မန္တလေး ဂေါဝိန်ဆိပ်မှ ဧရာဝတီမြစ်ကို ဆန်၍ ဗန်းမော်သို့ တက်လာသည့် စစ်သင်္ဘောများသည် ယခုအခါ တိုက်လေယာဉ် အစောင့်အရှောက်ဖြင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ရောက်နေပြီး မြစ်ဘေးဝဲယာမှ ရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
အဆိုပါ သင်္ဘောအုပ်စု၌ တိုက်သင်္ဘော ၂ စီး၊ ကမ်းထိုးရေယာဉ် ၁ စီး၊ တွဲသင်္ဘော ၄ စီးတွန်းသည့် ကုန်တွဲ ၂ စီး ပါဝင်သော လက်နက်ခဲယမ်း၊ ထောက်ပို့ပစ္စည်း အပြည့်အစုံတင်ကာ အင်အား ၇၀ ကျော် လုံခြုံရေးလိုက်ပါ၍ ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဂေါဝိန်ဆိပ်ကမ်းရှိ ရတနာပုံသင်္ဘောကျင်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။
၂၇၅ မိုင်ရှိသည့် မန္တလေး- ဗန်းမော် ရေလမ်းတလျှောက် တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို မတ္တရာ မြို့နယ်အတွင်း ၃ကြိမ်၊ ဝက်လက် မြို့နယ် ရှိမ်းမကားရွာ အနီးနှင့် စဉ့်ကူးမြို့နယ်အတွင်း၊ သပိတ်ကျင်း သီဟတော ရေယာဉ် ရွာအနီးနှင့် ရွှေဘိုမြို့နယ် ကျောက်မြောင်း၊ အုတ်ကျင်း ဆိပ်၊ မြတောင်နှင့် ထီးချိုင့်မြို့တို့တွင် ခံခဲ့ရသလို ၎င်းတို့ကလည်း မြစ်ကမ်းဘေးကျေးရွာများအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
သင်္ဘောများသည် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတွင် လက်နက်များနှင့် ရိက္ခာများကို ချထားကာ ၂ ညအိပ် ရပ်နား၍ လူအင်အား များ ဖြည့်တင်းကာ စက်တင်ဘာ ၄ ရက်တွင် ဗန်းမော်သို့ ဆက်လက်ဆန်တက်သွားခြင်းဖြစ်သည်။ ေ
ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပဖက) တာဝန်ရှိသူတဦးက “စစ်သင်္ဘော ၅ စီး ကချင်ပြည် ရွှေကူမြို့နယ်ထဲ ဝင်လာနေပြီ။ ကသာနယ်က ထွက်ကတည်းက ဝေဟင်ကနေ ဂျက်ဖိုက်တာတွေနဲ့ ပစ်ကူ၊ သင်္ဘောတွေပေါ်ကနေ စက်သေနတ်တွေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ပြီးတော့ ဝင်လာကြတာ၊ မြစ်ကမ်းဘေးက ရွာစဉ်တလျှောက်လုံး ဘေးလွတ်ရာ ရှောင်နေရတယ်၊ သူတို့ပြင်ဆင်လာတဲ့အနေအထားအရ့ ဗန်းမော်ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းဖြည့် တင်းတာ ဖြစ်ဖို့ များပါ တယ်” ဟု ပြောသည်။
ကသာမြို့နယ်အတွင်းမှ မထွက်ခွာမီ ပြည်သူကာကွယ်ရေး တပ်များ အားကောင်းရာ မိုးတားလေးရွာကို လေကြောင်းမှ တိုက်ခိုက်ရာ သရက်ပင်ဘုန်းကြီးကျောင်း ထိမှန်၍ ပျက်စီးသွားသလို အနီးဝန်းကျင်မှ ကျောက်ထုံးကြီး၊ ဆင်ကုန်တိုင်၊ ပလက်ရွှေ၊ မင်းလယ်၊ နကူး စသည့်ကျေးရွာများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးရေး (ပအဖ) ထံမှ သိရသည်။
ထို့အတူ ကသာ သဖန်းကိုင်းဆိပ်၌ ကမ်းကပ်ချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နတ်ရေတွင်း ကလုံ၊ ညောင်ခြေ ထောက်ရွာ များမှ ပြည်သူ ၄ ဦး ထိမှန် သေဆုံးခဲ့သလို၊ ကမ်းနီရွာရှိ နေအိမ်တချို့နှင့် ကလုံရွာမှ စက်လှေတချို့ မီးလောင် ပျက် စီးခဲ့သည်။
