စစ်ကောင်စီသည် နိုင်ငံတဝှန်းတွင် တော်လှန်ရေးအင်အားစုများကို ရှုံးနိမ့်နေစဉ် သြဂုတ်လနှောင်းပိုင်းက စီးပွားရေးမြို့တော် ရန်ကုန်တွင် ရပ်ကွက်အဆင့် ပြည်သူ့စစ်များကို စတင်ဖွဲ့ရန် စည်းရုံးနေသည်။
ထိုသို့ စည်းရုံးရာတွင် ရပ်ကွက်အတွင်း အောက်ခြေလူတန်းစားများကို ပစ်မှတ်ထားကြောင်းမြို့နယ်အမျိုးမျိုးမှ ဒေသခံများ ပြောသည်။
သင်္ကန်းကျွန်း၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တွံတေး၊ ဒလနှင့် အခြားမြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် အများအားဖြင့် အသက်ကြီးသော ဆိုက်ကားသမားများကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ဆိုသည့် အဖွဲ့များသို့ ဝင်ရောက်ရန် စည်ရုံးနေသည်။
နိုင်ငံတဝန်း ကျေးရွာများနှင့် ရပ်ကွက်အဆင့်များတွင် ပြည်သူ့စစ်များကို လေ့ကျင့်၊ လက်နက်တပ်ဆင်၊ ထောက်ပံ့ရန် ကော်မတီတခုကို သြဂုတ်လလယ်တွင် စစ်ကောင်စီက ဖွဲ့စည်းသည်။ ထိုကြေညာချက်ကို စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ထိုးသည်။
ရှမ်းပြည်မြောက်ပိုင်းမှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကျဆုံးပြီး ၂ ပတ်အကြာ သို့မဟုတ် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းအမျိုးသမီးများအားလုံး ၂ နှစ် စစ်မှုမထမ်းမနေရဥပဒေကို စတင်ကျင့်သုံးပြီးနောက် ၆ လအကြာတွင် ထိုအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သည်။ သို့သော် အဓိကအားဖြင့် အသက်အရွယ်ပိုမိုကြီးသူများကို စုဆောင်းသော ထို အသစ်ဖွဲ့စည်းသည့် ပြည်သူ့စစ်အုပ်စုများတွင် အသက် ၂၇ နှစ်အထိ ငယ်ရွယ်သူများလည်း ပါဝင်သည်ဟု ဧရာဝတီက တွေ့ရှိရသည်။
ရန်ကုန်မှ သင်္ကန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူများကို စက်သုံးဆီဆိုင်များတွင် ဆီဝယ်နိုင်ရန် မက်လုံးပေးပြီး ပြည်သူ့ လုံခြုံရေး အုပ်စုများသို့ဝင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စည်းရုံးနေသည်။
သင်္ကန်းကျွန်းမှ အသက် ၅၄ နှစ်အရွယ် ဘေးတွဲဆိုင်ကယ်သမား ဦးမင်းသည် သူ၏ရပ်ကွက်မှ ပြည်သူ့လုံခြုံရေးအဖွဲ့သို့ဝင်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် စာရင်းပေးသည်။
“အဲဒီကတ်နဲ့ ကျနော့်ဆိုင်ကယ်ကို နေ့စဉ် ဆီဖြည့်ဖို့ ဓာတ်ဆီဝယ်လို့ရပြီး ရဲတို့ ယာဉ်ထိန်းရဲတို့ ကျနော့်ကို လမ်းမှာတားရင် တရားမဝင် ဘေးတွဲဆိုင်ကယ်မောင်းမှုနဲ့ ကျနော်ကို ဖမ်းလို့မရတော့ဘူး” ဟု သူပြောသည်။
ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့သည့် ထိုအဖွဲ့ဝင်ကတ်တွင် အမည်၊ အဖအမည်၊ မှတ်ပုတင်အမှတ်၊ လိပ်စာနှင့် ထုတ်ပေးသည့်နေ့ စသည့် အသေးစိတ်များကို ဖေါ်ပြထားသည်။ နောက်ကျောဘက်တွင် ကတ်ကိုင်ဆောင်သူသည် ရပ်ကွက်ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ် ပိပြားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရမည်ဟု ဖေါ်ပြထားသည်။
၎င်းတို့သည် သင်တန်းတက်ပြီး လက်နက်ကိုင်ရနိုင်သည်ဟု ဦးမင်းနှင့် ထိုကတ်ကိုင်ဆောင်သည့် အခြားသူများနားလည်သည်။
သူသည် ဓာတ်ဆီရရန်နှင့် စစ်တပ်သို့ မဝင်ရောက်ရန် သူလည်းစာရင်းပေးခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ အသက် ၅၂ နှစ်အရွယ် ဆိုက်ကားသမား ဦးဇော်ပြောသည်။
