ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီးဟောင်းသည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကိစ္စအတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုလိုက်သည်။
သို့သော် ရဲတပ်ဖွဲ့သည် ဒေါက်တာ မာရှီတာ အီဗရာဟင်အား စွပ်စွဲထားသည့် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဘူကစ် အမန် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CID) ဒါရိုက်တာ မော့ ရှူဟေလီ ပြောသည်။
“စစ်ဆေးမှုတွေအရ ဒေါက်တာ မာရှီတာဟာ မြန်မာနိုင်ငံ မြဝတီက အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကိစ္စအတွက် မြန်မာကို သွားခဲ့ကြောင်း ဖေါ်ပြနေတယ်” ဟု စက်တင်ဘာလ ၃ ရက်နေ့က The Star မလေးရှား သတင်းဌာနသို့ သူပြောကြားသည်။
“အဲဒီအချက်ကို ကျနော်တို့ စစ်ဆေးအတည်ပြုနိုင်တယ်။ ဒါဟာ သူ့ရဲ့ပြောဆိုချက်ကို လွန်ခဲ့တဲ့အပတ်က မှတ်တမ်းတင် အတည်ပြုတာဖြစ်တယ်” ဟုလည်း သူပြောသည်။
CID သည် မလေးရှားနိုင်ငံသားများနှင့်ပတ်သက်သည့် မြန်မာမှ လူကုန်ကူးမှု စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု ပြီးစီးရေး သတင်းအချက်အလက်စုဆောင်းနေဆဲဖြစ်ကြောင်း သူပြောသည်။
“ကျနော်တို့ဟာ အဲဒီအမှုမှာ ဒါတွတ်ဆာရီဘွဲ့ရ တယောက်ရဲ့ ပြောဆိုချက်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” ဟု သူပြောသည်။
ဒါတွတ်ဆာရီဘွဲ့တံဆိပ်သည် နိုင်ငံအတွက် စွမ်းဆောင်ရည် ထူးချွန်သော မလေးရှားနိုင်ငံသားများအား မလေးစော်ဘွားများက ချီးမြှင့်သော အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ထူးဖြစ်သည်။
လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့သည် ဒေါက်တာ မာရှီတာအပါအဝင် လူ ၅ ဦး၏ ပြောဆိုချက်များကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဒါတွတ်ဆရီ မော့ ရှူဟေလီပြောသည်။
“အင်ဒိုနီရှားက ဘလော့ဂါတယောက်ရဲ့ ပြောကြားချက်ကို ကျနော်တို့ ဒီနေ့မှတ်တမ်းတင်မယ်” ဟု သူပြောသည်။ “သူက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာနေလို့ အွန်လိုင်းကနေ ဆက်သွယ်မယ်” ဟု သူပြောသည်။
ထိုအမှုတွင်ပါဝင်သည့် အခြားသူများကိုလည်း စုံစမ်းစစ်ဆေးမှုတွင် ဖေါ်ထုတ်မည်ဖြစ်ကြောင်း သူပြောသည်။
“ပြည်ပမှာ အထူးသဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတွေက အလုပ်ကမ်းလှမ်းမှု ရရှိထားတဲ့သူတွေ ပိုမိုဂရုစိုက်ဖို့ ကျနော်တို့ အကြံပြုတယ်။ “အလုပ်ကမ်းလှမ်းမှုတွေကို ပြည်ထဲရေး ဝန်ကြီးဌာန သို့မဟုတ် အလုပ်သမားဌာနလို တရားဝင်လမ်းကြောင်းတွေကနေ စစ်ဆေးအတည်ပြုကြပါ” ဟု သူပြောသည်။
ထို ဒုဝန်ကြီးဟောင်းသည် မြန်မာတွင်လုပ်ကိုင်နေသည့် နိုင်ငံတကာလူကုန်ကူးဂိုဏ်တခုတွင် ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံရသည့် သတင်း သြဂုတ်လ ၂၈ ရက်နေ့တွင် ထွက်ပေါ်လာသည်။
ထိုအမျိုးသမီးသည် သူ၏ ခင်ပွန်းနှင့်အတူ ကုမ္ပဏီတခုတွင် အဆင့်မြင့်လုံခြုံရေးရာထူးရှိခဲ့ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ထိုကိစ္စတွင် ပတ်သက်သည်ဟု ယူဆရကြောင်း မလေးရှား နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့ချုပ် (MHO) အတွင်းရေးမှူးချုပ် ဟီရှာမတ်ဒင် ဟာရှင် ပြောသည်ဟု ဖေါ်ပြသည်။
