မန္တလေးမှ ၂၇၇ မိုင်ဝေးသည့် ကချင်ပြည်နယ် ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်သင်္ဘောများ ရွှေကူမြို့၌ ရပ်နားပြီးနောက် ဆက်လက် ဆန်တက်စဉ် မြို့အထွက်၌ ယမန်နေ့က တိုက်ခိုက်ခံရသဖြင့် ပြန်လည်ဆုတ်လာ ကြောင်း သိရသည်။
အဆိုပါ အုပ်စုတွင် တိုက်သင်္ဘော ၂ စင်း၊ ကမ်းထိုးရေယာဉ် ၁ စင်း၊ တွဲသင်္ဘော ၄ စင်းနှင့် ကုန်တွဲ ၂ စင်း ပါပြီး လက်နက် ခဲယမ်း၊ ထောက်ပို့ပစ္စည်း အပြည့်အစုံတင်ကာ အင်အား ၇၀ ကျော် လုံခြုံရေးလိုက်ပါ၍ ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီခွဲ ခန့်၌ မန္တလေး ဂေါဝိန်ဆိပ်ကမ်းရှိ ရတနာပုံသင်္ဘောကျင်းမှ စထွက်လာခြင်း ဖြစ်ပြီး ရေလမ်းတလျှောက် တိုက်ခိုက် မှုများ ဖြင့် ကြုံရသော်လည်း စက်တင်ဘာ ၄ရက်တွင် ရွှေကူသို့ ရောက်လာခြင်းဖြစ်သည်။
ထို့နောက် စက်တင်ဘာ ၁၇ရက် နံနက် ၈နာရီခန့်က ရွှေကူမှ မိုင် ၄၀ဝေးသည့် ဗန်းမော်သို့ ဆက်လက်ထွက်ခွာရာ မြို့ အထက်နားအရောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခံရပြီး ရှေ့ဆုံးနှင့် နောက်ဆုံးမှ လုံခြုံရေးယူပေးသည့် သင်္ဘော ၂ စီး လက်နက်ကြီးမှန်၍ နံနက် ၁၁ နာရီခန့် တွင် ရွှေကူသို့ ပြန်ဆုတ်သွားကြောင်း ဒေသခံ ကာကွယ်ရေးတပ်များထံမှ သိရသည်။
ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ ဗန်းမော်ကို အလွယ်တကူနဲ့ ရောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သူတို့ ပြင်ဆင်လာတဲ့ အနေအထားအရ ဗန်းမော်ဘက်အထိ ဆန်တက်ပြီး ဗန်းမော်ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းတာမျိုးပါပဲ။ ကျနော်တို့ စုံစမ်းလို့ရသလောက်က လက်နက်ခဲယမ်းတွေအပြင် စက်သုံးဆီ၊ ရိက္ခာတွေ ပါတယ်လို့ သိရတယ်။ မန္တလေးကနေ ထွက်လာတဲ့အချိန်ကတည်းက ကမ်းကပ်ပြီး လူအင်အားဖြည့်တာတွေ လည်း ဆက်တိုက် လုပ်ခဲ့ကြရတာ။ ရွှေကူအထိကို လွယ်လွယ်ကူကူနဲ့ ရောက်ခဲ့တာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။
စက်တင်ဘာ ၁၂ ရက်ကလည်း ဗန်းမော်မြို့သို့ ဆန်တက်ရန် ကြိုးစားသည့် ယင်းစစ်သင်္ဘောများအား KIA၊ KPDF ပူးပေါင်း တပ် များက တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သေးကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘောများသည် ကချင်ပြည်နယ်အတွင်း မြို့များ၊ တပ်စခန်းများ ဆုံးရှုံးမှု များနေခြင်းကြောင့် ဗန်းမော်မြို့သို့ လူအင်အားနှင့် လက်နက်ခဲယမ်းရိက္ခာများ ဖြည့်တင်းရန် ရေလမ်းမှ ကြိုးပမ်းလာခြင်းမျိုးဖြစ်ကာ ဩဂုတ် ၃၀ ရက်မှစ၍ တိုက်လေယာဉ်ဖြင့် လုံခြုံရေးယူ၍ ဝဲယာမြစ်ကမ်းဘေးရွာများအား သင်္ဘောပေါ်မှ စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပတ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထီးချိုင့်ဒေသစစ်ရေး သတင်းများ စောင့်ကြည့်ဖော်ပြသော Tigyaing Revolution (TR) က ထုတ်ပြန်သည်။
စက်တင်ဘာ ၄ ရက်၌ ထိုစစ်သင်္ဘောများသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်းမှ ရွှေကူသို့ စတင် ထွက်ခွာချိန်မှစ၍ လေကြောင်းလုံခြုံရေးရယူကာ ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်လာရာ ရွှေကူမြို့မြစ်ကမ်းဘေး တလျှောက်ရှိ ကျေးရွာများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။
ကသာခရိုင် ပကဖမှ တာဝန်ရှိသူက “စစ်သင်္ဘော ၅ စီး စစ်ကိုင်းနဲ့ ကချင်အစပ်ကနေ ရွှေကူမြို့နယ်ထဲကို ဝေဟင်ကနေ ဂျက်ဖိုက်တာတွေနဲ့ ပစ်ကူ၊ သင်္ဘောတွေပေါ်ကနေ စက်သေနတ်တွေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ပြီး ဝင်ခဲ့ကြ တာ။ ရွှေကူမှာ ရက်ကြာသွားတာက အောက်ဘက် ထီးချိုင့်ဘက်မှာတုန်းက ထိခဲ့တာတွေကို ပြင်ဆင်နေကြတာလို့ သိရတယ်။ ၁၂ ရက်နေ့လောက်ကလည်း အခုလိုမျိုး ဆန်တက်ဖို့ ကြိုးစားတာမှာ တိုက်ခိုက်ခံရတာကြောင့် ဆန်တက် နေတာကို ရပ်နားခဲ့ပြီးမှ ဒီနေ့ ပြန်ပြီးဆန်တက်တာပါ” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် လေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာခဲယမ်းများ ပို့ဆောင်နေရာမှ တိုက်ပွဲများပြင်းထန်မှုကြောင့် လေ ကြောင်းအသုံးပြု၍ မရနိုင်သည့်နေရာများအတွက် ယခုကဲ့သို့ ရေကြောင်းအသုံးပြုကာ လုပ်ဆောင်လာရခြင်းမျိုးဟု တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။
အဆိုပါ စစ်သင်္ဘောများအား တော်လှန်ရေးတပ်များမှ မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းစဉ် ၃ ကြိမ် ပစ်ခတ်ခြင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားရွာအနီးနှင့် စဉ့်ကူးမြို့နယ်အတွင်း ဖြတ်သန်းစဉ် ပစ်ခတ်ခြင်း၊ သပိတ်ကျင်း သီဟတော ရေယာဉ်ရွာအနီးနှင့် ရွှေဘိုမြို့နယ် ကျောက်မြောင်း၊ အုတ်ကျင်းဆိပ်၊ မြတောင်နှင့် ထီးချိုင့်မြို့ကြားအရောက် ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သင်္ဘောများဘက်ကလည်း မြစ်ကမ်းဘေးကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သဖြင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရခဲ့သလို နေအိမ်တချို့နှင့် စက်လှေတချို့ မီးလောင်ပျက်စီးမှုများ ရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
You may also like these stories:
မန္တလေးမှ တက်လာသည့် စစ်သင်္ဘောများ ရွှေကူသို့ ရောက်လာ
ဗန်းမော်ကို မြေပြင်စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားဟု KIA ပြော
မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်