“သူတို့ ကျနော့်ကို စစ်တပ်မှာ လုပ်ခိုင်းဖို့လာရင် မြို့က ထွက်ပြေးပြီး တနေရာရာမှာ ပုန်းနေမယ်။ အခုဒီကတ်က လတ်တလော ရပ်တည်ဖို့ သက်သက်အတွက်ပဲ” ဟုသူပြောသည်။
ဘေးတွဲဆိုင်ကယ်များသည် တာပေါ်လင်အမိုးဖြင့် လူ ၂ ဦးခန့်စီးနိုင်သည့် မော်တော်ဆိုင်ကယ်များဖြစ်သည်။ ထိုင်ဘေးတွဲ ဆိုင်ကယ်များသည် တရားမဝင်သော်လည်း ရန်ကုန်မြို့စွန်များတွင် နေထိုင်သူများက ရပ်ကွက်တွင်း ခရီးတိုအတွက် ရွေးချယ် စီးနင်းကြသည်။
မကြာသေးမီကအထိ ၎င်းတို့လိုအပ်သည့် ဓာတ်ဆီများကို ဝယ်ယူခွင့်ပေးထားသော်လည်း လွန်ခဲ့သောလက နောက်ဆုံးအကြိမ် လောင်စာဆီ ပြတ်တောက်သောအခါ ရန်ကုန်ရှိမြို့နယ်အများစုတွင် ၎င်းတို့ကို လောင်စာဆီ ရောင်းချပေးရန် ငြင်းဆန်ခံရသည်။ သို့သော် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ကတ် ကိုင်ဆောင်သူများသည် မည်သည့် ဓာတ်ဆီဆိုင်တွင်မဆို တနေ့ဓာတ်ဆီ တဂါလံ ဝယ်ယူနိုင်သည်။
ပြည်တွင်းသတင်းတပုဒ်အရ စစ်ကောင်စီသည် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ပြီး မွန်ပြည်နယ်မှ ဘီးလင်း၊ သထုံ၊ ချောင်းဆုံနှင့် ရေးမြို့နယ်များတွင် အသက် ၃၅ နှစ်အထက်အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ သိမ်းသွင်းနေသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားကပ်ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ရန် အစည်းအဝေးအတွက် သြဂုတ်လ ၂၉ ရက်နေ့တွင် မိသားစုများကို ဖိတ်ခေါ်သည်ဟု အွန်လိုင်းတွင် ပေါက်ကြားသည့် စာရွက်စာတမ်းများအရ သိရသည်။
“မိမိတို့ရွာက လုံခြုံရေးအဖွဲ့ကို အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်အကြား အမာခံ ၁၀ ယောက်၊ အရန်အဖွဲ့ဝင် ၂၀ နှင့် ဖွဲ့မည်။ ထို့ကြောင့် အစည်းအဝေးကို မပျက်မကွက်တက်ရောက်ရမည်” ဟု ထိုစာရွက်တွင်ဖေါ်ပြထားသည်။
ထိုလုပ်ရပ်များကြောင့် စစ်ကောင်စီသည် အမျိုးမျိုးသော တော်လှန်ရေး အင်အားစုများထံရှုံးနိမ့်နေစဉ် မျှော်လင့်ချက် ပိုမိုကင်းမဲ့လာကြောင်း ပြသနေသည်။
စစ်ကောင်စီသည် အသက် ၃၅ နှစ်မှ ၆၅ နှစ်အရွယ်များအတင်းအကျပ် စစ်မှုထမ်းခိုင်းရန် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနချုပ်အမည်ရှိ အဖွဲ့ကို ထူထောင်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဖေါ်ပြသည်။
စစ်ကောင်စီသည် ၎င်းတို့ဆက်လက်ရှင်သန်ရန် သက်သက်အတွက် တနိုင်ငံလုံးနှင့် ပြည်သူများကို ဓားစာခံနှင့် လူသားဒိုင်းအဖြစ် သုံးရန် မျှော်လင့်နေသည်ဟု NUG က ဖေါ်ပြသည်။
နိုင်ငံသားများကို လူသားဒိုင်းအဖြစ် သုံးခြင်းရပ်အောင် စစ်ကောင်စီကို တားဆီးရန် ထိရောက်သော အရေးယူမှု ပြုလုပ်ရေးနှင့် မြန်မာမှ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ကြိုးစားနေသည့် နွေဦးတော်လှန်ရေးကို ထောက်ခံရေး နိုင်ငံတကာ အသိုက်အဝန်းကို NUG တောင်းဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hein Htoo Zan ၏ Myanmar Junta Lures Trishaw Drivers Into Militias With Incentives ကို ဘာသာပြန်သည်။)
You may also like these stories:
ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ
မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်
စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ
လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)