နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊တပ်ကုန်း၊ဇေယျာသီရိ၊ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိမြို့နယ်များရှိ ရွာများတွင် ရေနစ်မြုပ်မှု များဖြစ်ပေါ်နေရာ အရေးပေါ် ကူညီကယ်ဆယ်ရေးများ မလုံလောက်၍ အသက်ဆုံးရှုံးမှု များရှိနေသလို ၂၄ နာရီကျော် ပိတ်မိနေသူများလည်းရှိပြီး အသက်အန္တရာယ်စိုးရိမ်နေကြရသည်ဟု ကူညီကယ်ဆယ် ရေးလုပ်ဆောင်နေသူများက ပြောသည်။
အဆိုပါမြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ကျချောင်းရေများနှင့် ဆည်ရေလျှံမှုများကြောင့် စက်တင်ဘာ ၁၁ ရက်နှင့် စင်တင်ဘာ ၁၂ ရက်တို့တွင် ကျေးရွာများထဲသို့ ရေများဝင်ရောက်လာပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ကာ ကျေးရွာ ၅၀ ကျော်ရေနစ်မြုပ်နေသည်ဟု ဒေသခံများနှင့်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။
ပျဉ်းမနားသကြားစက်အနီးညောင်ပင်ကြီးကျေးရွာမှ လူငယ်ခေါင်းဆောင်တဦးက ” ရေက မနေ့ညနေ ၄ နာရီထဲက တနာရီလောက်အတွင်း ထိုးတက်လာတာ။ တချို့နေအိမ်တွေဆို လုံးလုံးမြုပ်နေပါပြီ။ မမြုပ်တဲ့ အိမ်တွေမှာ ထုတ်တန်း ပေါ်တက်နေကြရတယ်။ အဖွဲ့စုံကိုအကူအညီတောင်းထားပေမယ့် အခုထိတဖွဲ့မှ ရောက်မလာကြသေးဘူး “ဟု ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဧရာဝတီကို ပြောသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တရွာလုံး ပိတ်မိနေကာ အချိန် နာရီ ၂၀ ကျော်အကြာ အစားမစားရခြင်းနှင့် အအေးမိခြင်းတို့ကြောင့် တချို့သက်ကြီးပိုင်းများနှင့်ကလေးငယ်များမှာ နေမကောင်း ဖြစ်နေကြောင်းနှင့် မိုးဆက်လက်ရွာ နေသောကြောင့် ဆည်ရေများ ထပ်တက်လာမည်ကို စိုးရိမ်နေကြရသည်ဟု ၎င်းကပြောသည်။
အရေးပေါ်ကူညီကယ်ဆယ်ပေးရမည့်နေရာများအား အကူအညီတောင်းခံမှုမှာ အလွန်များနေသောကြောင့် ကူညီပေး နေသည့်အင်အားများနှင့် လုံလောက်မှု မရှိဘဲ အချိန်မီ မရောက်နိုင်ရခြင်းဖြစ်သည်ဟု နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ညောင်ပင်ကြီးဘက်ကို သွားဖို့တော့ ပြောထားပါတယ်။ နေရာတွေက အရမ်းများနေတော့ ကျနော်တို့က လူတွေ ကိုဖြန့်ပြီးတော့ လွှတ်နေရတာ။ ဒီပြီးရင် ဟို၊ ဟိုပြီးရင် ဟို အဲဒီလိုမျိုးတွေဖြစ်နေတော့ တော်တော်နဲ့ မရောက်နိုင်တာဖြစ် တယ်။ သတင်းတွေပို့ကတည်းက အဲဒီနေရာတွေ ကျန်နေသေးတယ် သွားဖို့ပြောထားတာပါ” ဟု ယနေ့ညနေပိုင်း၌ ပြောသည်။
ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် လူအင်အား မလုံလောက်ခြင်း ၊ လှေမလုံလောက်ခြင်းနှင့် ရေစီးသန်မှုများ ကြောင့် အချိန်ကြန့်ကြာမှုနှင့် အခက်အခဲစိန်ခေါ်မှုများ ကြုံနေရသည်ဟု ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ သဘာဝဘေးဒဏ်ခံရမှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဦးဝင်းမျိုးသူက “အံအားသင့်စရာပါ။ ဒီတခါမုန်တိုင်းဒဏ်က ကိုင်းဖျားကိုင်းနားလောက်ခံရတာ၊ ဒါပေမဲ့ရေကြီးရေလျှံတာက အတော်လေးဆိုးဆိုးဝါးဝါး၊ နေရာ အနှံပဲ။ Climate Resilience က အတော်လေးကျဆင်းနေပြီဆိုတဲ့ သင်္ကေတဖြစ်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေသောနေရာများသို့ နေပြည်တော် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကင်းသာလမ်းဆုံမှ ၂၉ ဦး၊ သာယာအေးမှ ၁၂ ဦး၊ ဆင်တဲကြီးရွာမှ ၄၁ ဦး၊ အောင်ဇေယျ၊ ဘုရင့်နောင်၊ ပိန်းတောမှ ၁၂၀ဦး၊ ရှောက်ကုန်းနှင့် ကင်းသာမှ ၅၀ ဦး၊ အနော်ရထာရပ်ကွက်မှ ၁၉ ဦး၊ နောင်သင်္ခါရွာသစ်မှ ၁၈ ဦး၊ မန်ကျည်းပင်၊ ဘုရင့်နောင်၊ ခုတင်(၁၀၀)ဆေးရုံ၊ ဓမ္မရိပ်သာမှ ၄၄၅ ဦး၊ ဘိုးဘွားရီပ်သာမှ ၃၅ ဦး၊ ကျည်တောင်ကန်နှင့် အောင်ပန်းကျေးရွာမှ ၁၈ ဦး၊ သာယာကုန်းကျေးရွာမှ ၈ ဦး၊ သရက်သမိန်ကျေးရွာမှ ၅၄ ဦး၊ ဘောဂသီရိကားကြီးဝင်းမှ ၉ ဦး၊ လယ်ဝေး၊ လက်ပံကုန်းကျေးရွာမှ ၈ ဦး၊ အောင်ဇမ္ဗူ(၄)လမ်းမှ ၂၁ ဦး စုစုပေါင်း ရေဘေးသင့်ပြည်သူ ၈၈၇ ဦးအား ရေဘေးလွတ်ရာ နေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်း၌ ထုတ်ပြန်ထားသည်။
