ထိုင်းနိုင်ငံ တောင်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားရှိရာ စူရတ်ဌာနီမြို့ ဘန်ကူးရပ်ကွက်၌ ၂၀၂၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် မေတ္တာရိပ် မြန်မာစာသင်ကျောင်းကို ထိုင်းပညာရေးဝန်ကြီးဌာန၏ ဥပဒေများကို လိုက်နာမှု မရှိသည့် အတွက် စက်တင်ဘာလ ၄ ရက်မှစ၍ အာဏာပိုင်တို့က ပိတ်သိမ်းလိုက်သည်။
ယခုလို မေတ္တာရိပ်မြန်မာရွှေ့ပြောင်းကျောင်း ပိတ်သိမ်းခံရမှုက တခြားသော ထိုင်းတောင်ပိုင်းမှ မြန်မာရွှေ့ပြောင်း ကျောင်း များအပေါ်လည်း ရိုက်ခတ်မှုရှိခဲ့ပြီး ယခုရက်ပိုင်း တချို့ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။
ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်သီချင်းသည်ဆိုသည့် ဗီဒီယိုဖိုင်သည် မြန်မာများအကြား ရေပန်းစားသလို ထိုင်းလူမျိုးတို့ကြား တွင် လည်း ဝေဖန်မှုများ ဖြစ်ခဲ့ရသည်။
မေတ္တာရိပ်ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း၌ ကျောင်းသား ကျောင်းသူ ၁၂၀၀ တက်ရောက်နေပြီး မြန်မာဆရာ ဆရာမ ၂၈ဦး၊ ထိုင်းဆရာမ ၅ ဦး သန့်ရှင်းရေး ဝန်ထမ်း ၃ ဦးဖြင့် လည်ပတ်နေပြီး ထိုင်းအာဏာပိုင်များမှ ဆက်မဖွင့်ရန် အကြိမ် ကြိမ် တားမြစ်သော်လည်း ဆက်လက်ဖွင့်လှစ်နေခြင်းကြောင့် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေး၍ ချိတ်ပိတ်မှု လုပ်ဆောင် ခြင်းဟု သိရသည်။
အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာ ဦးဇော်ခိုင်မျိုးက “ကျောင်းထဲ လုံးဝ ဝင်လို့မရတော့ဘူး။ ကျနော်တို့ ဆရာ၊ ဆရာမ တွေက စာရွက်စာတမ်းတွေ သွားသိမ်းတော့ ထိုင်းတာဝန်ရှိသူတွေက ဝင်စစ်သွားသေးတယ်။ ဖမ်းဆီးတာတော့ မရှိပါဘူး။ ဒီကျောင်းကို ပိတ်လိုက်ပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ ဝင်လို့ မရတော့ဘူး။ အလုပ်လာလုပ်လို့ မရဘူးလို့ ပြောပါတယ်။ ကျောင်းပိုင်ရှင်ရယ်၊ ကျောင်းနေရာကို ငှားထားပေးတဲ့သူရယ် ဒီကျောင်းကို အုပ်ချုပ်နေတဲ့ကျနော်တို့ကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကလေးတွေရော မိဘတွေရော အခက်အခဲအများကြီး ကြုံနေရတယ်။ တအား စိတ်ဓာတ်ကျ နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။
စက်တင်ဘာလ ၅ ရက်က ထိုင်းအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး ဗဟိုအစည်းအဝေးခန်းမတွင် စူရတ်ဌာနီ ခရိုင် ဒုတိယခရိုင်ဝန် Mr. Sukon Noopakdee၊ ခရိုင်ပညာရေးမှူး Mr. Chokdee Satthakarn ၊ စူရတ်ဌာနီမြို့မရဲစခန်း ဒုစခန်းမှူးရဲမှူးကြီး Natchanon Kerdko၊ စူရတ်ဌာနီခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ အမျိုးသားလုံခြုံရေး ကာကွယ် စောင့်ရှောက်ရေးတပ်ဖွဲ့တို့က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယင်း သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံတော်သီချင်း သီဆိုသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ ခဲ့ပြီးနောက် ထိုင်းနိုင်ငံပညာရေးဝန်ကြီးက ခရိုင်အဆင့် ပညာရေးရုံးအကြီးအကဲကို အဆိုပါကျောင်းအား သွားရောက် စစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း၊ စစ်ဆေးရာတွင် မေတ္တာရိပ်မြန်မာစာသင်ကျောင်းသည် အာဏာပိုင်များက ဆက်မဖွင့်ရန် ၁၀ကြိမ် နီးပါးတားမြစ်ရာမှ ပြန်လည်ဖွင့်လှစ်နေသည်ကို တွေ့ရ၍ လုပ်ငန်းစဉ်အားလုံးကို ရပ်နားခိုင်းကာ ချိတ်ပိတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်ပေးနေသူတဦးက “သူများနိုင်ငံမှာလာပြီး ကိုယ့်နိုင်ငံတော် သီချင်း ဆို အလံတွေထောင်နေတွေ လုပ်လို့ မရပါဘူး၊ အမျိုးသားလုံခြုံရေးဥပဒေကလည်း ရှိပြီးသား။ ထိုင်းရော မြန်မာနိုင်ငံတော် သီချင်းပါ ဆိုတယ် ဆိုပေမယ့် မြန်မာသီချင်းဆိုတာကို ကြားပြီးတော့ အမြင်ကတ်တာလည်း ဖြစ်နိုင်တယ်။ ဆိုရှယ်မီဒီယာ ပေါ်တင်တာတွေကလည်း ရိုက်ခတ်မှုရှိတယ်။ တရားဝင်ဖြစ်ရင်တောင် အာဏာပိုင်တွေ ထိုင်းတွေက မကျေနပ်ရင် တိုင်လို့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့အတွက် စူရတ်ဌာနီခရိုင် ပညာရေးရုံးက ၂၀၀၇ ပုဂ္ဂလိကကျောင်းများ အက်ဥပဒေအရ တည်ထောင်ဆောက် လုပ်ခွင့် မရှိဘဲ လုပ်ဆောင်သည့်အတွက် လုပ်ငန်းအားလုံး ရပ်ဆိုင်းရမည်ဟု တားမြစ်စာထုတ်ထားပြီး ပညာရေးဌာန၏ ထုတ်ပြန် တားမြစ်ချက်တွင် တရားဥပဒေအရ အရေးယူရန် ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း ပါရှိသည်။
အဆိုပါ အခြေအနေအပေါ် ကျောင်းအား တရားဝင်ဖြစ်စေရန် ထိုင်းလူမျိုးနှင့် ပူးပေါင်းပြီး ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကျောင်းအုပ်တာဝန်ယူထားသည် ဦးဇော်ခိုင်မျိုးက ပြောသည်။
၎င်းက “ဒီကလေးတွေက အဖေအမေတွေ အလုပ်သွားတဲ့အချိန် မနက်ဆို လာပို့ထားတယ်။ ညနေ အလုပ်ပြန်ရင်ဝင်ခေါ်နဲ့ အဆင်ပြေကြတယ်။ အခုဆိုရင် ကလေးတွေရော မိဘတွေရော အခက်အခဲအများကြီး ကြုံရတယ်။ တအား စိတ်ဓာတ်ကျ နေကြတယ်။ မြန်မာကလေးတွေ ထိုင်းမှာ အခုလိုကြုံရတဲ့အတွက် မျက်နှာငယ်ရတယ်။ တာဝန်ရှိတဲ့လူကြီးတွေကလည်း ကူညီပေးစေချင်တယ်။ ကလေးတွေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပညာသင်ခွင့်ရအောင်။ တချို့ကလေးတွေက ရောက်နေတဲ့ အတန်းပညာထက် အသက်ကကြီးနေကြပြီ။ ထိုင်းကျောင်းတွေက အသက်ကြီးနေရင် လက်မခံဘူး။ ကလေးတွေက တော်တော်လေးကို စိတ်ထိခိုက်နေကြတယ်” ဟု ပြောသည်။
