စစ်ကောင်စီက နမ့်ခမ်း၊ ဖယ်ခုံ၊ နောင်ချို၊ မင်းတပ်၊ နွားထိုးကြီး၊ မြိုင် စသည့်မြို့နယ်များတွင် ဗုံးကြဲမှုများ ပြုလုပ်ရာ ကလေး သူငယ်များ အပါအဝင် အရပ်သား ၂၈ ဦးခန့် သေဆုံးခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နမ့်ခမ်းမြို့ကို ယနေ့နံနက်အစောပိုင်း ၁နာရီ ၃၅ မိနစ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချရာ ညဈေးအနီး လူနေရပ်ကွက်နှင့် ကျားဖြူခန်းမ အနီးကျသဖြင် ကလေး ၂ဦး အပါအဝင် သေဆုံးသူ စုစုပေါင်း ၁၃ဦး ရှိလာပြီဖြစ်သည်။
ဗုံးကြဲမှုကို ကိုယ်တွေ့ကြုံရသူ နမ့်ခမ်းလူမှုကူညီရေး အဖွဲ့ဝင်တဦး၏ ပြောကြားချက်အရ ဆိုလျှင် ဗုံးကြဲခံရသည့် နေရာများ သည် စစ်ရေးပစ်မှတ်ဖြစ်သည့် ဌာနဆိုင်ရာရုံး အဆောက်အဦများ မဟုတ်ဘဲ အရပ်သားနေအိမ်များသာ ဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသူများမှာလည်း အရပ်သားများဖြစ်ကြောင်း၊ ၎င်းတို့၏ ပရဟိတအဖွဲ့ဝင်တဦးနှင့် ၎င်း၏ မိသားစုဝင်များပင် ပါဝင်ကြောင်း သိရသည်။
“သူက ကျနော်တို့ ပရဟိအဖွဲ့ဝင်တယောက် အမြဲတမ်းကူညီပေးနေတာ။ ကိုယ်ဝန်သည်တဦးဆိုတာ သူ့အမျိုးသမီးပါ။ သူရယ်၊ သူ့အမျိုးသမီးရယ် ၃ နှစ်ခွဲအရွယ်သမီးအကြီးရယ်၊ ဗိုက်ထဲက ၆လသား သားလေးရယ် တမိသားစုလုံး သေသွား တာ” ဟု ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် လေယာဉ်ပျံများ ပျံဝဲနေကာ ထပ်မံဗုံးကြဲနိုင်သည့် အန္တရာယ်များကြားမှ ကူညီကယ်ဆယ်ရေးများ လုပ် ဆောင်နေပြီး “ပြည်သူတွေပဲထိတာ ကျနော်တို့လည်း အရမ်းပင်ပန်းနေပြီ။ ကျနော်တို့ ပြည်သူတွေ အသင်းသားတွေ နောက်နောင် အခုလိုအဖြစ်ဆိုးမျိုး ထပ်မကြုံရဖို့ ဆုတောင်းပါတယ်” ဟု သူကဆိုသည်။
လက်ရှိတွင် ထိခိုက်ပျက်စီးသွားသောနေအိမ်များတွင် TNLA မှ လုံခြုံရေးယူ၍ သေဆုံးသူများကို ဆက်လက်ရှာဖွေနေ သောကြောင့် သေဆုံးသူဦးရေထပ်ထိုးလာနိုင်ကြောင်း သိရသည်။
နမ့်ခမ်းမြို့ပေါ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး ဈေးဆိုင်အများစု လည်း ပိတ်ထားကြသလို အသွားအလာ နည်းသွားသည်ဟု မြို့ခံများက ဆိုသည်။
နမ့်ခမ်းမြို့ခံအမျိုးသားတဦးက “လေယာဉ်က ခေါင်မိုးပေါ်ကဖြတ်သွားတာ။ ကလေးတွေနိုးပြီး ရေချိုးခန်းဆင်းပြေးရတာ လေယာဉ်က အရမ်းမြန်တော့ ရေချိုးခန်းတောင် မရောက်ဘူး ပေါက်ကွဲသံကြားတာပဲ ။ တခြားမြို့တွေကို လေယာဉ်နဲ့ ဗုံးလာကြဲနေချိန်ကတည်းကလည်း ငါတို့မြို့ရော ဘယ်နေ့လာမလဲဆိုပြီး အမြဲတွေးပူနေခဲ့ရတာ။ လေယာဉ်လာတိုင်း ရေချိုးခန်းမှာ ပြေးပုန်းနေခဲ့ကြရတာ” ဟု ဗုံးကြဲခံရသည့် အတွေ့အကြုံကို ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့သည် အရှေ့ဘက်တွင် မူဆယ်၊ကွတ်ခိုင်၊အနောက်ဘက်တွင် မန်စီ၊ တောင်ဘက်တွင်မန်တုံ၊ မြောက်ဘက်တွင် တရုတ်နိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်နေပြီး နမ့်ခမ်းမြို့ပေါ်ရပ်ကွက် ၁၄ ခု၌ လူဦးရေ ၃၃၃၈၂ ဦးနေထိုင်သည်ဟု ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းများကဖော်ပြထားသည်။
စစ်ကောင်စီသည် TNLA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာ ၂ ရက် က ကြေညာခဲ့ပြီးနောက် ဗုံးကြဲမှုများ ပိုလုပ်လာရာ လူအများအပြားသေစေနိုင်သည့် ပေါင် ၅၀၀ ဗုံးများ နေ့စဉ်လာရောက် ကြဲနေခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
အလားတူ ယနေ့နံနက် အစောပိုင်းက နောင်ချိုမြို့နယ် ရွှေမုဌောရွာ ဗုံးကြဲခံရပြီး ၁၃နှစ်အရွယ် ကလေးငယ်တဦး သေဆုံး ကာ အိမ်များ ပျက်စီးသလို၊ ယမန်နေ့ ည ၉နာရီ ကျော်က ကရင်နီပြည် မိုးဗြဲ- ဖယ်ခုံ အနောက်ခြမ်းမှ ဘန်ကောက် စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး ကလေး ၆ ဦးအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင်လည်း ယနေ့နံနက် ၂နာရီကျော်က ဗုံးကြဲခံရသလို မန္တလေးတိုင်း နွားထိုးကြီး မြို့နယ်ရှိ ဆူးရစ်ကုန်း၊ ဖလံကုန်းရွာများနှင့် မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာလည်း ဗုံးကြဲခံရသည်၊ လက်ယက်မရွာ ဗုံးကြဲမှုတွင် ၆ဦးသေဆုံးခဲ့သည်။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
လောက်ကိုင်မြို့ခံတချို့ လေကြောင်းရန် ကြောက်၍ ဝနယ်သို့ တိမ်းရှောင်
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်