သြဂုတ်လက ပြင်ပပေါက်ဈေး ကျပ် ၇ထောင်နီးပါး ဖြစ်ခဲ့သည့် အမေရိကန်ဒေါ်လာမှာ တဖြည်းဖြည်း ပြန်ကျလာပြီးနောက် ယမန်နေ့က တဒေါ်လာ ၄၅၀၀ ကျပ် ဈေးဖြစ်နေရာမှ ယနေ့တွင် ရုတ်တရက်ဆိုသလို ၅၂၀၀ ကျပ်အထိ တက်သွားသလို အကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်ဖြစ်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းဒေါ်လာငွေကြေး လဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သူတဦးက “အခု ဈေးကွက်ထဲမှာ ၅၂၀၀ ကျပ်၊ ၅၄၀၀ ကျပ် လောက်အထိ ဖြစ်နေတယ်။ ဈေးက မငြိမ်ဘူး။ ပြန်အတက်ကိုမှ ဈေးကဆွဲတင်နေတာပေါ့။ မနေ့က ၁ ဒေါ်လာ ၄၅၀၀ ကျပ်လောက်ဆင်းသွားတာ။ ဆင်းတာကတော့ ဗဟိုဘဏ်က ထုတ်ရောင်းတာရော၊ ဝယ်လိုအားကျတာ ရော၊ ကမ္ဘာ့ဈေး လည်း နည်းနည်းပါးကျတော့ ကိစ္စတွေစုံပြီး ကျသွားတာ။ အခုကတော့ ပြန်တက်နေတယ်။ ဝယ်လိုအားပေါ် တချက်စောင့် ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း ၁ အောင်စလျှင် ဒေါ်လာ ၂၅၀၀ ကျော်အထိ အမြင့်ဈေးသော်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များ အသင်းကမူ အကယ်ဒမီ အခေါက်ရွှေကို ယနေ့ညနေပေါက်ဈေး ကျပ် သိန်း ၅,၀၄၄,၈၉၇ ဖြင့်သာ ဈေးဖွင့်စေသည်။
“အခုဈေးနဲ့ အရောင်းအဝယ် လုပ်မှာလား မလုပ်ဘူးလား ဆိုတာ ဒီနေ့ ညနေနဲ့ မနက်ဖြန် မနက်လောက်ဆို သိရပါတယ်။ အဝယ် မလိုက်ရင်တော့ ထိုးကျသွားတယ်။ ဈေးကျရင် အရောင်းတွေချည်းပဲ။ ပြန်တက်လာပြီဆိုရင်တော့ အရောင်းပြတ် သွားမယ်။ အဝယ်လိုက်လာမယ် အဲဒီလိုဆိုရင်တော့ ဈေးပြန်မာမယ်ပေါ့” လက်ရှိအခြေအနေကို ပြည်တွင်း ရွှေလုပ်ငန်းရှင် တဦးက က ရှင်းပြသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဆိုလျှင် ၁ ဒေါ်လာလျှင် ၇၀၀၀နီးပါးနှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၇၀ ကျော်ဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဈေးကွက်မှာ မတည်ငြိမ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း စက်တင်ဘာ ၉ ရက်က ၁ ဒေါ်လာလျှင် ၃၅၀၂ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁၀ သန်း၊ တရုတ်ငွေ ၁ ယွမ်လျှင် ၄၉၇ ဒသမ ၃၀ ကျပ်နှုန်းဖြင့် ယွမ်ငွေ ၃ သန်းကျော်နှင့် ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် ၁၀၆ ဒသမ ၅ ကျပ်နှုန်းဖြင့် ထိုင်းဘတ် ၁၂၁ သန်းကျော်ကို ထုတ်ရောင်းခဲ့သည်။
