ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (KPDF) ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား စက်တင်ဘာ ၇ ရက်မှ စ၍ ယနေ့တိုင် ဖားကန့်မြို့ ဆိုင်းတောင် လူနေရပ်ကွက်တွင် သုံးရက်ကြာ တိုက်ပွဲ ဖြစ်နေကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ဖားကန့် ဗျူဟာကုန်းကနေ လုံခြုံရေး ဖြည့်တဲ့အဖွဲ့တွေ အင်အား တရာလောက်နဲ့ ထွက်လာတဲ့အဖွဲ့နဲ့ ကျနော်တို့ တွေ ထိတွေ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်ရှိပါပြီ။ မနေ့က ပြည်သူတွေ တည်းခိုနေတဲ့ ဟိုတယ်ကို စစ်တပ်က ဝင်စီးပြီးမှ ဝိုင်းထားသလို KIA တပ်ဖွဲ့တွေလည်း ပြန်ပြီးမှ ဝိုင်းထားတယ်လို့ ကြားရတယ်။ ဒါကြောင့်လည်း အဲဒီ ဟိုတယ် နား မှာ တိုက်ပွဲတွေဖြစ်နေတာ” ဟု ပြောသည်။
ဆိုင်းတောင်ရပ်ကွက်ရှိ Lucky Man ဟိုတယ်အား စစ်တပ် စစ်ကြောင်းက စက်တင်ဘာ ၇ ရက်တွင် ဝင်ရောက်ကာ ဝန်ထမ်းနှင့် တည်းခိုနေသူများအား ဖမ်းဆီးရာမှ နှစ်ဖက် စစ်ရေးတင်းမာမှုဖြစ်ကာ တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်သည်။
လက်ရှိတွင် Lucky Man ဟိုတယ်အနီးရှိ စစ်တပ်အား KIA ပူးပေါင်းများက ပြန်လည် ဝိုင်းပတ်ပိတ်ဆို့ထားပြီး တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာသို့ ဖားကန့်မြို့လယ်ရှိ စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေသည့်အတွက် အရပ်သား ထိခိုက်မှုနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။
ကချင်ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး တိုက်ပွဲ ဖြစ်ပွားရာအနီးအနားရှိ ပြည်သူများလည်း အလံဖြူထောင်ကာ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။
Kachinwaves သတင်းကမူ စစ်တပ် စီးနင်းထားသည့် ဟိုတယ်တွင် တည်းခိုနေထိုင်သူနှင့် လမ်းသွားလမ်းလာ ပစ်သတ်ခံ ထားရသည့် အရပ်သား ရုပ်အလောင်း ၇ လောင်းရှိနေပြီး ထိခိုက်ဒဏ်ရာရသည့် အရပ်သားများလည်းရှိနေကြောင်း ဖော်ပြ ထားသည်။
ထို့ပြင် ကချင်ဒေသ ပဋိပက္ခဖြစ်စဉ်များအား ကြားခံညှိနှိုင်းဆောင်ရွက်မှုများလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဦးယွပ်ဇော်လည်း ယမန်နေ့က ပစ်ခတ်ခံရမှုကြောင့် ပေါင်တွင် ကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အရပ်သား ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး တယ်လီဖုန်းလိုင်း အခက်အခဲများကြောင့် ဧရာဝတီအနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း အရပ်သား ထိခိုက်သေဆုံးမှုများအား စုံစမ်းနေဆဲသာ ဖြစ်ကြောင်းပြောဆိုသည်။
ကမ္ဘာကျော် ကျောက်စိမ်းလုပ်ကွက်များရှိရာ ဖားကန့်ဒေသက စစ်တပ်စခန်းများအား KIA နှင့် KPDF ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင် သိမ်းပိုက်လျက်ရှိရာ ဆိုင်းတောင်ရပ်ကွက်နှင့် ဆက်စပ်နေသည့် ဝှေခါ၊ တာမခံဒေသရှိ စစ်တပ်စခန်းများအား သိမ်းပိုက်ရှိထားသည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လကလည်း ဖားကန့်ဒေသရှိ အမြင့်ဆုံးတပ်စခန်းဖြစ်သော လမောင်တပ် စခန်းနှင့် တောမှော်တပ်စခန်းတို့ကိုလည်း KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် ဗန်းမော်မြို့နှင့် မိုးမောက်မြို့ကြား ၆ မိုင်နှင့် ၇ မိုင်ဝန်းကျင်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဗန်းမော်မြို့ လုံခြုံရေးအတွက် အဓိက အရေးပါသည့် ဗန်းမော်နှင့် မိုးမောက်မြို့ကြား စစ်တပ်ခြေမြန်တပ်ရင်း ခမရ ၄၃၇ တပ်ရင်းဌာနချုပ်အား KIA ပူးပေါင်းတပ်များက ဩဂုတ် ၁၉ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်က ထို တပ်ရင်းဌာနချုပ်ဘက်သို့ ပြန်လည် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်။
You may also like these stories:
ဗန်းမော်တဝိုက် စစ်တပ် ပြန်စစ်ဆင်
လေးလအတွင်း စစ်ကောင်စီစခန်း ၂၀၀ သိမ်းပိုက်ဟု KIA ပြော
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