အရှေ့တောင်အာရှမှ ပြည်သူသန်းပေါင်းများစွာသည် နေအိမ်များ ရေကြီးခြင်း၊ ဓာတ်အားပြတ်တောက်ခြင်းနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း စသည့် ယာဂီ တိုင်ဖွန်းမုန်တိုင်း အပျက်အစီးများဖြင့် ရုန်းကန်နေရသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ဗီယက်နမ်နိုင်ငံကို တနာရီလျှင် ၉၂ မိုင်နှုန်းဖြင့် တိုက်ခတ်သည့် ထိုမုန်တိုင်းသည် အပျက်အစီး အများပြားဖြစ်စေပြီး အထူးသဖြင့် မြို့တော် ဟနွိုင်းတွင် ရုတ်တရက် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ အပြင်းအထန်ဖြစ်စေသည်။
အစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ၏ အဆိုအရ ဗီယက်နမ်တွင် သေဆုံးမှု ၂၂၆ မှုအထိရှိပြီး ၁၀၄ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
မုန်တိုင်းသည် ဗီယက်နမ်ကို ဖျက်စီးနေစဉ် ထိုင်း၊ လာအိုနှင့် မြန်မာတွင် မိုးသည်းထန်စွာရွာပြီး အသေအပျောက်များသော မြေပြိုမှုများနှင့် ပြင်းထန်သော မြစ်ရေလွှမ်းမိုးမှုများ ဖြစ်စေသည်။
ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှမှ အပျက်အစီးများကို အောက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ
ယခုနှစ်အတွင်း အာရှတွင် အပြင်းထန်ဆုံးဖြစ်သော ယာဂီ တိုင်ဖွန်းမုန်တိုင်းသည် ထိုင်းနိုင်ငံတဝန်းတွင် ကျယ်ပြန့်သော ပျက်စီးမှုများ ဖြစ်စေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း အကြီးမားဆုံး မြို့ပြဒေသများအနက် တခုဖြစ်သည့် ချင်းရိုင်မြို့ အစိတ်အပိုင်းများတွင် ရေလွှမ်းမိုးပြီး အဓိကလမ်းများ၊ နေရာအများအပြား ရေမြုပ်သည်။
အပြင်းအထန် ရေလွှမ်းမိုးခံရသည့် မယ်ဆိုင်ခရိုင်မှ ဒေသအချို့တွင် ရေပြန်ကျသော်လည်း မြစ်ကမ်းပါးနေ ပြည်သူများ ရေမြုပ်နေဆဲဖြစ်ကြောင်း ခရိုင်အကြီးအကဲ နာရွန်ပိုလ် ကစ်အန်က Reuters သတင်းဌာနသို့ ပြောသည်။
“အိမ်တွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကျနော်တို့ အလျင်အမြန်လုပ်နေတယ်။ လူရာပေါင်းများစွာကို ကယ်ဆယ်ဖို့ လိုအပ်နေသေးတယ်” ဟု ဟု နာရောင်ပိုလ်က ပြောသည်။
ထိုင်းရေတပ် အထူးတပ်ဖွဲ့အကူအညီဖြင့် လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို လှေများ၊ ရဟတ်ယာဉ်များဖြင့် လုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောသည်။
ချင်းရိုင်မှ ဘန်ကွေဝူအာ ဆည်ဒေသတွင် ပိတ်မိနေသည့် လူ ၃,၀၀၀ ခန့်အတွက် အစားအစာနှင့်ရေ ပေးပို့ရန် ထိုင်းလေတပ်ကို အသုံးပြုရေးအတွက် အာဏာပိုင်များက စီစဉ်နေသည်။ ထို့ပြင် စာသင်ကျောင်းတခုတွင် လူ ၂၀၀ ပိတ်မိနေပြီး ကယ်ဆယ်ရေးဌာနသို့ ပို့ဆောင်ပေးရန် စောင့်ဆိုင်းနေသည်ဟု ပြည်နယ်ရုံးက ဖော်ပြသည်။
သြဂုတ်လလယ်မှစတင်ပြီး ထိုင်းနိုင်ငံတဝန်းမှ လူအနည်းဆုံး ၃၃ ဦး မြေပြိုမှုအပါအဝင် မိုးနှင့်ပတ်သက်သည့် ဖြစ်ရပ်များကြောင့် သေဆုံးသည်။ ကိုးဦးမှာ မြောက်ပိုင်းပြည်နယ် နှစ်ခုတွင် ယခုအပတ်အတွင်း ယာဂီ တိုင်ဖွန်းကြောင့် သေဆုံးကြောင်း အစိုးရအစီရင်ခံစာများက ဖော်ပြသည်။
“အခြေအနေက အရမ်းထိခိုက်လွယ်တယ်။ မိုးရွာလိုက်တာနဲ့ ရေက အလျင်အမြန် တက်လာတယ်” ဟု မစ္စတာ နာရောင်ပိုလ်က ပြောသည်။
မိုးသည်းထန်သောကြောင့် မြို့တော်ဘန်ကောက် အပါအဝင် ပြည်နယ် ၃၆ ခုတွင် ရုတ်တရက် ရေလွှမ်းမိုးနိုင်ကြောင်း ထိုင်းနိုင်ငံ အမျိုးသား သဘာဝရေအရင်းအမြစ်ရုံးက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကြေညာသည်။
မြန်မာ
ယာဂီ တိုင်ဖွန်းမုန်တိုင်းသည် မြန်မာတွင်လည်း ပြင်းထန်သော ရေလွှမ်းမိုးမှု ဖြစ်စေသည်။
