ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်တင်ဘာ ၁၀ ရက်မှစ၍ ယနေ့ထိ ရေများတက် နေသော ကြောင့် စပါး၊ ပြောင်း၊ ကြံ၊ ရေပေါ်သီးနှံစိုက်ခင်းဧကများစွာအပြင် ရက်ကန်းရုံများ ရာနှင့်ချီ ရေမြုပ်မှုကာ ပျက်စီးကြောင်း သိရသည်။
အင်းလေးကန်အတွင်းသို့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ တောင်ကြီး၊ နောင်တရား တီကျစ် ပင်လောင်း ဒေသ များမှ ရေများ နေ့စဉ်တိုးဝင်လျက်ရှိရာ ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာပေါင်း ၄၀၀ ကျော် ရှိသည့် အနက် ၂၀၀ နီးပါးမှာ ရေမြုပ်နေပြီး လူဦးရေသောင်းနှင့်ချီ ရေဘေးဒုက္ခရင်ဆိုင်နေရကြောင်း ဒေသခံများနှင့် လူမှုကူညီရေး လုပ်ဆောင် ပေးနေ သူများက ပြောသည်။
အင်းလေးဒေသ မကျီးဆိပ်ရွာခံ မကေခိုင်ဦးက “ရေကတော့ ဒီနေ့ထိ တိုးနေဆဲပဲ။ ညောင်ရွှေမှာ ရေမကုန်သရွေ့ အင်းလေး ကတော့ တိုးနေဦးမှာ။ စီးပွားရေးလုပ်ငန်း အားလုံးက ဆုံးရှုံးသွားတာပေါ့။ လယ်တွေ တော်တော်များများ ရေမြုပ်သွား တယ်။ ကျွန်းမျှောစိုက်ခင်းတွေကျတော့ ခရမ်းချဉ်သီး၊ ပြောင်းဖူး စိုက်တယ်။ ကမ်းစပ်နားမှာ စိုက်ကျတော့ဆိုတော့ အခု ရေတက်တော့ အကုန်လုံး ပါကုန်တာပေါ့။ ရေနဲ့အတူမျောသွားတာပေါ့။ ပန်းကန်တို့၊ မြေရှားတို့ကျတော့ ခရမ်းချဉ်သီး၊ ပြောင်းဖူး စိုက်ကြတာ အဲဒီတလျှောက် အကုန်ပါကုန်တာ” ဟု ဧရာဝတီကို ပြောသည်။
အင်းလေးဒေသ လယ်ယာစိုက်ပျိုးမှုအနေဖြင့် ဧပြီလတွင် တကြိမ်၊ ဇွန်လတွင် တကြိမ် နှစ်ကြိမ်စိုက်ပျိုးပြီး ဧပြီလတွင် စိုက်ပျိုးထားသည့် နွေစပါးမှာ ယခုအချိန်တွင် ရိတ်သိမ်းထားပြီးဖြစ်သော်လည်း ရေမြင့်တက်မှုကြောင့် ရိတ်သိမ်းပြီး စပါး များမှာ ရေနစ်မြုပ်မှုများရှိသလို ပြီးခဲ့သည့် ဇွန်လတွင် ကောက်လတ်စိုက်ပျိုးထားမှုများ မရိတ်သိမ်းရသေးသောကြောင့် စိုက်ခင်းများ ရေလွှမ်း၍ ပျက်စီးကုန်ကြောင်း ၎င်းက ဆိုသည်။
“နွေစပါးကျတော့ သင်္ကြန်မတိုင်ခင် စိုက်တယ်။ ဝါဆိုဝါခေါင်သိမ်းတယ်။ ဒါကြောင့် အဲဒီတသုတ်က သိမ်းလို့ အချိန်မီသွား တယ်။ ဒါပေမယ့် ကောက်လတ်လယ်ဆိုပြီး စိုက်တာ သပ်သပ်ရှိတယ်။ အဲဒါကျတော့ အခု ပါကုန်တာပေါ့။ လယ်ကတော့ ရွာတိုင်း လိုလိုရှိတာ၊။ ကိုယ့်ရွာနားကကမ်းစပ်မှာ ရွာကသူတွေက တယောက်နည်းနည်းစီ ပိုင်ကြတာပေါ့။ ၂ ဧက၊ ၃ဧက အထိ တယောက်ကို ပိုင်ကြတယ်။ အခုကတော့ အကုန်လုံး ရေပြင်ကြီးဖြစ်သွားပြီ” ဟု မကေခိုင်ဦးက ရှင်းပြသည်။

အင်းသီးဟု နာမည်ကျော်သော အင်းလေးထွက် ခရမ်းချဉ်းသီးများမှာလည်း ရေနှင့်အတူ မျောပါနေကြသည့်ပုံများ လူမှုကွန် ရက်၌ ပျံ့နှံ့လျက်ရှိသည်။
