ဆုံးရှုံးမြို့ရွာများပြန်ရရန် စစ်ဆင်ရေးဆိုကာ အစုလိုက်အပြုံလိုက် သေဆုံးအောင် လေတပ်က ဗုံးကြဲမှုများ ဆက် တိုက်ပြုလုပ်နေရာ ၁၀ ရက်အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထိုလုပ်ရပ်မှာ စစ်ရာဇဝတ်မှုမြောက်သော ကျူးလွန်မှု ဟု မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုထားသည်။
ထိုစစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များအား မှတ်တမ်း တင်ထားရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာ အဖွဲ့ အစည်းများ ထံသို့ ပေးပို့သွားမည်ဟု ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ပါဝင်သည့် ညီနောင် မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ပူးတွဲသဘောထား ထုတ်ပြန်သည်။
TNLA ပြောခွင့်ရှိသူ လွေးယေဦးက “စစ်ကောင်စီ လုပ်နေတဲ့ပုံစံက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ပိုပြီး တော့ ဦးတည်လာတယ်။ နမ့်ခမ်းကို လေကြောင်းကနေ ဗုံးကြဲသွားတာဆိုရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ ဖြစ်တယ်။ စစ်ကောင်စီကို အရေးယူတဲ့အချိန် သက်သေအနေနဲ့ ဒါတွေကို မှတ်တမ်းတင်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
လေတပ်ဗုံးကြဲမှုကြောင့် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အတွင်း အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှုအနေဖြင့် ထီးချိုင်းမြို့နယ် မောင်းကုန်းရွာတွင် ၉ ဦး၊ နမ့်ခမ်းမြို့ပေါ်တွင် ၁၁ ဦး၊ ဖယ်ခုံမြို့နယ် ဘန်ကောက် စစ်ဘေးရှောင်စခန်း တွင် ၉ ဦး၊ မြိုင်မြို့နယ် လက်ယက်မ စာသင်ကျောင်းတွင် ၆ ဦးနှင့် ပေါက်တောမြို့နယ် ရှင်ရွာတွင် ၁၇ ဦးနှင့် မောင် တောမြို့နယ်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၂) တွင် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အစုလိုက်သေဆုံးသူများတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် စစ်တပ်သုံ့ပန်းများနှင့် အကျဉ်းသားများ ပါဝင်သကဲ့သို့ အခြားသော မြို့ရွာများတွင်လည်း လေကြောင်းဗုံးကြဲခံရမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်ရှိနေဆဲ ဖြစ်သည်။
လက်ရှိ လူသေဆုံးမှု အများဆုံး ဗုံးကြဲတိုက်ခိုက်မှုသည် ပေါက်တောမြို့နယ် ရှင်ရွာ၌ရှိသော ဆေးကုသရာနေရာနှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသားများ ယာယီထိန်းသိမ်းထားရာ နခခ ၂ တပ်နေရာအား ဗုံးကြဲချမှုဖြစ်ပြီး စုစုပေါင်း ၇၀ ဦးခန့်သေဆုံးခဲ့ကာ လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများထဲတွင် ထိန်းသိမ်းခံထားရသည့် စစ်တပ်မှ အရာရှိကြီးတချို့ အပါအဝင် စစ်သုံ့ပန်းများ၊ အကျဉ်းသား များ၊ ဖမ်းဆီးထိန်းသိမ်းထားသူများ၊ စစ်တပ်သတင်းပေးများနှင့် အရပ်သားတချို့လည်း ပါဝင်ခဲ့ကြောင်း အာရက္ခ တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။
AA ပြောခွင့်ရှိသူ ဦးခိုင်သုခက “နခခ ၂ က စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေ ယာယီထိန်းသိမ်းထားတဲ့ နေရာကို ဗုံးက တည့်တည့် ထိတယ်။ အဲဒီမှာ အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးပြီးတော့ အမြောက်မြားဒဏ်ရာရရှိတာရှိ တယ်။ တချို့ဆို တစစီဖြစ်သွားပြီးတော့မှ လုံးဝ ဘယ်သူ့ရဲ့ ခန္ဓာအစိတ်အပိုင်းလဲဆိုတာ ရှာမရတဲ့အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်တာ” ဟု ပြောသည်။
မောင်တောရှိ အကျဉ်းသား ယာယီထိန်းသိမ်းရေးစခန်း နခခ ၂ အား မတိုက်ခိုက်မီကလည်း ၃ မိုင်နှင့် ဝေသာလီရွာ တို့ရှိ ကုလသမဂ္ဂ (UN)ရုံးကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အဆောက်အအုံ ထိခိုက် ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။
နခခ ၂ တပ်စခန်းသည် ဇူလိုင် ၆ ရက်ကတည်းက AA က တိုက်ခိုက်သိမ်းပိုက်ထားသည့်စခန်းဖြစ်ပြီး မောင်တောမြို့ သိမ်း တိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံသူများ၊ ဖမ်းမိသည့် စစ်သုံ့ပန်းနှင့် အကျဉ်းသားများအား ယာယီ ထိန်းသိမ်း ရေးစခန်းအဖြစ် လုပ်ဆောင်ထားသည့်နေရာဖြစ်သည်။
