ကမ္ဘာကျော် အမေရိကန် ပေါ့ပ် စတား တယောက်ဖြစ်ပြီး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ တေလာ ဆွစ်က ဒီမိုကရက် ပါတီ သမ္မတလောင်း ကမ်မလာ ဟဲရစ်ကို မဲပေးမယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် နဲ့ ကမ်မလာ ဟဲရစ် တို့နှစ်ဦး စကားစစ်ထိုးပွဲ အပြီးမှာ ပြောကြားခြင်း ဖြစ်ပါတယ်။
ဖီလာဒဲဖီးယားမှာ ပြုလုပ်ခဲ့တဲ့ လက်ရှိ ဒုသမ္မတ ဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တို့ စကားစစ်ထိုးပွဲ အပြီး ထွက်ပေါ် လာတဲ့ တေလာ ဆွစ် ရဲ့ပြောကြားချက်ဟာ ဟဲရစ်အပေါ် ဆယ်လီဘရစ်တီ လောကရဲ့ အကြွင်းမဲ့ ထောက်ခံမှု ကို ရရှိသွားစေတာ ဖြစ်တယ် လို့လည်း သတင်းတွေက ဆိုပါတယ်။
“ရှင်တို့လိုပဲ ကျမ စကားစစ်ထိုးပွဲကို ကြည့်ခဲ့ပါတယ်။ ကျမအနေနဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ကမ်မလာ ဟဲရစ် နဲ့ ဒုသမ္မတလောင်း တင်မ် ဝေါ့ဇ် ကို မဲပေးပါမယ်။
ကမ်မလာကို ဘာလို့ မဲပေးမှာလည်း ဆိုတော့ သူက ကျမ ယုံကြည်တဲ့ အခွင့်အရေးတွေ၊ အခက်အခဲတွေကို အောင်နိုင်ဖို့ အတွက် ရဲရင့်တဲ့ သူရဲကောင်း တဦးလိုမျိုးမို့ လိုအပ်တယ်လို့ ကျမ ယုံကြည်တာကြောင့်ပါ။
သူက တည်ငြိမ်ပြီးတော့ တကယ်တော်တဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်။

ပြီးတော့ ပရမ်းပတာ အခြေအနေတွေနဲ့ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်နိုင်တဲ့ သူကပဲ ကျမတို့ နိုင်ငံကို ပိုမို အောင်မြင်စေနိုင်မယ်လို့ ယုံကြည်တယ်” လို့ ဖော်လိုဝါ ၂၈၃ သန်း ရှိတဲ့ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တေလာ ဆွစ်က ရေးသားခဲ့တာပါ။
အမေရိကန် ပေါ့ပ် အဆိုတော်ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို အခုမှ ထုတ်ဖော် ပြသဖူးတာ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၈ မှာ ပထမဆုံးအကြိမ် အဖြစ် ရစ်ပတ်ဘလီကန် ပါတီရဲ့ အထက်လွှတ်တော် အမတ်လောင်း မာရှာဘလက်ဘန်းကို ဝေဖန်ပြီး ဒီမိုကရက်တစ် ပါတီရဲ ဖီးလ်ဘရက်ဆန် နဲ့ ဂျင်ကူးပါးကို ထောက်ခံကြောင်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို စတင်ပြောကြားခဲ့တာပါ။
အဲ့ဒီ နောက်ပိုင်းက စပြီး နိုင်ငံရေးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို တောက်လျှောက် ဖော်ပြခဲ့ပြီး အခုလည်း ကမ်မလာ ဟဲရစ်ကို ထောက်ခံ မဲပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Ref : Bangkok Post