မန္တလေးတိုင်းရှိ လယ်တွင်းကိုးခရိုင်ခေါ် ကျောက်ဆည်လွင်ပြင်ကို ဖြတ်၍ စီးဆင်းနေသည့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက် ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေကြောင်း ဒေသခံ များထံက သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး တရုတ်ပြည်မှ လေပွေလှိုင်းများ ကြောင့် ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် အဆက်မပြတ် ရက်ဆက်ဆိုသလို မိုးရွာနေသဖြင့် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့မှ ၃ မိုင်ခန့်ဝေးသော ရေဖြူရွာအနီးမှ မြစ်ဖျားခံသည့် ဇော်ဂျီမြစ်၊ မန္တလေးတိုင်းသာစည် မြို့နယ် ယင်းမာပင် အနောက်မြောက်ဘက် ဘုရားငါးဆူရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာတွင်မြစ်ဖျားခံသည့် ပန်းလောင်မြစ်၊ ကျောက်ဆည်မြို့ အနောက်တောင်ဘက်ရှိ စမုံမြစ်တို့ ရေကျလာခြင်း ဖြစ်သည်။
ဇော်ဂျီမြစ်ပေါ်တွင် မြို့ကြီးဆည်၊ ပန်းလောင်မြစ်ပေါ်တွင် ကင်းတားဆည်၊ စမုံမြစ်ပေါ်တွင် စမုံဆည်တို့ တည်ဆောက် ထားပြီး ဝမ်းတွင်းနှင့် သာစည်မြို့နယ်အစပ်ရှိ စမုံဆည်သည် စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲ ဝန်းကျင်က ကျိုးပေါက် မှုဖြစ်ပေါ်ခဲ့ပြီး ဆည်အောက်ဘက်နှင့် စမုံမြစ်ရိုးတလျှောက်ရှိ ကျေးရွာများနှင့် စိုက်ခင်းများ ရေကြီးနစ်မြုပ်သွားကြောင်း သိရသည်။
“စမုံဆည်က ကျိုးပြီး ရေကတအားတက်နေတော့ မြုပ်တဲ့ရွာတွေကလည်း အများကြီးပဲ” ဟု ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် Voice of Wundwin မှ တာဝန်ရှိသူတဦးက ပြောသည်။
စမုံဆည်ကျိုး၍ ဆည်အောက်ဘက်ရှိ ကြွယ်ကန်၊ အလယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ရိုးစုံ၊ ညောင်အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း၊ ခြင်္သေ့လက်၊ ညောင်ပင်ရွာ၊ ကိုင်း၊ အင်းကန်းကြီး၊ လျှော်ပင်၊ ထန်းပင်ကုန်း၊ ဆူးပန်း၊ မြင်းကျကန်၊ ခင်ကြီးစသည့် ကျေးရွာများရေနစ်မြုပ်ကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် သပြေသာ၊ ရိုးစုံရွာမှာ ရွာလုံးကျွတ်ရေမြုပ်ကာ အရှေ့ဘက် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ဟစ်တော်မူမှ ရိုးစုံ အထိ ရေဘေးရှောင်နေကြရသလို တိမ်းရှောင်ချိန် မရလိုက်သော ဒေသခံများအနေဖြင့် အိမ်ခေါင်မိုးများပေါ် တက်နေကြပြီး မြင်းကျကန်ရွာအနီးရှိ ကင်းတားဆည်ရေပေးမြောင်းဘောင် ကျိုးကျသဖြင့် မြင်းကျကန်နှင့် ဆူးပန်းရွာတို့မှာလည်း ရေနစ် မြုပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