စစ်တပ်အနေဖြင့် ၎င်းတို့စစ်တပ်အရာရှိများ၊ သုံ့ပန်းများအား ဆေးကုသပေးနေသည့်နေရာနှင့် ထိန်းသိမ်းထားသည့် နေရာများအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည့်အပြင် စစ်မြေပြင်တွင် ၎င်းတို့ချိုးဖောက်ကျူးလွန်ခဲ့မှုများအား ပေါက်ကြားမည်စိုးသည့်အတွက် စစ်သုံ့ပန်းများအား ရှင်းလင်း လိုသည့်သဘောဖြစ်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။
၎င်းက “ကျနော်တို့ဆီမှာ လက်နက်ချသွားတဲ့သူတွေ၊ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲမှာဆိုရင် ရာထူးကြီးကြီးနဲ့ သူတွေလည်း အများကြီးပါတယ်။ ပြီးရင် တာဝန်ယူပြီးတော့မှ အဓိကလုပ်ခဲ့တဲ့ တပ်မှူးတွေ ပါတာပေါ့။ အဲဒီဟာတွေ ကို အဓိကထားပြီးမှ ထားတဲ့နေရာတွေကို သိပြီဆိုရင် လေကြောင်းကလာပြီး ရှင်းလင်းတဲ့သဘောမျိုးပေါ့။ ပြောမယ်ဆို သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အရင်တုန်းက ဘာတွေလုပ်ခဲ့တယ်၊ ဘယ်သူက ဘာအမိန့်ပေးခဲ့တယ်ဆိုတာ ပေါက်ကြား မှာစိုးတဲ့အတွက် အဲဒီလိုလားပြီးတော့မှ ဒီလူတွေကို ရှင်းလင်းချင်လို့ ဗုံးကြဲတိုက်ခိုက်တဲ့သဘောမျိုးလည်း တွေ့ရတယ်” ဟု ပြောသည်။
လက်ရှိ ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများသည် တရုတ်နိုင်ငံက နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအား အပစ်ရပ်ရန် ဖိအားပေးမှုနှင့် အချိန်ကိုက်ကာ စစ်တပ်က ညီနောင်မဟာမိတ်သုံးဖွဲ့အား အကြမ်းဖက် အုပ်စု အဖြစ် ကြေညာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်ကိုယ်တိုင်က စစ်ရှုံးမြို့ရွာများအား လိုအပ်သလို တုံ့ပြန်တိုက်ခိုက်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် အပြင် စစ်တပ်ဝါဒဖြန့် သတင်းစာများတွင်လည်း မြို့ရွာများအား တိုက်ခိုက်မည့် ခြိမ်းခြောက်ဝါဒဖြန့်စာများ ဆက်တိုက် ဖော်ပြနေသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို အခွင့် ကောင်း ယူကာ နယ်မြေချဲ့ ထွင်၍ မြို့ရွာများကို တိုက်ခိုက်လာခြင်းသည် ကြာရှည် လက်လွှတ်ထား၍မရဘဲ မဖြစ်မနေ ပြန်လည် တိုက်ခိုက်ရှင်းလင်း၍ နိုင်ငံတော်အချုပ်အခြာအာဏာ၏အောက် တရားဥပဒေ စိုးမိုးမှုအောက်တွင် ပြန်လည် ထားရှိပေးရမည်သာ ဖြစ်သည်။ အထူးသဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ပြည်သူများကို လူသားတံတိုင်း အဖြစ် အသုံးပြုခြင်း မခံရစေရန်အတွက် ရှောင်တိမ်းနေထိုင်ကြရန်ပင်ဖြစ်သည်” ဟု ဆိုထားသည်။
ထို့ကြောင့် စစ်တပ်က စစ်ရှုံးမြို့ရွာများအား ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ဖွယ်ရှိနေ ပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြရန်၊ လေကြောင်းရန်နှင့် မြေမြုပ်မိုင်းရန် သတိထားကြရန် တော်လှန် ရေး တပ်ဖွဲ့များက သတိပေးထားကြသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေပြီး အရပ်သား သေဆုံးမှုနှုန်းလည်း မြင့်လာနေ ကြောင်းနှင့် အရပ်သားများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရုံမကဘဲ ကြောက်ရွံ့စေရေး ဦးတည်တိုက်ခိုက်ခံရ နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ Mr.Nicholas Koumjian က စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေး၌ ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပြီး မတူကွဲပြားသည့် အဖွဲ့အစည်းများက စစ် ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည် ရာဇဝတ်မှုများအား အကြိမ်ရေ ပိုတိုးပြီး ပိုမိုရက်စက်စွာ ကျူးလွန်ခဲ့သည့် အထောက်အထားများ တွေ့ရှိထားကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
You may also like these stories:
စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ
စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်
AA ၏ ထိန်းသိမ်းရေးစခန်း ၂ ခု ဗုံးကြဲခံရ ၆၀ ကျော် သေဆုံး