်ဖေါ်ပြသည်။ အိန္ဒိယစစ်တပ်နှင့် ကာကွယ်ရေးပစ္စည်းလုပ်ငန်းနှင့် ဆက်ဆံသော အစိုးရများအနေဖြင့် ၎င်းတို့၏သြဇာကို သုံးပြီး နယူးဒေလီက မြန်မာစစ်တပ်ကို ထောက်ခံမှု အားလုံးပိတ်ပင်ရန် ထိုအဖွဲ့က တောင်းဆိုသည်။
အိန္ဒိယသည် စစ်ကောင်စီကို ဝင်ငွေပေးပြီး မြန်မာတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေကာ စစ်တပ်အာဏာခိုင်မြဲရန်လုပ်သည့် အတုအယောင် အဆိုပြုရွေးကောက်ပွဲအတွက် အကူအညီပေးနေသည်။
ဆက်စပ်ဖတ်ရှုရန်
နယ်စပ်လုံခြုံရေးနှင့် ပူးတွဲစစ်သင်တန်းပေးရန် တရုတ်က မြန်မာစစ်ကောင်စီနှင့်ဆွေးနွေး
TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့
စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)
မောင်တောမှာ အရပ်သား၂ သောင်းကျော်ကို ကယ်ထုတ်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)