အချို့သောကျေးရွာများမှာ ကုန်းမြင့်ပိုင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေကြသလို စမုံဆည်မှ ရေများ ဝမ်းတွင်းမြို့ပေါ်ရှိ ဝမ်းတွင်းဆည်အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေသောကြောင့် ဝမ်းတွင်းဆည် အောက်ဘက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ရေဆုံး၊ မြောက်ဆည်ရွာ၊ ခင်ကြီး၊ ခင်ဘန်းစသည့်ကျေးရွာများ သတိဖြင့်နေထိုင်ကြရန်လည်း Voice Of Wundwin က သတိပေးထုတ်ပြန်ထားသည်။
ထို့အတူ မြစ်သားမြို့နယ်အတွင်းရှိ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ကင်းတားဆည်ရေ၏ ကန်ရေပြည့် မှတ်သည် ၂၀၇ ဒသမ ၂၅ မီတာရှိရာ ယနေ့နံနက်ပိုင်းတွင် ၂၀၈ မီတာသို့ ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းနေဆဲဖြစ် သောကြောင့် ရေပိုလွှဲရေတံခါး ၄ ပေါက်အနက် ၂ ပေါက်မှ ၆ ပေ၊ ၂ ပေါက်မှာ ၄ ပေခွဲစီ ဖွင့်ထားသည်ဟု ဆည်ဘက်မှ အသိပေးထားသည်။
ကင်းတားဆည်အနီး နေထိုင်သူတဦးက “ကင်းတားဆည်ကလည်း မနေ့ညက ရေထပ်လွှတ်နေတာ ကန်ရေပြည့်မှတ်ကို ကျော်နေပြီ၊ ဆည်ရဲ့အခြေနားက ရွာတွေကတော့ ရေတော်တော်တက်နေပြီ။ ကင်းတားဆည်ရဲ့ အခြေအနေကို တရားဝင် အသိပေးထုတ်ပြန်တာမျိုးတော့ မရှိဘူး။ ပြည်သူအချင်းချင်းပဲ သတိပေးတပ်လှန့်နေရတာမျိုး လုပ်နေကြတယ်။ ဒါပေမယ့် ကင်းတားဆည်နဲ့ ပတ်သက်တဲ့တယောက်ကတော့ အပ်ဒိတ်သတင်းလေးတွေ ဆက်တိုက် တင်ပေးနေတယ်။ ဆည်အောက်က အနိမ့်ပိုင်းက လူတွေသတိထားပြီးနေကြဖို့ပေါ့” ဟု ပြောသည်။
ကင်းတားဆည်ရေများကို ပန်းလောင်မြစ်အတွင်း ထုတ်လွှတ်နေခြင်းဖြစ်ကာ ကင်းတားရေလှောင်တမံနှင့် ရေလွှဲဆည် ၃ ခု ထိရှိသော ပန်းလောင်မြစ်သည် တံတားဦးလေဆိပ်၏ အရှေ့တောင်ဘက်၊ ကျောက်ဆည်မြို့ အနောက်တောင်ဘက်တွင် စမုံ မြစ်တွင်း စီးဝင်၍ အင်းဝအနီးတွင် မြစ်ငယ်မြစ် (ဒုဋ္ဌဝတီ) အတွင်း စီးဝင်ကြောင်းသိရသည်။
ကူမဲမြို့ခံတဦးက “ပန်းလောင်ကလည်း ပြည့်လျှံနေတာပဲ။ ရေက ပြန်ကျဖို့ လမ်းမမြင်သေးဘူး၊ အခုအချိန်ထိကို တရိပ်ရိပ်နဲ့ တက်ကောင်းနေတုန်းပဲ၊ မြစ်ဘေးကရွာတွေကတော့ အကုန်လုံးနီးပါး မြုပ်ကုန်ပြီ၊ လူတွေ လုံးဝကို နေလို့မရကြတော့လို့ ဘေးလွတ်ရာကို ရွှေ့နေကြတယ်၊ ပန်းလောင်ကို ဟိုဘက်ကမ်း ဒီဘက်ကမ်းထိုးထားတဲ့ တံတားကြီးကတော့ မြုပ်သွားပြီး တော့ ဘောင်အတွင်းထဲကို စရောက်နေပြီ၊ ဘောင်ကျော်လာရင်တော့ ကျမတို့ ကူမဲမြို့ထဲလည်း ရေဝင်နိုင်တယ်” ဟု ပြော သည်။
ယခုအခါ ပန်းလောင်၊ စမုံမြစ်ဘေးကျေးရွာများနှင့် ကူမဲမြို့အနီးပတ်ဝန်းကျင်ရွာအားလုံးနီးပါး ရေများ စတင်ဝင် ရောက် နေပြီဖြစ်သလို မြစ်သားမြို့အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေဝင်ရောက်နေပြီး ဘေးလွတ်ရာသို့ စတင် တိမ်းရှောင် မှုများ ရှိလာကြောင်း သိရသည်။