ယင်းကဲ့သို့ ထုတ်ရောင်းခြင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းခြင်းတို့ကြောင့် ဒေါ်လာဈေးမှာ အနည်း ငယ်ကျဆင်း ခဲ့သော်လည်း ယနေ့ ဒေါ်လာဈေးပြန်တက်ခဲ့သလို အနည်းငယ် ပြန်တက်လာသလို ဘတ်ငွေမှာလည်း ၁ ဘတ် လျှင် ၁၅၀ ကျပ် ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “ရွှေဈေးတွေကတော့ တက်လိုက်ကျလိုက်ပေါ့နော်။ ကျနော်တို့ကတော့ သတ်မှတ် ဈေးအတိုင်းပဲ ရောင်းခွင့်ရှိတာပေါ့။ ရွှေဆိုင်တွေကတော့ သတ်မှတ်ဈေးအတိုင်းပဲဆိုတော့ အရောင်းအဝယ် ပါးပါတယ်။ မှောင်ခိုဈေးကွက်မှာတော့ လုပ်နေတာရှိပါတယ်။ ပြည်တွင်းမှာ ဒေါ်လာဈေးကအတက်အကျ အရမ်းကြမ်းနေတော့ ရွှေမှောင်ခိုဈေးကွက်မှာလည်း အတက်အကျတော့ ကြမ်းနေတာပေါ့” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ လက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) သတ်မှတ်ဈေးမှာ အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သားလျှင် ၅၀၄၄၈၉၇ ကျပ်ဖြစ်သောကြောင့် ၁၅ ပဲရည် လက်ဝတ်ရတနာဈေးမှာလည်း ၁ ကျပ်သားလျှင် ၄၅ သိန်းကျော်သာ ရှိနေသဖြင့် ပြင်ပဈေးနှင့် နှိုင်းယှဉ်ပါက အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၅ သိန်းကျော် ဈေးကွာဟချက်ရှိသည်။
သို့သော်လည်း စစ်ကောင်စီက ရွှေဆိုင်များကို သတ်မှတ်ဈေးနှင့် ရောင်းချရန် ထိန်းချုပ်ထားသလို ပြည်တွင်းရှိရွှေဆိုင်များ ကိုလည်း ၎င်းတို့ သတ်မှတ်ဈေးကိုသာ ဆိုင်းဘုတ်တင်ကပ်ခိုင်းထားပြီး တလတခါ စစ်ကောင်စီ၏ တာဝန်ရှိသူများ ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အထက်ပါလုပ်ငန်းရှင်က “ရွှေဆိုင်တွေရဲ့ အရောင်းအဝယ် ဈေးကွက်ကလည်း အေးပါတယ်။ နေ့တိုင်းဆိုင်မှာ သူဈေးတွေကို ဆိုင်းဘုတ်ကြီးတွေနဲ့ ကပ်ထားခိုင်းတယ်။ အဲဒီဈေးထက် ပိုဝယ်ရင် အရေးယူမယ်ဆိုတော့ ဒီဈေးနဲ့က အဆင်မပြေကြဘူး။ သတ်မှတ်ဈေး ဖြုတ်လိုက်မှပဲ အဆင်ပြေမှာ” ဟု ရှင်းပြသည်။
ထို့ပြင် လက်ရှိတွင်လည်း အကယ်ဒမီ အခေါက်ရွှေ ဝယ်ယူသည်ဖြစ်စေ၊ လက်ဝတ်ရတနာ ဝယ်ယူသည်ဖြစ်စေ ၁ ကျပ်သား ဝယ်ယူလျှင် စစ်ကောင်စီကို အခွန် ၃ ရာခိုင်နှုန်း ဝယ်သူဘက်မှ ပေးဆောင်ရမည်လည်း ဖြစ်သည်။
စစ်တပ် အာဏာမသိမ်းခင်က အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်နှင့် အမေရိကန် ၁ ဒေါ်လာ လျှင် ၁၃၀၀ ကျပ်ကျော်သာရှိသော်လည်း ယခုအချိန်တွင် အဆပေါင်းများစွာ မြင့်တက်နေခြင်း ဖြစ်သည်။
You may also like these stories:
တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ
ဆေးဝါးပြတ်နေချိန် တင်သွင်းခွင့် စစ်ကောင်စီ ကန့်သတ်၍ ပိုမိုရှားပါးနိုင်