စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရေတပ်၊ လေတပ် ဦးစီးချုပ်များအပြင် စစ်တပ်အရာရှိကြီးများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကရင်နီပြည်(ကယား) လွိုင်ကော်မြို့သို့ ရောက်လာပြီး အပြန် ညနေ ၃နာရီဝန်းကျင် လေယာဉ်ကွင်း၌ နှုတ်ဆက်နေချိန် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းခံခဲ့ ရသည်။
လွိုင်ကော်မြို့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတဦးက “လက်နက်ကြီးကျတဲ့ အချိန်က လေယာဉ်ကွင်းမှာ နှုတ် ဆက်နေတဲ့ အချိန်လို့ သိရတယ်၊ ဒစကရဲ့ ကြေးရုပ်ဝင်ပေါက်ဘက်၊ လေယာဉ်ကွင်းအစပ် နဲ့ ဒစက ကြားပေါ့။ အဲဒီမှာ ၁၂၀ မမ ကျတယ်။ နောက်တအောင့်ကြာတော့ နောက်တလုံးထပ်ကျလို့ ပြောတယ်၊ မြို့တော်ခန်းမ ဘေးနားက စာတိုက် ဝင်းထဲမှာ တလုံးကျတယ်၊ မီးခိုးလုံးတွေလည်းတက်လာတယ်”ဟု ပြောသည်။
လက်နက်ကြီးကျည် ၂လုံး ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိသော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒစကမှူးနှင့် ဒု ဒစကမှူးတို့မှာ စိုးရိမ်ထိတ်လန့်ကာ လွိုင်ကော် အနောက်တောင်ဘက် မိုင် ၂၀ခန့် အကွာရှိ ဒီးမောဆိုမြို့နယ် အတွင်းမှ ကရင်နီတော်လှန်ရေး ပူးပေါင်းများ သိမ်းထားသည့် နန်းမယ်ခုံမြို့ကို ဗုံးကြဲရန် အမိန့်ပေးခဲ့ကြောင်း သူက ပြောသည်။
ထိုအခြေအနေများကြောင့် ယမန်နေ့ ညနေနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံမြို့ကို စစ်တပ်က ဆက်တိုက် ဗုံးကြဲသလို ဒီးမော့ဆို အနောက်ခြမ်းကိုလည်း လက်နက်ကြီးပစ်ကြောင်း၊ ဗုံးကြဲမှုကြောင့် ကရင်နီပြည်ရဲဌာန (KSP) နန်းမယ်ခုံ အမှတ်၂ ရဲစခန်း ထိမှန်ကာ တဦးသေဆုံး၍ ၈ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာ ရရှိသူများတွင် KSP တပ်ဖွဲ့ဝင်များနှင့်အချုပ်သားများပါဝင်သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးစစ်ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒု ဗိုလ်ချုပ်ကြီးရာပြည့် တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများလိုက်ပါပြီး လွိုင်ကော်သို့ ရဟတ်ယာဉ် ၂စီးဖြင့် နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်တွင် ရောက်လာခြင်းဖြစ်သည်။
လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် နေ့လည်စာစားပြီးနောက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒကစမှူး၊ ဗျူဟာမှူးများ အပါအဝင် တွေ့ဆုံကာ နယ်မြေတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ကယားပြည်နယ် ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်ရှိရန် ဆောင်ရွက်သွားရေး၊ သန်းခေါင်စာရင်း ကောက်ခံရေးများ ဆွေးနွေးသွားကြောင်း သိရသည်။
ထိုသို့ ကြည်း၊ရေ၊လေ အကြီးအကဲအစုံဖြင့် လွိုင်ကော်မြို့သို့ စစ်ခေါင်းဆောင်ရောက်လာခြင်းအပေါ် ကရင်နီပြည်အား ထိုးစစ်များ လုပ်လာနိုင်ဖွယ်ရှိကြောင်း ကရင်နီတပ်မတော် (KA)စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က သုံးသပ်သည်။
