ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်မှာ မေတ္တာရိပ်စာသင်ကျောင်းအပါအဝင် ကျောင်း ၆ ကျောင်းကို အာဏာပိုင်တွေက စက်တင်ဘာလ ၄ ရက်နေ့က စတင်ပိတ်သိမ်းလိုက်တဲ့အတွက်ကြောင့် ကျောင်းတက်နေဆဲ ကျောင်းသား၊ ကျောင်းသူ ၃ ထောင်နီးပါးလောက် ရုတ်တရက် ကျောင်းရပ်နားထားရတာဖြစ်ပါတယ်။
ရွှေ့ပြောင်းကျောင်းတွေလို့ အလွယ်တကူခေါ်ကြတဲ့ ဒီကျောင်းတွေဟာ မိဘအလုပ်သွားတဲ့အချိန်တွေမှာ ကလေးတွေကိုလုံခြုံတဲ့နေရာတွေမှာရှိစေဖို့၊ မြန်မာစာတတ်မြောက်ဖို့ ထိုင်းဘာသာစကားတတ်မြောက်နားလည်ဖို့အပြင် ကလေးတွေရဲပညာရေးအနာဂတ် အစီစဉ်တွေအတွက် အားကိုးအားထားပြုရာနေရာတွေဖြစ်ပါတယ်။ အခုတော့ ဒီလိုကျောင်းပိတ်တဲ့အတွက်အချို့မိဘတွေဟာ ကလေးတွေကိုအိမ်မှာထားခဲ့လို့မရတဲ့အတွက် လုပ်ငန်းခွင်တွေထဲခေါ်သွားကြရတဲ့အခြေအနေဖြစ်ပါတယ်။
ပညာသင်ကြားမှု ရပ်တန့်လိုက်ရတဲ့ကျောင်းသားတွေထဲ အထက်တန်း ကျောင်းသားတွေ လည်းပါဝင်တဲ့အတွက်ကြောင့် အချိန်မီကျောင်းပြန်မဖွင့်လှစ်နိုင်ရင်ငွေရေးကြေးရေးနဲ့အခြားအခက်အခဲတွေကြောင့် ကလေးလုပ်သားတွေအဖြစ်ပြောင်းလဲသွားနိုင်ချေလည်းရှိနေပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ဒီကျောင်းသားတွေကို ထိုင်းအစိုးရလက်အောက်ကကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာအပ်နှံဖို့ပြောထားပေမယ့် စာရွက်စာတမ်းအထောက်အထားပြဿနာတွေအပြင်အခြား အခက်အခဲတွေရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းအုပ်ချုပ်သူတွေကတော့ ထိုင်းကျောင်းတွေမှာ အပ်နှံနိုင်မယ့်အခြေအနေနဲ့ပတ်သက်ပြီး လာမယ့်တနင်္လာနေ့မှာ စုံစမ်းဆောင်ရွက်မှုတွေစတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကျောင်းပိတ်ချိန် ရက်သတ္တပတ်တပတ်ကျော်ကြာလာတဲ့ မေတ္တာရိပ်ကျောင်းက အသက် ၇ နှစ်အရွယ်ဒုတိယတန်းကျောင်းသူ မရဒီချမ်းဟာ ကျောင်းရပ်တန့်လိုက်ရတဲ့အတွက်ကြောင့် မိဘရဲ့လုပ်ငန်းခွင်ရှိရာဘာခြံထဲ ကိုနေ့စဉ်လိုက်ပါနေရပါတယ်။ သူကတော့ ကျောင်းပြန်ဖွင့်ရက်ကိုမျှော်လင့်နေဆဲဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဆူရက်ဌာနီ #ပညာရေး #ရွှေ့ပြောင်းလုပ်သား #Education #MigrantWorkers