ရှမ်းပြည်နယ် တာချီလိတ်မှ ဒေသခံ ၄,၀၀၀ နီးပါး ရေလွှမ်းမှုနှင့် ရင်ဆိုင်ရပြီး မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များ အပါအဝင် အခြားဒေသများတွင် မိုးသည်းထန်သည်ဟု Vietnam+ က ဖော်ပြသည်။
“ရေလွှမ်းမိုးမှုကြောင့် အိမ်တွေအလုံးလိုက် မျောပါကုန်တယ်” ဟု နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ ဒေသခံတဦးက RFA သတင်းဌာနသို့ ပြောသည်။ “ကျနော်တို့တွေ ရွာမှာပိတ်မိနေပြီး ဘယ်မှသွားလို့ မရတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေကို ခေါ်ထားပေမယ့် ဘယ်သူမှ ရောက်မလာသေးဘူး” ဟု ၎င်းကပြောသည်။
ရေလွှမ်းမိုးမှု ပြင်းထန်သောကြောင့် ရန်ကုန်နှင့် မန္တလေးအကြား ရထားပြေးဆွဲမှု ဆိုင်းငံ့ထားသည်ဟု စစ်ကောင်စီထိန်းချုပ် Global New Light of Myanmar က အတည်ပြုသည်။ မြေနိမ့်ပိုင်း နေပြည်တော်တွင် ရေလွှမ်းမိုးမှု ပြင်းထန်ပြီး တောင်ငူတွင်လည်း မြစ်ရေမြင့်တက်နေသည်။
ပြည်တွင်းသတင်းများအရ မန္တလေးတိုင်းမှ ရေမြုပ်သည့်ကျေးရွာတခုတွင် ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများသည် အလောင်း ခုနစ်လောင်း ဆယ်ယူခဲ့သည်ဟု မီးသတ်ဌာနက Facebook စာမျက်နှာတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ထိုဒေသတွင် အလောင်း ၁၀ လောင်း ဆယ်ယူထားပြီး ဖြစ်သည်။
ဧရာဝတီမြစ်အောက်ပိုင်းသို့ ရေများစီးဆင်းလာသောအခါ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်တွင် ရေလွှမ်းမိုးမှုများ ထပ်မံဖြစ်လာမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က RFA သို့ ပြောသည်။
လာအို
လာအိုနိုင်ငံသည်လည်း ယာဂီ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်သည့် အပျက်အစီးများကို ရင်ဆိုင်ရသည်။
အဆိုးရွားဆုံးခံရသည့် ဒေသမှာ လောင်နမ်ထာ ပြည်နယ်ဖြစ်ပြီး ထိုပြည်နယ်မှ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများသည် အိမ်ခြံမြေများကို အကြီးအကျယ် ပျက်စီးစေပြီး ဒေသခံများ ပိတ်မိနေစေသည်ဟု Vietnam+ က ဖော်ပြသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများအရ လောင်နမ်ထာရှိ နေအိမ်များ ရေနစ်မြုပ်နေပြီး ပစ္စည်းများ မျောပါသွားသည်ကို တွေ့ရသည်။ ရေဘေးမှ လွတ်မြောက်ရန် အိမ်ခေါင်မိုးများပေါ်တွင် တက်နေကြရပြီး အများအပြားသည် ၎င်းတို့၏ အိမ်များအတွင်း ပိတ်မိနေကြသည်။
ဆာရာဘူရီနှင့် အော့ဒွမ်ဆေး ပြည်နယ်များတွင် ကျယ်ပြန့်သော လယ်ယာမြေများကို ထိခိုက်စေပြီး ဒေသခံများသည် ကုန်းမြင့်ဒေသများတွင် ခိုလှုံနေရသည်။ အော့ဒွမ်ဆေးပြည်နယ်၊ နာမောခရိုင်တွင် ကျေးရွာ ၁၁ ရွာသည် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုခံရပြီး ဓာတ်အားပြတ်တောက်နေသည်။
သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရန်အတွက် လာအိုနိုင်ငံသည် ထိခိုက်မိသားစုများကို ကူညီရန် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် လုပ်ဆောင်နေသည်။
စက်တင်ဘာလ ၁၂ ရက်နေ့အထိ အနည်းဆုံး လူတဦး သေဆုံးသည်ဟု အာဏာပိုင်များက ပြောသည်။
ရေလမ်းကြောင်းကြီးကြပ်သည့် မဲခေါင်မြစ်ကော်မရှင်ကလည်း သမိုင်းဝင်မြို့တော် လွန်ပရာဘန်တွင် ရေကြီးမည့် သတိပေးချက်များကို စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည်။
ကိုးကား ။ ။ FirstPost သတင်း Beyond Vietnam: How Typhoon Yagi is now flooding Thailand, Myanmar and Laos
You may also like these stories:
နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်
ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွား
သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