ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၏ ဆေးသင်တန်းမှ သင်တန်းသား (Medic) များ စက်တင်ဘာ ၁၁ ရက် ညပိုင်းက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာ၌ လေ့ကျင့်နေစဉ် ချောင်းတခုကို ဖြတ်ကူးစဉ် အဆက်မပြတ်ရွာ သည့် မိုးကြောင့် တောင်ကျရေနှင့် မျောပါခဲ့ရာ ယခုအခါ အလောင်း ၁၈ လောင်း ပြန် လည်တွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုဖြစ်စဉ်အပေါ် KNDF ဗဟိုက သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာ ဝမ်းနည်းရကြောင်း၊ ဖြစ်စဉ်အပေါ် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားပြီး ထုတ်ပြန်အသိပေးသွား မည်ဖြစ် ကြောင်း ယနေ့ ထုတ်ပြန်သည်။
ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက “တယောက်ပါ တယောက်ပါ လိုက်ဆယ်ရင်း လူများသွားတာထင်တယ်၊ မနေ့က ကျနော်မျက်မြင်ကတော့ ရုပ်အလောင်း ၁၈ လောင်းပေါ့၊ ကျနော်ပြန်လာမှ နောက်တယောက်ထပ်တွေ့တယ် လို့ပြောတယ်၊ ဒါပေမယ့် ကျနော့်မျက်မြင် မဟုတ်တော့ ကျနော် အတည်ပြုလို့တော့ မရဘူး” ဟု ပြောသည်။
သေဆုံးခဲ့ရသူများမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ရှမ်းပြည်တောင်ပိုင်း အခြေစိုက်တော်လှန်ရေးတပ်အချို့မှဖြစ်ကြောင်း၊ ဆေးသင်တန်းအပတ်စဉ်မှာ ၂ ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ဦးခန့်ပါဝင်ကာ တက်ရောက်နေကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က မှန်ကန်ကြောင်းအတည်ပြုထားပြီး မိုးရွာသွန်းမှုများကာ ရုတ်တရက်တောင်ကျရေကျဆင်းလာမှုကြောင့် မျောပါသေဆုံးရခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “သူတို့ဆေးသင်တန်းလုပ်ရင်းနဲ့ မိုးက ဗြုန်းကနဲကြီးလာတော့ တောင်ကျရေကြီးလာတော့ ပါသွားတာလေ။ ည ၁၀ နာရီ ၁၁ နာရီလောက်မှာဖြစ်သွားတာ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခုတွင် ရေစီးကြောင့် နေအိမ် ၇၀ ကျော် မျောပါပျက်စီးခဲ့ရသည့်အပြင် ကရင်နီနှင့် ကရင်ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်အတွင်းက ယာဒိုစစ်ဘေးရှောင်စခန်းတွင်လည်း ရေစီးကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။
ဖယ်ခုံမြို့နယ် သိကျိတ်ရွာအတွင်း တောင်ကျရေကြောင့် အဖွားအိုတဦး၊ အမျိုးသမီးတဦးနှင့် လူငယ်တဦးတို့ သေဆုံးခဲ့ရပြီး နေအိမ် ၂၅ လုံးခန့် ပျက်စီးခဲ့ရကြောင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသည့် ထွန်းမြန်မာ ဒိုနေရှင်း လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၂ ရက်က ရေးသားဖော်ပြခဲ့သည်။
ကရင်နီဒေသတွင် စက်တင်ဘာ ၉ ရက်နေ့ကစပြီး မိုးရွာသွန်းမှုများကာ တောင်ကျရေကျဆင်းမှုနှင့် ရေကြီးနစ်မြုပ်မှုများ ကြောင့် အရပ်သားများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ်လျက်ရှိသည်။
ကရင်နီပြည်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်၊ ပွန်ချောင်းနှင့် ထူးချောင်းများ အပါအဝင် မြို့ရွာ အသီးသီးရှိ မြစ်ချောင်းများတွင် ပုံမှန်ရေကြီးရေလျှံမှုများအပြင် လျှပ်တပြက်ရေကြီး မြေပြိုခြင်းများ ကြုံတွေ့နေရသည့် အတွက် အရေးပေါ်သတိပေးချက်များကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အရေးပေါ်သတိပေးချက်တွင် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ မိသားစုများ အရေးပေါ်ပြောင်းရွှေ့ရန်နေရာ လမ်းကြောင်းများနှင့် မိသားစု ဆုံရပ်ကို ကြိုတင်သတ်မှတ်ရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာ၌ထားရန် အကြံပြုထားသည်။
You may also like these stories:
ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်
နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ
လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်