အဘက်ဘက်မှ ပိတ်ဆို့ခံထားရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်၌ ယခုအခါ စက်သုံးဆီနှင့် စားသောက်ကုန်များ ပြတ်လာပြီဖြစ်၍ မြို့လူထု အကျပ်အတည်းတွေ့နေသည်။
ယခင်က ပလက်ဝသို့ စစ်တွေ- ကျောက်တော်မှ ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်စည်များ ဝင်သော်လည်း ရခိုင် စစ်ပွဲအတွင်း စစ်ကောင်စီမှ ပိတ်လိုက်သလို ပြီးခဲ့သည့် ဇွန်လမှစ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ဩဇာရှိ ချင်း အရပ် ဘက် ဗဟိုလောင်တလိုင် လူငယ်အဖွဲ့(CYLA)ကလည်း မတူပီဒေသမှ အာရက္ခတပ်တော် (AA) ထွက် ခွာသွား ရေး ဖိအားပေးသည့် အနေဖြင့် ကုန်စည်ပို့ဆောင်မှုကို ထပ်မံပိတ်ပင်ခဲ့သဖြင့် ပိုအခက်တွေ့စေခဲ့သည်။
ထို့အတွက် ချင်းပြည်နယ် အနောက်ဘက်ရှိ ပလက်ဝသားတို့မှာ ချင်းအရှေ့ပိုင်း မိုင် ၂၉၀ခန့်ဝေးသည့် မကွေးတိုင်း ဆောမြို့သို့ ဆိုင်ကယ်များဖြင့် တောလမ်းမှ စွန်စားသွားရောက်ကာ ကုန်စည်သယ်ယူရကြောင်း သို့သော် ယခု မိုးကာလ တောလမ်းများ ပျက်၍ မသွားနိုင်သဖြင့် ကုန်စည်ပြတ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပလက်၀ ဒေသခံအမျိုးသမီးတစ်ဦးက “ဓာတ်ဆီက ကျွန်မတို့ဆီမှာ ရှိကို မရှိတာ၊ ကုန်ပစ္စည်းကလည်း ရှားမှရှား။ သွားဖို့လာဖို့ဆို ခြေလျင်သွားရတယ်။ ရေလမ်းကနေဆိုရင် လှေကို လက်နဲ့ လှော်သွားရတယ်။ ပစ္စည်းတွေကို ဆော ဘက်ကနေ ဝယ်ရတယ်၊ လမ်းတွေကလည်းမကောင်း၊ မြေပြိုတာတွေလည်း ရှိတော့ သိပ်မသွားကြဘူး။ ဆောကို သွားတဲ့ ဆိုင်ကယ်တွေကနေ ပြန်သယ်လာတဲ့ ကုန်လေးတွေကိုပဲ ဝေမျှပြီး စားသောက်နေကြရတယ်” ဟု ပြောသည်။
ပလက်၀မြို့တွင် ကြက်ဥ တလုံးလျှင် ၂,၅၀၀ ကျပ်၊ ဓာတ်ဆီ တလီတာ ၂၀,၀၀၀ ကျပ်၊ ကြက်သွန် တပိဿ ၅,၀၀၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၁၈၀,၀၀၀၊ ပါတာစီတမော့ တကဒ်လျှင် ၅,၀၀၀၊ ဆီတပိဿ ၂၅,၀၀၀ ဝန်းကျင်အထိ ပေး၍ ဝယ်ယူနေရကြောင်း ဆိုသည်။
ပလက်၀ဒေသခံများ ရန်ကုန် မန္တလေး မြို့များသို့ ခရီးသွားပါက ဆိုင်ကယ်ကယ်ရီသမားများဖြင့် တောလမ်းမှ မတူပီ၊ ကန့်ပက်လက်၊ ဆောမြို့သို့ အဆင့်ဆင့်သွားရပြီး ထိုမှ ပခုက္ကူသို့သွား၍ လိုရာ ခရီးဆက်ရသည်။

ဆိုင်ကယ်မောင်းသူတဦးက “ပလက်ဝနဲ့ ဆောကို အချိန်တပတ်သွားရတယ်၊ မြို့ချင်းဆက် လမ်းတွေက သွားမရဘူး၊ တောလမ်းတွေ၊ လမ်းလွှဲတွေကပဲ သွားရတယ်။ မိုးတွင်းဆိုတော့ ရွံ့ဗွက်တွေနဲ့ လမ်းချော်တာရှိတယ်၊ မြေပြိုတာလည်း ရှိတယ်။ သွားတဲ့လမ်းမှာ ချောင်းကို ဖြတ်ရတာလည်းရှိတယ်၊ ဒါဆို မောင်းမရဘူးပေါ့၊ ဆိုင်ကယ်ကို လူတွေနဲ့ ထမ်းပြီး ဖြတ်ရတာ။ တကိုယ်တည်း သွားလာရင်တော့ အဆင်မပြေဘူး၊ အဖော် အနည်းဆုံး သုံးယောက်လောက် စပ်ပြီးမှ သွားကြတယ်။ ပလက်ဝကနေ အသွားဆိုရင် စားစရာမလောက်ဘူး၊ လမ်းမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ သွားရတယ်၊ ဆော က အပြန်ကျရင်တော့ စားသောက်ကုန် အခြောက်တွေ ပြန်တင်လာတော့ ကိုယ်လည်း ရိက္ခာပြန်ရတယ်၊ မြို့ပေါ်လည်း ခွဲပြီး ရောင်းပေးတယ်လေ”ဟု ပြောသည်။
