မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက် ၁၀၁ ဘီ လမ်းနှင့် ၇၁ လမ်းရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်၏ အိမ်သို့ ဝင်ရောက် ဓားပြတိုက်ခဲ့သူများကို စက်တင်ဘာ ၁၄ ရက် ညပိုင်း၌ မြို့ပေါ်မှာပင် ရွှေထည် များ ငွေသားများနှင်အတူ ဖမ်းဆီးမိခဲ့ရာ ပြည်သူ့စစ်များ ပါဝင်နေကြောင်းသိရသည်။
ရွှေဆိုင်ပိုင်ရှင်မှာ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ (မင်္ဂလာဈေးဟောင်း) အနီးရှိ ချောင်ချောင် ရွှေဆိုင်သို့ သွားရန် ပြင်နေ ချိန် နံနက် ၈ နာရီခန့်တွင် သေနတ်၊ ဓားများ ကိုင်ဆောင်ထားသည့် လူ ၇ ဦး နစ်ဆန်းအေဒီဗင်ငွေရောင်ကားဖြင့် ရောက်ရှိ လာကာ ရွှေထည်များ ထည့်ထားသည့်ခြင်းများကို ယူဆောင်သွားရာ ရွှေ ၁၀ ပိဿာခန့်နှင့်ငွေကျပ် သိန်း ၁၀၀၀ ကျော်ပါ သွားသည်။
အဆိုပါလုယက်မှုကို ခင်မောင်စိုး၊ နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခ)ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၊ လှိုင်းထက်အောင်(ခ) တောဝက်(ခ) ဝက်ကလေး၊ ချမ်းသာ(ခ) ရွှန်းထက်မောင်တို့က ကျုးလွန်ခဲ့ခြင်းဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူသတင်းရင်းမြစ်တဦးက “အထူးအမှုစစ်အဖွဲ့က အခင်းဖြစ်ရပ် မှတ်တမ်း အထောက်အထားတွေကို ရယူပြီးတော့ စုံစမ်းဖော်ထုတ်ခဲ့တာပါ၊ ၁၄ ရက်နေ့ ညပိုင်းက ဓားပြတိုက် လုယက်မှုမှာ ပါဝင်တဲ့ခေါင်းဆောင်ကို မြို့ပတ်လမ်းပေါ်မှာ ဖမ်းမိခဲ့တာပါ၊ တရားခံတွေကို စစ်ဆေးတာတွေ လုပ်တာမှာတော့ ပြည်သူ့စစ်အဖွဲ့ကသူတွေ ပါတယ်ဆိုတာတော့ အကြမ်းဖျင်း သိရတယ်၊ အသေးစိတ်တော့ မသိရသေးပါဘူး”ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ (၃၉၅) ဖြင့် အမှုဖွင့်လှစ်ပြီး အထူးအမှုစစ်အဖွဲဖြင့် အခင်းဖြစ်ရပ် မှတ်တမ်း အထောက်အထားများရယူ၍ နယ်မြေ အတွင်း သတင်းရယူ စုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲတွင် ဓားပြတိုက် လုယက်ခဲ့သူ ပုသိမ်ကြီးမြိုနယ် ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး (၄၀)နှစ်အား ချမ်းအေးသာစံမြိုနယ် ရွှေပြည်သာဟိုတယ်ရှေ့ လမ်း (၃၀) မြို့ပတ်လမ်း ပေါ်၌ စတင် ဖမ်းဆီးခဲ့ပြီးနောက် ကျန်သူများကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တဦးမှာ လွတ်မြောက်နေ ဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓားပြမှုကို မန္တလေးမြို့မှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ကျုးလွန်ခဲ့ခြင်းဟု သတင်းများ ထွက်ပေါ်နေသလို ရွှေဆိုင်ပိုင်ရှင်မှာ စစ်ကောင်စီနှင့် နီးစပ်သူတဦးဖြစ်သောကြောင့် တရားခံများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
“ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်က စစ်အုပ်စုနဲ့ မကင်းရာ မကင်းကြောင်းတွေ ရှိနေတာမို့ တရားခံတွေ ဖမ်းမိတာမျိုးပေါ့၊ အဓိကတော့ သူတို့နဲ့ ပတ်သက်တဲ့သူတွေဆိုရင် တရားခံမိတာ မြန်တယ်၊ မြို့နယ် တရားသူကြီးရဲ့ ရွှေပန်းထိမ် ဓားပြတိုက်ခံ ရတုန်းကလည်း ရက်ပိုင်းအတွင်းမှာပဲ တရားခံတွေ ဖမ်းမိတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ၊ အဲဒီတုန်းကတရားခံတွေကလည်း နယ်ထိန်းနဲ့ ပျုစောထီးတွေပဲလေ၊ အခုမိတဲ့အထဲက ခင်မောင်စိုးဆိုတာကလည်း ပျူစောထီးတယောက်ပဲ”ဟု ပုသိမ်ကြီးမြို့ တွင် နေထိုင်သူတဦးက ပြောသည်။
ယင်းအမှုတွင် ဦးဆောင်သူ ခင်မောင်စိုးမှာ ပျူစောထီးခေါင်းဆောင် မဘသဘုန်းကြီး ပေါက်ကိုယ်တော်၏ တပည့်ရင်း ဖြစ်ပြီး လူမှား၍ ဖမ်းခြင်းဖြစ်ကြောင်း ပေါက်ကိုယ်တော်က အွန်လိုင်းတွင် Live လွှင့်ပြောကြားခဲ့ပြီး အဆိုပါ Live အား ပြန်လည် ဖြုတ်ချသွားခဲ့သည်။