မြန်မာမှ ထိုလူဆိုးဂိုဏ်းကို ဖွင့်ချသည့် ဗီဒီယိုတခုသည် အင်ဒိုနီးရှား YouTube တွင် မကြာသေးမီက ပျံနှံ့ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသား အများအပြားသည် အတင်းအကျပ်လုပ်အားခိုင်းစေခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုခြင်းနှင့် လူသတ်မှုများ အပါအဝင် လူကုန်ကူးသည့် လုပ်ငန်းများကို ဗြောင်ကျကျကျူးလွန်သည့် ထိုလူဆိုးဂိုဏ်း၏ သားကောင်ဖြစ်ခဲ့ကြောင်း ထိုဗီဒီယိုက ဖေါ်ပြသည်။
မာရှီတာက ထိုစွပ်စွဲချက်များကို ထိုစဉ်ကပင် ငြင်းဆန်ထားသည်။
ထိုစုံစမ်းစစ်ဆေးမှုများသည် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ စီးပွားဖက်များ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများကို စုံစမ်းဖော်ထုတ်နေသော Justice For Myanmar (JFM) အဖွဲ့က ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ ဒေါင်မိုင်ပတ် ခေါ် အွန်လိုင်းလောင်းကစားရုံ ခြံဝင်းကျယ်၏ အရေးပါသောအခန်းကဏ္ဍတွင် မြန်မာစစ်တပ် မဟာမိတ် ကရင်နယ်ခြားစောင့်တပ် (BGF)/ကရင်အမျိုးသား တပ်မတော် နှင့်အတူ ထင်ရှားသော မလေးရှားနိုင်ငံသားများ၏ အခန်းကဏ္ဍကို ဖေါ်ထုတ်သည့် အစီရင်ခံစာထွက်ပေါ် လာပြီးနောက် မလေးရှား အာဏာပိုင်များက ပြုလုပ်လာခြင်းဖြစ်သည်။ JFM အစီရင်ခံစာတွင် မာရှီတာ အီဗရာဟင်နှင့် အခြားသူများ၏ အမည်များကို ဖေါ်ပြထားသည်။
ယခင်က စိုင်းရှီကောင် စက်မှုဇုန်ဟု ယခင်ကခေါ်သည် ဒေါင်မိုင် နိုင်ငံတကာ ရာဇဝတ်အချက်အခြာဒေသသည် ရာဇဝတ်မှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် ငွေညှစ်ခြင်းကို ရင်ဆိုင်နေရသည့် လူကုန်ကူးလုပ်အားကို အသုံးပြုနေသည်ဟု စွပ်စွဲခံနေရသည်။ ကင်းမျှော်စင်များ စစ်ဝတ်စုံဝတ်အစောင့်များနှင့် အဓိက ဂိတ်ပေါက်များတွင် စက်သေနတ်များ တပ်ဆင်ထားသောကြောင့် ဖမ်းဆီးခံရသူများသည် တင်းကျပ်သော လုံခြုံရေးကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
၎င်းတို့ဇနီးမောင်နှံနှင့် ဒေါင်မိုင်ပတ် ပတ်သက်သည့် အထောက်အထားများကို မာရှီတာ အီဗရာဟင်၏ Facebook စာမျက်နှာတွင် အသေးစိတ်ဖေါ်ပြထားပြီးဖြစ်သည်။ ထို စာမျက်နှာတခုတွင် သူက သူ့ကိုယ်သူ ထိုစီမံကိန်း၏ သံမဏိ လက်သီးပိုင်ရှင်ဟု ဖေါ်ပြထားသည်။
ဒေါင်မေပတ်ခ်ကို အဓိက ရင်းနှီးမြှုပ်နှံသူများအနက် တဦးမှာ တရုတ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ၁၄ K ၏ ခေါင်းဆောင်ဟောင်း သွားကျိုး ခေါ် ရင်ဂုံဂျူ ခေါ် ဝမ်ကောက်ကွိုင်ဖြစ်သည်။ ဝမ်ကောက်ကွိုင်ကို အမေရိကန် ပြည်ထောင်စုက ၂၀၂၀ ခုနှစ်တွင် အရေးယူပိတ်ဆို့ထားသည်။
ဒေါင်မိုင် အုပ်စုသည် ဟောင်ကောင်တွင် Dongmei Investment Group Company Limited အမည်ရှိ ကုမ္ပဏီ တခုရှိပြီး ထိုလုပ်ငန်းကိုလည်း အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားသည်။ ထိုကုမ္ပဏီတွင် မလေးရှား ဒါရိုက်တာနှင့် အစုရှယ်ယာရှင် ၂ ဦးဖြစ်သည့် အဗ္ဗဒူ ရှာကာ ဘင် အဘူ ဘာကာ (မာရှီတာ၏ ခင်ပွန်း) နှင့် ယောင်မန်ဟောင်တို့ဖြစ်သည်။
မာရှီဘာ အီဗရာဟင်၏ Facebook စာမျက်နှာ အများအပြားသည် သူနှင့် သူ၏ခင်ပွန်း အဗ္ဗဒူရှာကာ၏ ဒေါင်မိုင်ပတ်ခ်တွင် ပါဝင်ပတ်သက်မှု အထောက်အထားများကို ဖေါ်ပြထားသည်။