ယင်းပြင် အင်းလေးတောင်ပိုင်းဒေသဖြစ်သည့် တောင်တိုကျေးရွာအုပ်စုရှိ တောင်တို၊ မကျီးဆိပ်၊ ဆီဆုံ အစရှိသည့် ကျေးရွာများမှာ ရက်ကန်းလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ရက်ကန်းစင်အများဆုံးရှိသော မကျီးဆိပ်၊ ဆီဆုံမှာပင် တရွာလျှင် အနည်းဆုံး စင် ၂၀၀ ကျော်ရှိကာ ယခု ရေနစ်မြုပ်၍ ပျက်စီးသွားကြောင်း ရက်ကန်းရုံပိုင်လည်းဖြစ်သူ မကေခိုင်ဦးက ပြောသည်။
“ကျမတို့ရွာတင် ၂၀၀ ကျော်ရှိတယ်။ ဆီဆုံမှာလည်း အဲဒီလောက်ရှိတယ်။ ဒီနှစ်ရွာက ပိုများတာပေါ့။ တောင်တိုမှာလည်း ရှိတယ်။ မရှိဘူးဆို တနိုင်တပိုင်နဲ့တအိမ်ကို အနည်းဆုံး ရက်ကန်းစင် နှစ်စင်၊ သုံးစင်နဲ့ လုပ်ထားတာ ကျမတို့ အင်းတောင် ပိုင်းရွာတွေမှာ အများကြီးရှိတာ။ အကုန်လုံး မြုပ်သွားတာပေါ့၊ ရေကျသွားရင်တော့ သံချေး ချွတ်တာတို့ ဘာတို့နဲ့ အစကနေ အကုန်ပြန်လုပ်ရမှာပေါ့။ စက်တွေကို ပြန်ပြင်ရမှာပေါ့။ လိုတဲ့ပစ္စည်းတွေ ပြန်ထည့်သုံးပေါ့။ အဲဒီလို လုပ်ရမှာ” ဟု ၎င်းက ပြောသည်။
အင်းလေးရှိ ဒေသခံများမှာ ခရီးသွားများကို မှီခို၍ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လျော့ကျသွားခြင်းကြောင့် ဒေသခံများ မှီခိုအားထား ရသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း အစရှိသည်တို့ မှာလည်း လက်ရှိတွင် သဘာဝဘေးကြောင့် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ညောင်ရွှေ၊ အင်းလေးတကြောလုံး နစ်မြုပ်နေသော်လည်း ကျွန်းကြီး (တောင်)၊ ကျွန်းကြီး (မြောက်) အစရှိ သည့် ဖောင်တော်ဦးနားရှိ ရွာများလောက်သာ ကူညီထောက်ပံ့မှုများရရှိပြီး ဒေသအတွင်းဘက်ကျသည့် ကျေးရွာများမှာ အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အင်းလေး ဒေသခံနောက်တဦးက “အကူအညီက တော်တော်များတော့ မရောက်သေးဘူး။ မြောက်ပိုင်းမှာတောင် ကျေးစားကုန်း၊ ပွဲစားကုန်း၊ မင်းချောင်းရွာတို့ဆို မရောက်သေးဘူး။ သူက ရေပြင်ကျယ်ကြီးကို ဖြတ်ပြီးသွားရတယ်လေ။ တောင်ပိုင်း လည်း ရေပြင်ကျယ်ကို ဖြတ်ပြီး အဝေးကြီးလာရတော့ မရောက်ကြသေးဘူး။ ကျမတို့ရွာကို မနေ့က ရောက်လာတဲ့ အဖွဲ့ကတော့ စစ်ဘေးရှောင်တွေကိုလာလှူနေကျအဖွဲ့တွေမို့ ရောက်လာကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
အင်းလေးဒေသသည် ပုံမှန်အားဖြင့် ဝါဆို၊ ဝါခေါင် နွေစပါးများ စသိမ်းသည့်ကာလတွင် ရေတက်လေ့ရှိပြီး သီးတင်းကျွတ်၊ တန်ဆောင်မုန်းအပြီးမှသာ ရေပြန်ကျလေ့ရှိသော်လည်း ယခု ရေတက်သည့်အခြေအနေမှာ ဆိုးဆိုးဝါးဝါးဖြစ်၍ ရေကျမည့် အချိန် ကြာမြင့်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယခုအချိန်တွင် အင်းလေးဒေသရှိ ရွာပေါင်း ၂၀၀ ကျော်နှင့် မြို့ပေါ် ရပ်ကွက် ၄ ခု စလုံးရှိ ၁ ထပ်အိမ်များသည် ခေါင်မိုးအထိ ရေမြုပ်နေသလို နှစ်ထပ်အိမ်များမှာ တချို့ မြင့်သည့် အိမ်ဆိုလျှင် အပေါ်ထပ် ကြမ်းခင်းထိလုနီးပါး၊ တချို့အိမ်မှာ အိမ်ကြမ်း ခင်းကျော်အထိ နစ်မြုပ်နေသလို စိုက်ခင်းများမှလည်း ရေပြင်ကြီးဖြစ်သွားကြောင်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေး နေသည့် ညောင်ရွှေမြို့နယ် ဒေသခံပရဟိတသမား ကိုသက်ပိုင်က ပြောသည်။
“ရွာက ၂၀၀ ကျော်တယ်။ အလှူရှင်တွေက သွားလို့ မရဘူး။ ရေက အရမ်းတက်နေတာလေ။ ကျနော်တို့ ကယ်ဆယ်ရေး အဖွဲ့တွေလည်း တရက်မှ ၃၊ ၄ ရွာလောက်ပဲ သွားနိုင်တယ်။ အခုတော့ သွားတော့ သွားပေးနေတယ်။ သီးနှံစိုက်ခင်း တွေကတော့ ရေပြင်ကြီးဖြစ်သွားတော့ ဘာမှကို ကြည့်စရာ မလိုဘူး။ တကြောလုံး ရေပြင် ဖြစ်သွားတာ။ ကုန်းပေါ်က ဟာတွေပဲ ရှိမယ်။ အောက်ခြမ်း အင်းလေးတကြောမှာရှိတဲ့ဟာတွေတော့ ဘယ်လိုမှ မရနိုင်ဘူး။ ဘာလို့ဆိုတော့ မြို့အနောက်ဘက်ခြမ်းက ရွာတွေထဲက လယ်တွေမှာ ကျနော် ထောက်ကြည့်တော့ ရေက ၁၄ ပေလောက်ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် မိုးဗြဲဆည်က တောက်လျှောက် ပုံမှန် ရေလွှတ်ပေးနေသော်လည်း အင်းလေးကန်အတွင်းသို့ ရေဝင်အားနှင့် ရေထွက်အားမှာ မမျှဖြစ်နေ၍ ရေကျရန် လနှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက “မိုးဗြဲဆည်က တရက်လုံးလွှတ်မှ ဒီဘက်က ရေကျရင် အများဆုံး ၁ လက်မခွဲ၊ ၂ လက်မပဲ ကျတာ။ အင်းတိမ်ဘက်မှာဆို လူအသေအပျောက်ရှိတယ်။ ကားနဲ့သွားလို့ မရဘူး။ စက်လှေနဲ့ကျတော့လည်း အခုရေစီးနဲ့ အင်းတိမ် ချောင်းကို မဖြတ်နိုင်ဘူး။ အဓိက ရေသန့်တွေ လိုအပ်နေတယ်။ ပို့သလောက် မလောက်ဘူး။ နောက်တခုက ဒီအချိန်မှာ စားလို့ရတဲ့ ခေါက်ဆွဲခြောက်တို့ မုန့်ကြွပ်တို့ ပါမုန့်တို့ ပါမုန့်ခြောက်တို့ ဒါတွေက သူတို့အတွက် အဆင်ပြေဆုံးပဲ။ တခြားဟာ တွေ သွားပေးလည်း အိမ်အပေါ်ထပ်မှာ သူတို့ ချက်စားဖို့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ဒေသခံများ၏ အခြေအနေကို ပြောသည်။
လက်ရှိတွင် ရေကြီးနစ်မြုပ်ရာ ဒေသများဖြစ်သည့် ကလော၊ ရွှေညောင်၊ အောင်ပန်း၊ ညောင်ရွှေ၊ အင်းလေး ဒေသတို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသလို ATOM ဖုန်းဆင်းကတ် တကတ်လျှင် ယခင် ၃၅၀၀ ကျပ်သာအများဆုံး ရှိသော်လည်း ယခု ၇၀၀၀ ကျပ်အထိပေး၍ ဝယ်ယူနေရသည်ဟု ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်သူများ ထံက သိရသည်။
You may also like these stories:
မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်