စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးမြို့များတွင် တိုက်ပွဲများဖြစ်နေရာ အင်းတော် တိုက်ပွဲ အတွင်း မြို့မဘုန်းတော်ကြီးကျောင်း၌ ပိတ်မိနေသည့် စစ်ရှောင်ပြည်သူ ၈၀၀ ကျော်အား စစ်တပ်က ထွက်ခွာခွင့် မပေး၍ ဒဏ်ရာရသူများမှာ ဆေးကုခွင့်မရ၍ သေဆုံးသူများ ရှိလာ ကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံက သိရသည်။
မြို့မဘုန်းကြီးကျောင်း၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဩဂုတ် ၁၆ ရက်မှ စတင်ကာ သံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် ပိတ်မိနေပြီး ဘုန်းတော်ကြီးကျောင်းအနီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိထားကာ သေဆုံးသူ ၂ ဦးရှိကြောင်း သိရသည်။
အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “အခုပိတ်မိနေတဲ့သူတွေက တိုက်ပွဲတွေ ဖြစ်တော့ အရင်လိုပဲ တရက် နှစ်ရက်ထဲနဲ့ ပြီးသွားမယ်ထင်ပြီး ဘုန်းကြီးကျောင်းဘက်ကို ပြေးကြတာ၊ တိုက်ပွဲက သူတို့ ထင်သလို မဟုတ်ဘဲ ရက်ရှည်သွားတဲ့အပြင် ဆုတ်လာတဲ့စစ်သားတွေက ဘုန်းကြီးကျောင်းရှိတဲ့ ဂျပန်လိုဏ်ဂူဘက် က နေ ဆက်ပြီး ခံနေတာမို့ အကုန်လုံး ထွက်ရခက်သွားကြတာ။ အဲဒီမှာ ပိတ်မိနေတဲ့သူတွေကို လူသားဒိုင်းအနေနဲ့ ကာ ထားပြီး ထွက်ခွင့်မပေးတော့ဘူး၊ ဒဏ်ရာရထားတဲ့သူတွေလည်း ဆေးကုသခွင့်မရဘူးလို့ သိရတယ်” ဟု ပြောသည်။
ဆေးကုသခွင့်မရ၍ သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများဖြစ်ကာ အလောင်း များအား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ပင် မြေမြှုပ်သင်္ဂြိုဟ်ပေးထားကြောင်း သိရသည်။
ယင်းဘုန်းကြီးကျောင်းအတွင်းမှ ထွက်ပြေး လွတ်မြောက်လာသူတဦးက “ပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရတဲ့သူတွေ လည်း ရှိနေသေးတယ်။ ဒဏ်ရာရတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်၊ သေတဲ့သူတွေက ရထားတဲ့ ဒဏ်ရာကို အချိန်မီ ဆေးကုသခွင့်မရလို့ သွေးထွက်လွန်ပြီး ဆုံးတာလို့ ယူဆရတာပေါ့။ ပိတ်မိနေတဲ့အထဲမှာ နားလည် တဲ့သူ တချို့ပါတော့ သွေးထွက်မလွန်အောင် ရသမျှနည်းလမ်းတွေနဲ့ လုပ်ပေးထားကြတယ်။ သူတို့က(စစ်တပ်) အချိန်ပြည့် စောင့်ကြည့်နေတာမျိုး မဟုတ်ပေမယ့် ထွက်မပြေးရဲကြဘူး။ ကျနော်တောင် သူတို့အလစ်မှာ ထွက်ပြေးလာလို့ လွတ် လာတာ” ဟု ပြောသည်။
မြို့မဘုန်းတော်ကြီးကျောင်းသည် ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ)နှင့် တဆက်ထဲတည်ရှိပြီး လက်ရှိ ကျောင်းအတွင်း၌ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားသလို အနီးဝန်းကျင်တွင် ကင်းစခန်းများလည်း ရှိနေသည်။
စစ်ရှောင်ပြည်သူ ၈၀၀ ကျော်မှာ မြို့မဘုန်းတော်ကြီးကျောင်း၌ ပိတ်မိနေမှုမှာ ၃ ပတ်နီးပါး ရှိလာသဖြင့် ရိက္ခာပြတ်လပ် မှုများ ဖြစ်ပေါ်နေရာ စစ်ကောင်စီတပ်များ၏ အကူအညီ မရသည့်အပြင် ထွက်ခွာခွင့်မပြုသဖြင့် စားသောက်ရေး အခက်အခဲများလည်း ရင်ဆိုင်နေရသလို ပိတ်မိနေရာမှ ထွက်ပြေးရန် ကြိုးစားသူများကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ပစ်ခတ်ခြင်းများရှိကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲကာလဖြစ်နေသဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေရာ ဘုန်းကြီးကျောင်း အား မှားယွင်းပစ်ခတ်မှုမျိုး ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် အင်တော်မြို့တွင်း၌ တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်သလို တော်လှန်ရေး အင် အားစုများအနေဖြင့် ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကြိုးစားနေသော်လည်း စစ်တပ်၏ ခံတပ်ကုန်းဖြစ်နေ၍ မအောင်မြင်သေးကြောင်း၊ ယင်းသို့ထွက်ပြေးလွတ်မြောက်သူများကို ကူညီပေးလျက်ရှိကြောင်း၊ ထွက်ပြေးလာသူများ တွင် Non-CDM