ထို့ပြင် ညနေပိုင်း၌ ဝက်ကုန်း၊ ပေါက်တောနှင့် အေးမြသာယာကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၂၄၀ ဦးနှင့် ပျဉ်းမနားမြို့၊ မအူပင်ကျေးရွာမှ ရေဘေးသင့်ပြည်သူ ၂၄ ဦးအား ထပ်မံကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆက်တိုက်ကယ်ဆယ်ရေးများ လုပ်ဆောင်နေသော်လည်း ရေဘေးသင့်သူအများစုမှာ နာရီပေါင်းများစွာ မိုးရေမိသည့်အခြေအနေတွင် စောင့်ဆိုင်းနေရခြင်းဖြစ်သောကြောင့် အသက်ဆုံးရှုံးမှုများရှိနေသည်ဟု သိရသည်။
ယနေ့နံနက်ပိုင်း ၁၁ နာရီကျော်တွင် လူမှုကူညီရေးအဖွဲ့တဖွဲ့က ပျဉ်မနားမြို့နယ်အတွင်းရှိနေရာတခု၌ ပိတ်မိနေသည့် လူ ၃၅ ဦးကိုသွားရောက်ကယ်ထုတ်ခဲ့ရာ သက်ကြီးပိုင်းတဦးမှာ အအေးဒဏ်ကြောင့်သေဆုံးခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေး လုပ်နေသူတဦးက ပြောသည်။
၎င်းက “မနက်ကသွားကယ်တော့ ကုက္ကိုပင်ကြီးပေါ်မှာ။ သေတဲ့သူလည်းအပင်ပေါ်မှာပဲ ကိုင်ထားကြတာပေါ့။ အသက်ကြီး သူတွေလည်း အကုန်ဆွဲတင်ထားရတော့ တညလုံးမိုးမိ အအေးပတ်ပြီး သေသွားတာပေါ့ဗျာ “ဟု ပြောသည်။
ရှမ်းရိုးမပေါ်မှကျလာသော တောင်ကျချောင်းရေများသည် တပ်ကုန်းမြို့နယ်ရှိ အင်သာဆည်မှ ထိုးကျလာပြီး ငလိုက်ချောင်း၊ ဆင်သေချောင်းတို့ရှိ ရေများနှင့်ပေါင်းပြီး နေပြည်တော်နှင့် အနီးရှိ နေရာများ၌ ရေကြီးရေလျှံခြင်းများ ဖြစ်နေကာ မိုး ဆက် လက်ရွာနေသောကြောင့် ပိတ်နေသူများအား အချိန်မီ မကယ်တင်နိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်းကပြော သည်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးက ” ရေလွှမ်းနေတဲ့နေရာက တပ်ကုန်းကနေ ဒီဘက်ပျဉ်းမနားထိ မိုင် ၅၀ လောက် အရှည်ကို အကျယ်က ၂ မိုင်၊ ၃ မိုင်လောက်က နေရာထိ မြုပ်နေတာဆိုတော့ ကယ်ဆယ်ရေးတွေက မနိုင်ဘူး။ အခုထိ မရောက်နိုင်သေးတဲ့ နေရာတွေ အချိန်ထပ်ကြာရင်တော့ အသက်အန္တရာယ် အတော်စိုးရိမ်ရမယ် “ဟု ပြောသည်။
အရေးပေါ်နေရာရွှေ့ပြောင်းရန် လိုအပ်နေသူများနှင့် ပိတ်မိနေသူများမှာ ထောင်နှင့်ချီ ကျန်နေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက နေရာအနှံ့မှ အကူအညီတောင်းခံနေမှုများကို အခြေခံ၍ ခန့်မှန်းပြောဆိုသည်။
လက်ရှိရေကြီးနေသောနေရာများသို့ နေပြည်တော်ကောင်စီမှ အဖွဲ့များအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များကို ယနေ့နံနက်ပိုင်းမှစ၍ အင်အားများခွဲ၍ လွှတ်ထားကြောင်း၊ ရုံးချုပ်သို့ အကူအညီတောင်းခံမှုများကိုလည်း မြေပြင်ရှိအဖွဲ့များ သွားရောက်နိုင်ရန် ထပ်မံအကြောင်းကြားပေးနေကြောင်းနှင့် အင်အားလုံလောက်မှု မရှိသောကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်နေရကြောင်း နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ယနေ့ ညနေ ၄ နာရီ တိုင်းထွာချက်အရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တခု ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်နှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်းတို့ကြောင့် ယနေ့ညနေမှ စက်တင်ဘာ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
You may also like these stories:
သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ
၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်