JFM က အသေးစိတ်ဖေါ်ပြခဲ့သည့်အတိုင်း မာရှီတာ အီဗရာဟင် နှင့် အဗ္ဗဒူရှာကာတို့သည် အပေါင်းအသင်းများနှင့်အတူ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထိုင်း နှင့် မြန်မာနိုင်ငံများသို့ သွားရောက်ကြသည်။ ဓာတ်ပုံတပုံတွင် မာရှီတာ အီဗရာဟင်သည် ကရင်နယ်ခြားစောင့်တပ်များ ဝန်းရံလျက် ဒေါင်မိုင်ပတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဟု ယူဆရသည့် လုပ်ငန်းခွင်တွင် ရိုက်ကူးထားသည့် ပုံများကို ဖေါ်ပြထားသည်။
၎င်းတို့ ၂ ဦးသည်နောက်တလတွင် ထိုင်းနှင့် မြန်မာသို့ ပြန်လာပြီး မာရှီတာ အီဗရာဟင်က ဘန်ကောက် လေဆိပ်မှ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ပို့စ်တခုတွင် သူသည် တိုင်ကို့စ်ခေါ် ကန်တုန်ဘာသာစကားအရ အကိုကြီးများ သို့မဟုတ် လုပ်ငန်းရှင် ဆရာသမား အကိုကြီး ၂၀ နှင့်အတူ ခရီးသွားနေကြောင်း ပို့စ်တင်သည်။ ထိုအကိုကြီးများအနက် တဦးသည် ဝမ်ကောက်ကွိုင် ဖြစ်သည်။
နောက်တနေ့တွင် မာရှီတာ အီဗရာဟင်သည် မြဝတီ မြို့နယ်မှ ထိုစီမံကိန်း အုတ်မြစ်ချ အခမ်းအနားပုံကို တင်ပြီး ထိုအခမ်းအနားတွင် အဗ္ဗူရှာကာက မိန့်ခွန်းပြောသည်။
ထိုအုတ်မြစ်ချအခမ်းအနား ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် နယ်ခြားစောင့်တပ် စစ်သားများ ထိုအခမ်းအနားစင်မြင့်အနီးနှင့် နေုာက်ကွယ်တွင် ရပ်နေသည်ကို ပြသထားပြီး ထိုပတ်ခ်တွင် ထိုအုပ်စု ပါဝင်ပတ်သက်နေသည့် နောက်ထပ် အထောက်အထားဖြစ်သည်။
ထိုပတ်ခ် စီမံကိန်စတင်သည့် ၂၀၂၀ ခုနှစ်မတ်လ ၁၅ ရက်နေ့ ရင်းနှီးမြှုပ်နှံသူများကို ကျေးဇူးတင်သည့် အခမ်းနားကို ကွာလာလမ်ပူရှိ မားရိယော့ဟိုတယ်တွင် ကျင်းပသည်။ ပရဟိတ လှူဒါန်းမှု တခုကို youth club activities သို့ ပြုလုပ်ပြီး ဓာတ်ပုံများတွင် ဒေါင်မိုင်အုပ်စု နှင့် မာရှီတာ အီဗရာဟင်နှင့် အဗ္ဗဒူ ရှာကာပိုင်သည့် Grand Commerce Network က ထုတ်ပေးသည့် CIMB Bank ဘဏ် ချက်လက်မှတ် အကြီးစားကို ပြသသည်။
BGF/KNA နှင့် ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးလိမ်လည်မှုနှင့် တရားမဝင် အကျိုးအမြတ်များအတွက် တည်ဆောက်သည့် ရွှေကုက္ကိုလ်မှ ရထိုက်မြို့သစ်တွင် မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်သည်။ မလေးရှား နိုင်ငံသား ၂ ဦးသည် ရထိုက်မြို့သစ်တည်ဆောက်ရေးစီမံကိန်း တည်ဆောက်သူ Myanmar Yatai International Holding Group Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာများဖြစ်သည်။
JFM ပြောခွင့်ရသူ မရတနာမောင်က ” နာမည်ဆိုး ကျော်ကြားတဲ့ ဒေါင်မိုင် ငွေကြေးလိမ်လည်မှု ပတ်ခ်မှာ မလေးရှားက ကျော်ကြားတဲ့သူတွေရဲ့ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှုကို ကျမတို့ ကြိုဆိုတယ်” ဟုပြောသည်။
You may also like these stories:
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး
မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
မြန်မာလူကုန်ကူးမှု ကုလသမဂ္ဂ ကြားဝင်ရန် မလေးရှား NGO များ တောင်းဆို
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
BGF ခေါင်းဆောင် စောချစ်သူနှင့် မိသားစုကို ဒဏ်ခတ်ရန် JFM တောင်းဆို
ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်လုပ်ငန်းတွေလုပ်နေတာကို မသိဘူးလို့ BGF/KNA ငြင်းဆို (ရုပ်/သံ)