ဝန်ထမ်းများလည်း ပါဝင်ကြောင်း တော်လှန်ရေးတပ်များက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လွတ်မြောက်လာသူတွေကို သူတို့သွားချင်တဲ့နေရာရှိရင် ဆက်သွားနိုင်အောင် စီစဉ်ပေးတယ်၊ သွားစရာမရှိရင်လည်း စစ်ရှောင်စခန်းတွေကို ပို့ပေးပေါ့၊ အဓိကတော့ ပိတ်မိနေတဲ့သူတွေကို ကယ် ထုတ်နိုင်အောင်လို့ ကြိုးစားနေတာမျိုးတွေ ရှိပါတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းက စစ်တပ်ခံစစ်ကုန်းနဲ့ နီးတဲ့အပြင် ကာကင်းလေးတွေ ရှိတော့ လုပ်ရကိုင်ရခက်တဲ့အနေအထားမှာ ရှိတယ်၊ လေကြောင်းကနေ ပစ်နေတာတွေလည်း ပါတာပေါ့၊ ပြီးတော့ ပိတ်မိနေတဲ့သူတွေကို ဒိုင်းအဖြစ် သုံးထားတာမျိုးဆိုတော့ ဇွတ်အတင်း တက်လုံးမယ်ဆိုရင် အားလုံးအတွက် အဆင်မပြေဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်ကလည်း အင်းတော်မြို့နယ် နန့်သာကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဖမ်းဆီးခံထားရသည့် ၅ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သို့ အဓိကဝင်ပေါက်နှင့် စစ်ရေးအရအရေးပါသော မန္တလေး- ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်မြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)၊ ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း၍ ဩဂုတ် ၁၆ ရက်မှ စတင် ထိုးစစ် ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အင်းတော်မြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဩဂုတ် ၂၄ ရက်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်ရှိ ဗျူဟာကုန်း (ဒေသအခေါ် စစ်တပ်ကုန်း) နှင့် ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ) သို့ ဆုတ်ခွာသွားကြောင်း သိရသည်။
အင်းတော်မြို့တွင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၇၇) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) တပ်များ ပူးပေါင်း အထိုင်ချတပ်စွဲထားပြီး လက်ရှိဗျူဟာကုန်း၌ အင်အား ၃၀၀ ခန့်နှင့် ဂျပန်လိုဏ်ဂူတွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ဝင်အချို့ ရှိနေကြောင်း သိရသည်။
လက်ရှိတွင် အင်းတော်မြို့တွင်းထိ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းထားနိုင်ဆဲဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ကျန်ရှိနေသေးသည့် စစ်တပ်ကုန်းနှင့် အင်းတော်မြို့မဘုန်းကြီးကျောင်း အထိုင်စခန်းတို့မှနေ ခုခံနေကြသလို လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများပါ ပေးနေဆဲဟု သိရသည်။
အင်းတော်မြို့ပေါ် ရပ်ကွက် ၁၀ ခုတွင် လူဦးရေ ၈ သောင်းဝန်းကျင်ခန့်နေထိုင်ပြီး အင်းတော်မြို့နှင့် ၂ မိုင်ခွဲအကွာ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းရှိ နဘားကျေးရွာ တိုက်ပွဲစတင်ချိန်ကတည်းက ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြကာ ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းမြို့နယ်ဘက် အများဆုံးတိမ်းရှောင်ကြကြောင်း ဒေသခံများ ထံက သိရသည်။
အင်းတော်မြို့နယ်တွင် ပါဝင်သည့် မော်လူးမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တော်လှန်ရေးအင်အားစုများက တိုက် ခိုက် သိမ်းပိုက်ထားသည်။
ထို့အတူ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ဝင်ရောက်နိုင်သလို စစ်ရေးအရအရေးပါသော စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ပင်လည်ဘူးမြို့များ တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီက လေကြောင်းပစ်ကူများ ဆက်တိုက်ပေး၍ ခုခံတိုက်ခိုက် နေကြောင်း သိရသည်။
You may also like these stories:
မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်
မန္တလေးမှ တက်လာသည့် စစ်သင်္ဘောများ ရွှေကူသို့ ရောက်လာ