မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့၌ စက်တင်ဘာ ၁ရက်က ဖြစ်ခဲ့သော တိုက်ပွဲအတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအပြင် လူငယ်များကိုပါ ဖမ်းဆီးမှု ကြုံနေရသဖြင့် မြို့ခံ ၇၀ ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြောင်း ဒေသခံများထံက သိရသည်။
မြို့သာမြို့သည် မန္တလေးမြို့ အနောက်တောင်ဘက် ၃၅ မိုင်ကျော်အကွာ တံတားဦး- မြင်းခြံလမ်းပေါ်၌ ရှိပြီး လူဦးရေ တသောင်းကျော် နေထိုင်ကာ အရှေ့ခြမ်းတွင် ရဲစခန်းနှင့် ဈေးရှိပြီး အနောက်ခြမ်း၌ တောင်သူများ အများဆုံးရှိကြောင်း လက်ရှိ မြို့လူဦးရေ ၇ ထောင်ကျော် နေရပ်စွန့်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။
မြို့သာဒေသခံတဦးက “စက်တင်ဘာ ၁ ရက် မနက် ၆ နာရီလောက် တိုက်ပွဲဖြစ်တော့ အကုန်လုံး ဘယ်မှထွက်မရဘဲ ပိတ် မိသွားကြတာ ၂ ရက်နေ့ မနက်ပိုင်းမှာ စရှောင်ကြတာပေါ့၊ မြို့ပေါ်မှာ အိမ်စောင့်လောက်ပဲ ထားပြီးတော့ တမြို့လုံးနီးပါး ရှောင်ကုန်ကြပြီ”ဟု ပြောသည်။
တိုက်ပွဲကြောင့်သာမက စစ်ကောင်စီ၏ မြို့ပေါ်နေလူငယ်အများစုကို ပေါ်တာဆွဲသဖြင့် တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း မြို့ခံ များက ဆိုသည်။
“အဓိက ပေါ်တာဆွဲတာကို ကြောက်လို့ ထွက်ကုန်ကြတာ၊ တွေ့သမျှလူ အကုန်ဆွဲ အမေနဲ့အတူ သွားလာတာတောင် အမေကိုပါ ဆွဲဆိုတော့ ကျနော်တို့က လူငယ်တွေလည်း ဖြစ်တော့ မိသားစုလိုက် ရှောင်ထွက်လာခဲ့ကြတာပါ” ဟု မြို့မှ တိမ်းရှောင်လာသူ တဦးက ပြောသည်။
အများစုမှာ အနီးဝန်းကျင်မှ ဘေးလွတ်ရာ ကျေးရွာများနှင့် တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်မြို့များသို့ အများဆုံး တိမ်းရှောင်ကြကြောင်း၊ ယခုအခါ စစ်ကောင်စီက မြို့သာမြို့တွင် လုံခြုံရေးတင်းကျပ်ကာ ပိတ်ဆို့စစ်ဆေးခြင်း များ ပြုလုပ်နေကြောင်း သိရသည်။
“အများအားဖြင့် စခန်းနဲ့ နီးတဲ့ အရှေ့ဘက်က လူတွေ တော်တော်များများ ရှောင်ကြတယ်၊ တချို့ကျတော့လည်း အနောက် ရွာလို့ ခေါ်တဲ့ အနောက်ခြမ်းက ဘေးလွတ်ရာတွေကို ရှောင်လာကြတယ်၊ တချို့ကျတော့လည်း အမျိုးတွေရှိတဲ့ ရွာတွေ မြို့ဘက်ကို ပြောင်းကြတယ်၊ အများစုက တောင်သူတွေဆိုတော့ တောတွေဘက် သွားနေကြတာမျိုးတွေလည်း ရှိတယ်”ဟု တိမ်းရှောင်လာသူတဦးက ပြောသည်။
မြို့သာမြို့ အရှေ့ဘက်တွင် နွားထိုးကြီး၊ အနောက်ဘက်တွင် ငါန်းဇွန်၊ တောင်ဘက်တွင် မြင်းခြံ၊ မြောက်ဘက်တွင် တံတားဦးမြို့တို့နှင့် ထိစပ်နေပြီး မြင်းခြံခရိုင်၏ အလယ်ဗဟို အချက်အချာကြသည့် မြို့တမြို့ဖြစ်သည်။