အဆိုပါ စစ်သင်္ဘောများသည် ဆန်တက်လာကတည်းက ဩဂုတ် ၃၀ ရက်မှစ၍ တိုက်လေယာဉ်များဖြင့် လုံခြုံရေး ယူကာ သင်္ဘောပေါ်မှ ဝဲယာမြစ်ကမ်းဘေးရွာများအား စက်သေနတ်များ၊ လက် နက်ကြီးများဖြင့် ပတ်ခတ် ခြင်းများလည်း ပြုလုပ်နေကြောင်း ထီးချိုင့်ဒေသ စစ်ရေးသတင်းများ စောင့်ကြည့်ဖော်ပြသည့် Tigyaing Revolution (TR) က အသိပေး ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁ ရက်တွင်လည်း မြတောင်နှင့် ထီးချိုင့်မြို့ကြား၌ PDF များ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးမှုများ ရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း “ထီးချိုင့်ဘက်ကို ဆန်တက်လာတဲ့ သင်္ဘောတွေပေါ့နော်၊ မြတောင် ဘက် ဧရာဝတီမြစ်ရဲ့ အထက်ဘက်အခြမ်းပေါ့။ မြတောင်ဘက်က တက်လာတာကို ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေ ပူးပေါင်း ပြီးမှ လက်နက်ကြီးနဲ့ ပစ်တယ်လို့ သိရပါတယ်။ ၂ စီးက ပျက်စီးသွားပြီးမှ ရပ်နေတာ။ အဲဒါကို ထီးချိုင့်ဘက်ကို ဆွဲသွား တယ်လို့ သတင်းရတယ်။ လက်ရှိတော့ ကျန်တဲ့ ၃ စီးက ထီးချိုင့်ကနေ ဆက်ပြီးတော့မှ ဆန်တက်သွားပြီလို့ သိရတယ်” ဟု အတည်ပြု ပြောသည်။
ထီးချိုင့်မြို့နယ်တွင်း တိုက်ပွဲများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကာ စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီ ပတ်ဝန်းကျင်တွင် ထီးချိုင့်မြို့ ပန်းရွှေဝါ၊ ပန်းတောက်လှ ဆိပ်ကမ်းတွင် စစ်သင်္ဘောများ ကမ်းကပ် ညအိပ်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
ထိုသို့ သင်္ဘော ၂ စီး လက်နက်ကြီး ထိမှန်မှုကြောင့် ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများ ရှိနိုင် သည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်သင်္ဘောများ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စက်တင်ဘာ ၁ ရက်မှာပင် စစ်ကောင်စီကလည်း ထီးချိုင့်မြို့ ဧရာဝတီ မြစ် အရှေ့ဘက်ကမ်းရှိ မောင်းကုန်း၊ သပြေလှ၊ မြတောင်၊ ဖုန်ကုန်းလေးရွာများသို့ မိတ္ထီလာ ရှမ်းတဲလေတပ်မှ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ရာတွင် မောင်းကုန်းရွာမှ ကိုယ်ဝန်ဆောင်တဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။
ယခုအခါ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှတဆင့် ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ဝင်ရောက်နိုင်ပြီး စစ်ရေး အရ အရေးပါသောမြို့နယ်များလည်းဖြစ်သည့် ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမော်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ် ပွားလျက်ရှိရာ KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အတူ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ပါဝင် တိုက် ခိုက်နေသည်ဟု NUG က ထုတ်ပြန်ထားသည်။
ထိုသို့သော အခြေအနေတွင် စစ်ကောင်စီအနေဖြင့် လေကြောင်းမှတဆင့် စစ်ကူ ရိက္ခာခဲယမ်းများ ပို့ဆောင်နေရာမှ တိုက်ပွဲ ပြင်းထန်မှုများကြောင့် လေကြောင်းအသုံးပြု၍ မရနိုင်သည့်နေရာများအတွက် ရေကြောင်းအသုံးပြုကာ လုပ်ဆောင်လာရ ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ဗန်းမော်နှင့် မိုးမောက်ကြားရှိ ခြေမြန်တပ်ရင်း ခမရ ၄၃၇ အသိမ်းခံရပြီးနောက်ပိုင်း ဩဂုတ် ၂၄ ရက်မှစ၍ ဗန်းမော် အခြေစိုက်တပ်များ မိုးမောက်ဘက် စစ်ဆင်လာသည့်အတွက် ယင်းမြို့များအနီးတဝိုက်၌ တိုက်ပွဲများ ဖြစ်လျက်ရှိသည်။
You may also like these stories:
မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်
ဗန်းမော်တဝိုက် စစ်တပ် ပြန်စစ်ဆင်