နိုင်ငံတဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေတက်ခြင်း၊ တောင်ကျချောင်းရေ ကျဆင်းခြင်း၊ တာတမံကျိုးခြင်း၊ ဆည် ရေလွှတ်ခြင်းစသည်တို့ကြောင့် မြဝတီ၊ တာချီလိတ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ကျောက်ဆည်၊ နေပြည်တော်၊ ပျဉ်းမနား၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မန္တလေး၊ ပဲခူး၊ ရမည်းသင်း၊ ပျော်ဘွယ်စသော ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကုန်စည် သယ်ယူပို့ဆောင်ရေး ယာယီရပ်တန့်နေကြောင်း သိရသည်။
မြဝတီနှင့် တာချီလိတ်တို့တွင် ရေပြန်ကျသွားသော်လည်း နေပြည်တော် တပ်ကုန်း၊ ရှမ်းပြည်နယ် လွိုင်လင်၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ ညောင်ရွှေ၊ မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်စသောနေရာများတွင် ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းများပြတ်တောက်ခြင်း၊ လမ်းပေါ် ရေကျော်ခြင်း၊ ရေတိုက်စားမှုကြောင့် တံတားများ ကျိုးခြင်းများ၊ ရေစီးသန်၍ လူ၊ ကား၊ အိမ် မျောပါခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
မြန်မာနိုင်ငံအဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်တဦးက “အရေးပေါ်ဆိုရင်တော့ ခေတ္တစောင့်ရတာတော့ ရှိတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ခေတ္တခဏ ရပ်တာပေါ့။ ပဲခူးတို့ဘာတို့တော့ သွားလို့ ရသေးတယ်။ နေပြည်တော်နားက တံတားက အိသွားတော့ ရှောင်ကွင်းလမ်းက သွားဖို့ လုပ်နေတယ်။ ပြော တော့ မပြောသေးဘူး။ အစီအစဉ်တော့ လုပ်နေတယ်။ ရှမ်းပြည်ဘက်ကတော့ ကျနော်တို့ကားတွေ ဒီရက်ပိုင်း မသွားပါဘူး။ မိုးတွင်းကုန်ပါးတာလည်း ပါတယ်”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ လက်ရှိအချိန်အထိ အခြေအနေ မဆိုးသေးဘဲ မိတ္ထီလာအနီးတွင်သာ ရေကြီးမှု အနည်း ငယ် ရှိနေပြီး မဟာဗျူဟာလမ်းဖြစ်သောကြောင့် မိုးနည်းပါးသွားပါက ဘေလီတံတားထိုး၍ ပြန်လည် သွားလာ နိုင်မည်ဟု သိရကြောင်း၊ လက်ရှိတွင် ရှောင်ကွင်းလမ်းမှသွားရန်အတွက် အသင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းနေကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နဝင်းချောင်း၊ ဆင်သေချောင်း၊ ငလိုက်ချောင်းရေမြင့်တက်လာပြီး နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များတွင် ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်နေသလို ကုန်စည်စီးဆင်းမှုအတွက် အဓိက ကျသော ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အနီး အဆုံတံတားမှာ ရေတိုက်စား မှုကြောင့် ပျက်စီးသွားခဲ့သည်။အလားတူ နေပြည်တော် သိုက်ချောင်းအနီး သိုက်ချောင်းတံတားမှာလည်း ရေတိုက်စား မှုကြောင့် ယနေ့ နံနက်ပိုင်းက ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ အနောက်နှင့် အနောက်မြောက်ဘက်ကို ရွှေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ လ ၁၂ ရက်မှ ၁၅ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အစရှိသည် တို့တွင် မိုးကြီးနိုင်ကာ မိုးနှင်အတူ လေပြင်းတိုက်ခတ်ခြင်း ၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြစ်၊ ချောင်းများအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဧရာဝတီ မှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းလားဘက်သို့ ပို့ကုန်တင်ပို့နေသူ တဦးက “အဲဒီဘက်က ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ နယ်မြေတည်ငြိမ်မှုမရှိလို့ ဖရဲ၊ သခွား၊ ငရုတ်တို့က ရပ်ထားတာ လမ်းကလည်း မကောင်း ဘူး။ အခု ရေကြီးတော့ ပိုဆိုးတာပေါ့။ ကျမတို့ ငရုတ်ကို မဲဆောက်ဘက်ကို ပို့ဖို့ ကျလည်း ရှေ့ရက်ကတော့ ဘားအံကနေ ကားအသေးနဲ့ တက်တယ်။ အခုတော့ ရေကြီးလို့ ဒီနေ့ဆို နားကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မိုးကြီးခြင်း၊ မြစ်ရေမြင့်တက်ခြင်း၊ တောင်ကျချောင်းရေကျခြင်းတို့ကြောင့် လမ်းပိုင်း စိုးရိမ်ရသည့် အခြေအနေများ ရှိနေ၍ ယနေ့တွင် ကုန်စည်တင်ပို့မှု ယာယီရပ်ထားကြောင်း သိရသည်။
မြဝတီမြို့ရှိ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင်သူတဦးက “အခုကတော့ ရာသီဥတုကြောင့် မြဝတီဘက်ကတော့ လမ်း ဟောင်းရော၊ ထို့ကော်ကိုးရော တခြားသွားလို့ရတဲ့လမ်းတွေ ပိတ်တာပေါ့။ နဂိုထဲက လမ်းက သွားရအဆင်မပြေတဲ့ အထဲ မိုးရွာလိုက်တော့ ပိတ်သွားတာပေါ့။ ဒီမိုးစရွာမှ ထို့ကော်ကိုးလမ်းကတော့ ပိတ်တာပေါ့။ လမ်းမကောင်းလို့”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအား လက်ရှိ မိုးရွာသွန်းမှုကြောင့် ယာယီရပ်နားထားသော်လည် ရာသီဥတု အခြေအနေတည်ငြိမ်ပါက ပြန်လည် သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိတွင် သယ်ယူပို့ဆောင်စရိတ်မှာ ၁၂ ဘီးကားတစီးလျှင် ကျပ်သိန်း ၂၅၀ မှ ကျပ်သိန်း ၂၇၀ အထိရှိသလို ၆ ဘီး ကားတစီးလျှင်ကျပ် ၁၇၀ သိန်းအထိ ရှိနေကြောင်း ၎င်းက ပြောသည်။
လတ်တလော မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်းတို့ကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အဆုံတံတား ကျိုးခြင်း၊ သိုက်ချောင်းတံတား ကျိုးခြင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းတချို့ ပျက်စီးခြင်း၊ ရန်ကုန်-မော်လမြိုင်လမ်း ကျိုက်ထိုအဝင် လမ်းမကြီးရေကျော်နေခြင်း၊ ပျော်ဘွယ်တွင် ရေကြီးနေသောကြောင့် လမ်းပိုင်းယာယီ ပိတ်ထားခြင်းနှင့် ရှမ်းပြည်တောင်ပိုင်းတွင်လည်း ယမန်နေ့မှစ၍ ရေကြီးရေလျှံကာ လမ်းများ ရေကျော်နေခြင်းကြောင့် သွားလာ၍ မရသဖြင့် ယာယီပိတ်ထားခြင်းများ ရှိနေသည်။
ထို့ပြင် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းနှင့် သာစည်- ရွှေညောင်လမ်းပိုင်းတို့၌ ရေကြီးနစ်မြုပ်ခြင်းများနှင့် လမ်းနှင့်တံတား ရေကျော် ရေတိုက်စားမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြေးဆွဲနေသည့် ရထားခရီးစဉ်များကိုလည်း ယမန်နေ့ မနက်ပိုင်းမှ စတင်ကာ ယာယီ ရပ်ဆိုင်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
You may also like these stories:
သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ
မြန်မာ့ကုန်သွယ်ရေးအခြေအနေ အတော့်ကို ဆိုးရွားလာ
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်