၎င်းက “ကရင်နီမှာ ကြီးကြီးကျယ်ကျယ် စစ်ကြောင်းထိုးဖိုးတော့ သူတို့လုပ်ချင်တာပေါ့။ ဒါပေမယ့် လုပ်နိုင်မယ့်အခြေအနေ ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လက ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ မြို့ပေါ်နေရာ အများစုကို ထိန်းထားနိုင်ခဲ့သော လွိုင်ကော်မြို့ကို စစ်ကောင်စီက အင်အားအများအပြားဖြင့် ပြန်လည်စစ်ဆင်ကာ လုံခြုံရေးကိစ္စများ ဆက်တိုက်လုပ်ဆောင်လာပြီး ဒီးမော့ဆိုဘက်သို့လည်း စစ်ကြောင်းထိုးမှုများ ရှိနေသည်။
စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်၌ ကယားပြည်နယ်ကို အေးချမ်းအောင်ဆောင်ရွက်၍ လာမည့် အောက်တိုဘာလ အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုများ ပြုလုပ်သွားမည်ဆိုကာ ပြည်သူများအနေဖြင့် လက်နက်ကိုင်အဖွဲ့များ သက်ဆိုး ရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးစေလိုကြောင်း ပြောသည်။
လွိုင်ကော်မြို့ခံအမျိုးသားတဦးက “သန်းခေါင်စာရင်းကောက်တာတို့ ရွေးကောက်ပွဲလုပ်တာတို့ လွိုင်ကော်လောက်ပဲ သူ လုပ်နိုင်မယ်။ လက်ရှိအနေအထားအရ တခြားမြို့တွေမဖြစ်နိုင်ဘူး။ လွိုင်ကော်မှာတောင် သူကိုယ်တိုင် မလုံခြုံတာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတာပဲ” ဟု ပြောသည်။
စစ်ခေါင်းဆောင်သည် လွိုင်ကော်ခရီးစဉ်အတွင်း မြို့တွင်းနေရာတချို့နှင့် ဘုရားများကို သွား၍ လုံခြုံသည့် သဘောမျိုးဖြင့် ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရန် စည်းရုံးလှုံ့ဆော်သော်လည်း လက်တွေ့ကျသော ကူညီထောက်ပံ့မှုများ ရှိမနေ၍ ပြန်လည်နေထိုင်သူ နည်းနေသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဦးဗညားက “လောလောဆယ်ပြည်သူတွေကတော့ ၄ ပုံ ၁ပုံ ဝန်းကျင်လောက် ပြန်ရောက်နေတယ်လို့ ပြောလို့ရတယ်။ ဒါက အကြမ်းဖျင်းပေါ့။ တော်တော်လေး နည်းပါတယ်။ ပြည်သူတွေ နေလို့ရတာက မြို့တွင်းလောက်ပဲရှိပါတယ်။ လုံးဝနေ လို့ မရတဲ့ ရပ်ကွက်တွေက ၆ ရပ်ကွက်လောက်ရှိနေတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် လွိုင်ကော်မြို့ကို ပြန်ထိန်းချုပ်၍ သန်းခေါင်စာရင်းကောက်ရန် မြို့၏နေရာအနည်းငယ်၌ မဖြစ်မနေ ပြုလုပ်လာနိုင်ပြီး နယ်မြေအေးချမ်းတည်ငြိမ်နေသယောင် ကမ္ဘာကို သတင်းစကားပေးရန် ရည်ရွယ်နေကြောင်း ဦးဗညားက ဆက်ပြောသည်။
လွိုင်ကော်မြို့သည် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၁၁၁ စစ်ဆင်ရေးမတိုင်မီက ဒေသခံပြည်သူ သိန်းချီရှိခဲ့ပြီး ထိုအခြေအနေ သို့ ပြန်လည်ရရှိနိုင်ရန် စစ်ကောင်စီက စည်းရုံးမှုများဆက်တိုက်ပြုလုပ်နေသော်လည်း ပျက်စီးသွားသည့် နေအိမ်များနှင့် အခြေခံ အဆောက်အဦများကို ပြန်လည်တည်ဆောက်ပေးနိုင်မှု မရှိခြင်း၊ တိုက်ပွဲများအချိန်မရွေး ပြန်ဖြစ်နိုင်ခြင်း၊ လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေများကြောင့် နေရပ်ပြန်ရန်ခက်ခဲနေဆဲ ဖြစ်သည်ဟု တောင်ကြီးတွင် ရှောင်တိမ်းနေသည့် လွိုင်ကော်ဒေသခံများက ပြောသည်။
You may also like these stories:
လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား
လွိုင်ကော်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ
လွိုင်ကော်ပြတိုက်မှ ပျောက်ဆုံးရှေးဟောင်းပစ္စည်းများ IEC ထိန်းသိမ်းထား ဟုဆို