ကူမဲမြို့ခံ နောက်တဦးက “၂၀၀၆ တုန်းက တခါ ကြုံဖူးတယ်။ မိုးများလို့ ကန်ဘောင်ကျိုးခဲ့တာမျိုးပဲ ရှိတယ်။ အခုက ၂၀၀၆ တုန်းကထက် ပိုဆိုးမယ့်အခြေအနေ ရှိတယ်။ အဲဒီတုန်းက ကျနော်တို့နေရာတွေ ဘာမှမဖြစ်ခဲ့ဘူး၊ အခုကတော့ ကျနော်တို့ နေရာတွေပါ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ ကင်းတားဆည်ကြီးက အခုလိုမျိုး တခါမှ မပြည့်ခဲ့ဖူးဘူး၊ အခုရေက ကျောက်ဆည်လွင်ပြင်တခုလုံး ထိတယ်လို့ ပြောရမှာပေါ့။ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်ဘက်တွေကအစ ရေသတင်းတွေကို ဆက်တိုက် တင်ပေးနေကြလို့ သိနေရတာလေ” ဟု ပြောသည်။
ထို့အတူ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အနောက်ခြမ်း ရွာငံမြို့နှင့် ၄၈ မိုင်ခန့်အကွာ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ ဟံမြင့်မိုရ်ကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထား သည့် မြို့ကြီးဆည်မှလည်း ဆည်ရေများလွှတ်နေသဖြင့် သံရွာ၊ မြို့ကြီး၊ ရေဝန်း၊ မုန်တိုင်၊ ဆူးလေကုန်း၊ ဟံမြင့်မိုရ်ကျေးရွာ များအတွင်း ရေဝင်နေပြီဖြစ်ကြောင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ် ရေကျော်နေသလို ဟံမြင့်မိုရ်-ရွာငံလမ်းရေတိုက် စားပြီး လမ်းပျက်စီးမှုဖြစ်ပေါ်နေသဖြင့် အသုံးပြု၍ မရတော့ကြောင်း၊ မုန်တိုင်-ရေဝန်းကျေးရွာတလျှောက်ရှိ စိုက်ခင်းများ နှင့် လူနေ အိမ်များလည်း ပျက်စီးဆုံးရှုံးမှုများ ရှိနေသလို ဒေသခံများလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည်ဟု ဒေသခံများက ဆိုသည်။
ကျောက်ဆည်မြို့ကို ဖြတ်၍စီးနေသော ဇော်ဂျီမြစ်ရေသည်လည်း စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှ စတင်ကာ ရေများ ဝင်ရောက်လာပြီးနောက် ကြက်မင်းတွန်၊ ဆူးကုန်း၊ ဘောဂဝတီရပ်ကွက်များနှင့် ခတက်ကုန်း၊ ပဲခင်း၊ ကျားကာ၊ ဆူးလေ ကုန်း၊ ပေါက်ပင်ကွေ့၊ လယ်ကြီး၊ သဂ်တုံ၊ ပတ္တာရွာများအတွင်းသို့ ဝင်နိုင်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
ကျောက်ဆည်မြို့ခံတဦးက “အနိမ့်ပိုင်းရပ်ကွက်တွေကတော့ သတိထားကြဖို့ လိုပါတယ်၊ ဒီနေ့မနက်ပိုင်မှာ မြို့ထဲလမ်း တွေပေါ်ထိ ရေကျော်ရေဝင်နေတာမျိုးတွေ ရှိလာတယ်၊ အဓိကတော့ မိုးအရမ်းများတာရယ် မြို့ကြီးဆည် ရေလွှတ်တာ တွေကြောင့် အခုလိုမျိုး ရေကြီးတာပါ။ တခုကံကောင်းတာက မြို့ကြီးဆည်ရေက မုန်တိုင်-ရေဝန်းတကြောကို ထောက် သွားလို့သာ ကျောက်ဆည်မြို့က ခုသာခံ သာရှိသွားတာ” ဟု ပြောသည်။
ယင်းရပ်ကွက်/ကျေးရွာအုပ်စုများရှိ နေအိမ်များမှ အရေးကြီးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်များကို ရွှေ့ပြောင်းထားကြရန်နှင့် ရေဝင်ရောက်မှု များပြားလာပါက ရွှေ့ပြောင်းနေထိုင်ရန်အတွက် ရေဘေးရှောင်စခန်းများလည်း စီစဉ်ပေးထားကြောင်း ပါရှိသည်။