ချောင်ချောင်ရွှေဆိုင် ဓားပြမှု ကျူးလွန်သူများ ဖမ်းဆီးမိရေးအတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့က ပေါက်ကိုယ်တော်ထံ စက်တင်ဘာလ ၁၄ရက်က ဖုန်းဆက် အကူအညီတောင်းခံခဲ့မှုများ ရှိကြောင်း၊ တရားခံများအနက်တဦး လွတ်မြောက်နေ ဆဲဖြစ်သော်လည်း ရွှေထည်များနှင့် သိန်း ၁၀၀၀ ပါပြန်ရသဖြင့် အလွန်ဝမ်းသာကြောင်း၊ ဖမ်းဆီးပေးသည့် ရဲများအား ရာထူးတိုးပေးရန်လိုသည်ဟုလည်း ပေါက်ကိုယ်တော်မှ လူမှုကွန်ရက်မှတဆင့် စက်တင်ဘာလ ၁၅ ရက်က ပြောဆိုထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့တွင် ရွှေဆိုင်များ ဓားပြတိုက်ခံရမှု မကြာခဏဖြစ်ပွားနေသော်လည်း တရားခံ ဖမ်းဆီးရမိမှု အလွန်နည်းကြောင်း၊ အဆိုပါဓားမြမှုများတွင် စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်များ တပ်ဆင်ပေးထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်နေသည်ဟု မန္တလေးမြို့ခံများက သုံးသပ်ပြောဆိုကြသည်။
“မန္တလေးမှာ ဖြစ်တဲ့ ဓားပြမှုတွေ လုယက်မှုတွေ လူသတ်မှုတွေ တော်တော်များများက ပြည်သူ့စစ်တွေနဲ့ လွတ်ကင်းတာ မရှိသလောက်ပဲ၊ ချောင်ချောင်ရွှေဆိုင်အိမ် ဓားပြတိုက်ခံရတဲ့ ညပိုင်းမှာပဲ ပြည်ကြီးတံခွန်ထဲကအိမ်တအိမ်မှာ ကလေးကို ရိုက်နှက်ပြီး ဓားပြတိုက်သွားတာ ပြည်သူ့စစ်တွေပဲလေ၊ နာရီပိုင်းအတွင်း ၇ ယောက်တောင် မိခဲ့တာ၊ အဲဒါကြောင့် ပြည်သူ့စစ်တွေနဲ့ မကင်းဘူးလို့ ပြောတာ”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များနှင့် စစ်တပ်၊ ရဲတပ်ဖွဲ့များ အဆင်မပြေဖြစ်ကာ ပျူစောထီးအဖွဲ့ဝင်များအား စစ်တပ်နှင့်ရဲတပ်ဖွဲ့က အမှုဆင်ဖမ်းဆီးမှုများ ရှိနေသည်ဟု ထုတ်ဖော် ရေးသားပြောဆိုမှုများလည်း ရှိသည်။
စက်တင်ဘာ ပထမပတ်အတွင်းက ပြည်သူ့စစ်အဖွဲ့များက တရုတ်လူမျိုးတဦး ပိုင် ကားအား ဖမ်းဆီးခဲ့ပြီးနောက် ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၅ လမ်းပေါ်တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင်တဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း၊ ထို့အတူ စက်တင်ဘာလ ၁၁ ရက် ညဦးပိုင်းက ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြား၊ ၆၁ လမ်းပေါ်ရှိ နေအိမ်တအိမ်ကို ဓားပြတိုက်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၇ ဦးမှာလည်း မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ) လက်အောက်ခံ ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
ယင်း ဖမ်းဆီးခံရသူ ၇ ဦးမှာ စစ်တပ်နှင့်အတူ မတ္တရာမြို့နယ် ကျောက်တံတား၊ ထန်းပင်ကုန်းတိုက်ပွဲများတွင် ပြည်သူ့ ကာကွယ်ရေးတပ်များအား ပါဝင်တိုက်ခိုက်ခဲ့သူများဖြစ်ကာ မန္တလေးမြို့သို့ ခေတ္တပြန်ရောက်ချိန် အခကြေးငွေယူ၍ အကြွေးတောင်းပေးရာမှ ရဲတပ်ဖွဲ့၏ အမှုဆင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကို အထက်အဆင့်သို့ စာပေးပို့တိုင်ကြားထားသလို ဖမ်းထားသော ၇ ဦးအား ပြန်လွှတ်မပေးပါက ပြည်သူ့စစ်အဖွဲ့အား ဖျက်ပစ်မည်ဖြစ်ဟု စစ်ကောင်စီအား ထည့်သွင်းခြိမ်းခြောက်ထားကြောင်း စစ်ကောင်စီလော်ဘီများထံမှ ထွက်ပေါ်လာသော စာအရသိရသည်။
ယခုအခါ စစ်ကောင်စီက မန္တလေးမြို့အနှံ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့်ကြားမှ ဒုစရိုက်မှုများ များပြားလာပြီး တရားဥပဒေစိုးမိုးမှု ပို၍ ကင်းမဲ့လာသလို လုယက်မှု၊ ဓားပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ရွှေဆိုင်၊ ဖုန်းအရောင်းဆိုင်များအပါအဝင် အထည်ဆိုင်၊ ဈေးဆိုင်များကိုပါ လုယက် ဓားပြတိုက်နေသောကြောင့် မြို့ခံများမှာ စိုးရိမ်စိတ်များဖြင့် သွားလာနေရကြောင်း သိရသည်။
အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။
You may also like these stories:
တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်
မန္တလေးတွင် လူသေဆုံးစေသည့် အုပ်စုဖွဲ့လုယက်မှု များလာနေ
စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