ထိုကျောင်းသည် မူလ သက်မွေးပညာသင်ကြားသည့် ထိုင်းကျောင်းတခုဖြစ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုး ကြောင့် ပိတ်ခဲ့ပြီးနောက်ပိုင်း မေတ္တာရိပ်မြန်မာရွှေ့ပြောင်းကျောင်းအဖြစ် ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်းရှိ FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ ဒီထောင်နဲ့ ချီရှိတဲ့ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ကျောင်း အခုလို ပိတ်ခံရတာတော့ စိတ်မကောင်းပါဘူး။ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်း ကလေးတွေ ကျောင်းဖွင့်မယ်ဆိုရင်အတတ်နိုင်ဆုံး ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းကို လိုက်နာ ဖို့ လိုပါမယ်။ ပိုပြီးအရေးကြီးတာက ဒေသခံ ထိုင်းလူမျိုးတွေရဲ့ ကူညီရိုင်းပင်းမှုရအောင် ဆောင်ရွက်ဖို့လိုပါလိမ့်မယ်”ဟု ပြောသည်။
ထိုင်းအစိုးရနှင့် ရွှေ့ပြောင်းပညာရေးဆောင်ရွက်နေသူများအကြား စနစ်ကျသည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပညာသင်ကြားနေသည့် ရွှေ့ပြောင်းကလေးများ ထိုင်းစကားပြောဆိုခြင်း ကောင်းမွန်လာပါက ထိုင်းကျောင်းများသို့ ပို့ကာ ပညာ ဆက်လက်သင်ကြားနိုင်အောင်အထိ ပြုလုပ်သင့်ကြောင်း ဦးထူးချစ်က ထောက်ပြ ပြောဆိုသည်။
ထို့ပြင် ကျောင်း၌ ပညာသင်ကြားပေးနေသည့် မြန်မာ ဆရာ၊ဆရာမများမှာ ထိုင်းနိုင်ငံတွင် တရားဝင်ပညာသင်ကြားခွင့် မရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာ အကျုံးဝင်သဖြင့် ၎င်းတို့ပါ ဖမ်းဆီးအရေးယူခံရနိုင်ကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း သုံးသပ်ပြောဆိုသည်။
“သင်နေတဲ့ဆရာ၊ ဆရာမတွေဆိုတာလည်း ရွှေ့ပြောင်းအလုပ်သမားတွေပဲ။ သူတို့ကလည်း ရွှေ့ပြောင်းအလုပ်သမား အထောက်အထား ကိုင်ထားတာမို့လို့ ဆရာအလုပ်ကို လုပ်လို့မရဘူး။ ဆရာအလုပ်လုပ်ဖို့အတွက်က ခွင့်ပြုထားတာ မပါဘူး။ အမှန်တော့ အဲဒီမှာတင်ငြိနေပြီ။ သူတို့ကို ဖမ်းမသွားတာ ကံကောင်းတယ်” ဟု သူကပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီပြည်နယ်သည် စက်ရုံ၊ အလုပ်ရုံ၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း များ လုပ်ကိုင်ရာမြို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရနောင်းခရိုင်ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတချို့ကို သက်ဆိုင်ရာ အစိုးရအဖွဲ့ များ က ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ဥပဒေနှင့်မညီသည့်အတွက် ပိတ်သိမ်းခံရသော ရွှေ့ပြောင်း ကျောင်း ပေါင်း ၁၀ ကျောင်းထက်မနည်းရှိနေကြောင်း သိရသည်။
You may also like these stories:
ထိုင်းတောင်ပိုင်းရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ
ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ
ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