ထို ဆိုင်ကယ်ကယ်ရီသမားများသည် ပလက်၀မြို့မှ ဆောမြို့သို့ သွားလိုသူများရှိပါက လိုက်ပို့ပြီး အပြန်တွင် လူသုံးကုန် စားသောက်ကုန်များကို ဝယ်ယူကာ ပလက်၀မြို့တွင် ပြန်လည်ရောင်းချကြကြောင်း သိရသည်။
သို့သော် ပလက်ဝမှ ဆောမြို့သို့ ဆိုင်ကယ်ဖြင့် ရက်သတ္တတပတ်ခန့် သွားရသလို မိုးရာသီဖြစ်၍ လမ်းမကောင်းသဖြင့် ပစ္စည်းသယ်ယူခများ ကြီးမြင့်နေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဆောမြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကလည်း ကုန်စည်သယ်ယူမှုကို ကန့်သတ်ထားသလို ဆေးဝါးကို အဓိကတင်းကျပ်ထားပြီး သယ်ယူမှုအတွက် ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။
ပလက်တဝိုက်ရှိ ကျေးရွာများမှ မြို့ပေါ်သို့ ဆိုင်ကယ်ကယ်ရီခမှာ တဦးလျှင် ကျပ်တသိန်း ကျသင့်သလို ပလက်ဝမှ မကွေးတိုင်း၊ ဆောမြို့သို့ ဆိုင်ကယ်ကယ်ရီခ ၁၄ သိန်း ပေးရကြောင်း ဒေသခံများက ပြောသည်။
ယခင်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ဘက်မှ ရေလမ်းခရီးဖြင့် ကုန်စည်များ ဝယ်ယူခွင့်ရ၍ အဆင်ပြေ ခဲ့သော်လည်း လက်ရှိစက်သုံးဆီဝယ်ယူခွင့် တားမြစ်ထားသလို ကုန်စည်ဝယ်ခွင့်များကိုလည်း ကန့်သတ်ထား သောကြောင့် ပလက်ဝတွင် ကုန်စည်ရှားပါးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကမူ မီဇိုရမ်ပြည်နယ်ရှိ ချင်း အရပ်ဘက် ဗဟိုလောင်တလိုင် လူငယ်အဖွဲ့ (CYLA)က ပလက်ဝဘက်သို့ လောင်စာဆီမှ လွဲ၍ တခြားသောကုန်များကို ခွင့်ပြုလိုက်ကြောင်း ဆိုသော်လည်း မကြာခဏ ပိတ်ပင်နေသဖြင့် ပလက်၀ ဒေသခံများမှာ ဆောမြို့မှ ကုန်ပစ္စည်းများကိုသာ အဓိက အားထားနေကြရကြောင်း ဆိုသည်
ဆမီးမြို့ဒေသခံတစ်ဦးက “တောင်ယာထဲမှာ စိုက်ပျိုးလို့ ဖြစ်ထွန်းတာလည်း မရှိဘူး။ ကုန်ဈေးနှုန်းတွေကလည်း ကြီးတယ်၊ ပိုက်ဆံရှိရင်တောင် ဝယ်စရာပစ္စည်းမရှိလို့ ဝယ်မရဘူး။ စားစရာဆိုလို့ မျှစ်ပဲ ရှိတယ်၊ အခုတောင် မိုင်းထိတဲ့သူတွေ ရှိတော့ မျှစ်တောင် သွားချိုးဖို့ ကြောက်နေရတယ်” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် ပလက်၀မြို့နယ်မှာ မျှစ်ဟင်းစားအတွက် ရှားရင်း မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦးထက် မနည်း ရှိလာရာ စားသောက်ကုန်ရှားပါးမှု၊ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် လက်ရှိတွင် ပလက်၀မြို့က ဒေသခံ သုံးပုံတစ်ပုံခန့် မြို့ကနေ မီဇိုရမ်ပြည်နယ်နှင့် ရန်ကုန်မြို့ကို စွန့်ခွာနေကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
မြန်မာဘက်သို့ လောင်စာဆီ ပို့ခွင့်မရ၍ လောင်တလိုင်လုပ်ငန်းရှင်တို့ ကန့်ကွက်