“ရှောင်ကြတာ လူငယ်နဲ့ လူလတ်ပိုင်းတွေ အများဆုံးပေါ့၊ တချို့ သက်ကြီးပိုင်းတွေက ဘယ်လိုမှ ခေါ်လို့မရလို့ ဒီအတိုင်း ထားခဲ့ရတာမျိုးတွေလည်း ရှိတယ်၊အခုက ရွာမှာ တိုက်ပွဲဖြစ်လာလို့ သောကတွေ ဖြစ်နေရတဲ့ကြားထဲ ပေါ်တာဆွဲတာ တွေကြောင့်လည်း အတော်ဒုက္ခရောက်နေကြရတယ်၊ တိုက်ပွဲဖြစ်တဲ့နေ့ကဆိုရင် စစ်တပ်က ငါန်းဇွန်ဘက်ကို အပြန်မှာ ကားနှစ်စီးစာ အပြည့် ပေါ်တာဆွဲသွားကြသေးတယ်၊ လမ်းမှာ တွေ့သမျှလူ အကုန် ကောက်တင်သွားကြတာ”ဟု မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။
မြို့သာနယ်မြေရဲစခန်းကို စက်တင်ဘာ ၁ရက် နံနက် ၅ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ကူများ ပေးခဲ့ကြောင်း သိရသည်။
လေကြောင်းပစ်ကူနှင့်အတူ ငါန်းဇွန်မြို့မှ စစ်ကူများရောက်လာ၍ တော်လှန်ရေးအင်အားစုများ ပြန်ဆုတ်ခဲ့ရကြောင်း၊ တိုက်ပွဲမှာ ၆နာရီခန့် ကြာပြီး တော်လှန်ရေးတပ်များဘက်မှ ဒရုန်းတပ်များ ပါသလို စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်နှင့် ပစ်ခတ်ကြောင်း၊ ထို့အတွက် ဆည်အနီးမှ အရပ်သား ၅ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။
“ရဲစခန်းထဲထိ စီးနိုင်ခဲ့ပါတယ်၊ စခန်းကို ဖျက်ဆီးဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် ရဟတ်ယာဉ်နဲ့ လာပြီး ပစ်တာရော မြေပြင်ကနေ စစ်ကူတွေရော ရောက်လာတာမို့ ပြန်ဆုတ်လာတာမှာ စစ်ကူစစ်ကြောင်းနဲ့ တွေ့ပြီး ကျနော်တို့ဘက်က ပေးဆပ်လိုက် ရတာမျိုးတွေတော့ ရှိခဲ့ပါတယ်”ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန် ရှိသူတဦးက ပြောသည်။
မြင်းခြံခရိုင်တွင် သြဂုတ် ၁၀ ရက်က စတင်ကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) ကို ဖော်ဆောင်လျက်ရှိရာ သြဂုတ် ၁၉ ရက်ကလည်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးရဲစခန်းအား တော်လှန်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ငါန်းဇွန်မြို့နယ်အတွင်း မန္တလေးတိုင်း၏ အဓိက စီးပွားရေးဇုန်တခုဖြစ်လာမည့် မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် မြင်းခြံမြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ ဆီမီးခုံဆိပ်ကမ်း (ဧရာဝတီ) စီမံကိန်းဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
You may also like these stories:
မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ
စစ်ခေါင်းဆောင်၏ မြင်းခြံ သံမဏိစက်ရုံ တိုက်ခိုက်ခံရ၍ ရပ်ထားရ
စစ်ကောင်စီ ပြန်ရဖို့ ကြိုးစားနေသည့် စဉ့်ကူးကို PDF တို့ ဆက်ထိန်းထား