ကျောက်ဆည်မြို့တွင်းမှ ဖြတ်သန်းစီးဆင်းနေသည့် ဇော်ဂျီမြစ်မှာ နှစ်စဉ်မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးဝဲ/ယာ ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်လေ့ရှိကြောင်း၊ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ စတင်ကာ အောက်ချိုင်း၊ ကြက်မင်းတွန်၊ ဆူးကုန်း၊ ဘောဂဝတီရပ်ကွက်များနှင့် ကျေးရွာ ၂၈ ထိ ရေကြီးနစ်မြုပ်နေမှုကြောင့် ဈေးများ၊ စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက ဆိုသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ကျေးရွာအုပ်စု ၁၅ စု၊ ကွင်းပေါင်း ၄၄ ကွင်း၊ စိုက်ပျိုးထားသော သီးနှံမျိုးစုံ ၁၈၆၉၃ ဧက ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
နွားတက်တူးမြောင်း၊ ငပြောင်တူးမြောင်း၊ သင်းတွဲတူးမြောင်း၊ မင်းရဲတူးမြောင်း၊ တမုတ်တူးမြောင်း၊ ဆည်တော်တူးမြောင်း တို့ရှိသော ဇော်ဂျီမြစ်သည် မိုင် ၁၅၀ ခန့်ထိ ရှည်လျားပြီး ပန်းလောင်မြစ်သည် မိုင် ၁၂၀ ခန့်ထိ ရှည်လျားကြောင်း သိရ သည်။
အလားတူ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျောက်ဆည်ကန်ကျိုးပေါက်သွားသဖြင့် ကန်အောက်ဘက် အနိမ့်ပိုင်းကျေးရွာ များနှင့် နယ်မြေထိစပ်နေသည့် ရမည်းသင်းမြို့နယ်အတွင်းကျေးရွာများတွင်လည်း ရေဝင်ပြီး စိုက်ခင်းများ၊ လူနေအိမ်များ နစ်မြုပ်နေကြောင်း သိရသည်။
ရမည်သင်းမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ကျေးရွာများ ရေကြီးနစ်မြုပ်မှုကြောင့် စုစု ပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၁၅၀၀၀ ကျော်၊ လူဦးရေ ၅၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ယနေ့ နံနက် ပိုင်းတွင် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ထို့အတူ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်တွင်း၊ သာစည်၊ မိတ္ထီလာမြို့နယ်များတွင်လည်း မြစ်ချောင်းများ ရေလျှံပြီး ရေကြီး နစ်မြုပ်ခြင်း၊ ဆည်တမံ ကန်ကျိုးပေါက်ခြင်းများရှိနေသော်လည်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ရေဘေးကယ် ဆယ်ရေးကို စနစ်တကျ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ယခုအခါ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ဘီးလင်းအစရှိသည့် မြို့ကြီး ၈ မြို့ရှိ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ သောင်ရင်းမြစ်၊ တိုးမြစ်နှင့် ဘီးလင်းမြစ်တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေအမှတ်နှင့်အထက် ရောက်ရှိနေသောကြောင့် မြစ်ရေကြီးမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။
You may also like these stories:
သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