မန္တလေးမြို့တွင် HIV ရောဂါပိုးကူးစက်ခံ ထားရသဖြင့် ART ဆေးသောက်နေရသူများနှင့် ဆေးယဉ်ပါး တီဘီ(MDR) ဖြစ်နေ သူများကိုပါ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်နေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရ သည်။
ဩဂုတ်လ ဒုတိယပတ်မှ စ၍ စစ်မှုထမ်းအမည်စာရင်းပါ လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း က အင်အားသုံး၍ နေအိမ်များအထိ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်အတွင်း ဆေးယဉ်ပါးတီဘီ (MDR) ဖြစ်နေသူအချို့နှင့် ချမ်းအေးသာစံမြို့နယ်မှ HIV ရောဂါပိုးကူးစက်ခံထားရသဖြင့် ART ဆေးသောက်နေရသူအချို့ ပါဝင်သွားခြင်းဖြစ်သည်။
တီဘီရောဂါတိုက်ဖျက်ရေး လုပ်နေသူတဦးက “သူက ဆေးယဉ်ပါးတီဘီအပြင် အသည်းပါမကောင်းတာကို ခဏဆိုပြီး ခေါ် သွားတာ အခုထိ ပြန်မလွှတ်တော့တာပဲ၊ ဆေးထိုးဆေးသောက်နေရတဲ့ ဆေးယဉ်ပါးလူနာပါဆိုတာ တောင်မရဘူး၊ နာမည် စာရင်း ပေါက်တယ်ဆိုပြီး အတင်းအဓမ္မကို ခေါ်သွားကြတာ၊ ဆေးယဉ်ပါးတီဘီ သမားပါဆိုတာကို သူ့ကို ကုပေးနေတဲ့ ဆရာမနဲ့ မြို့နယ်ဆရာဝန်ဆီကပါ ထောက်ခံစာတွေတောင်းပြီး ပေးတာတောင် အခုထိ ပြန်မလွှတ်သေးတာပါ၊ ဆေးထိုးနေ ရဆဲ ဆိုတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေအတွက်လည်း စိုးရိမ်တယ်”ဟု ပြောသည်။
လူနာ၏ ဆေးကုသမှု မှတ်တမ်းများနှင့်အတူ မြို့နယ်ဆရာဝန်၏ ထောက်ခံချက်များပါ ပြသသော်လည်း လွတ်မြောက်ရန် ကျပ်သိန်း ၃၀ တောင်းဆိုရာ မပေးနိုင်၍ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဟု နီးစပ်သူများက ဆိုသည်။
တီဘီရောဂါတိုက်ဖျက်ရေးတွင် ပါဝင်နေသူတဦးက “လူနာရှင်တွေက မရှိတဲ့သူတွေဆိုတော့ သူ့ကံပဲဆိုပြီး ဒီအတိုင်းနေ နေကြရတယ်၊ ဆေးယဉ်ပါးတီဘီသမား ဆေးထိုးဆေးသောက်နေရဆဲဆိုတော့ ဘာအလုပ်မှ လုပ်လို့မရတာမို့ ကျမတို့ ရုံးဘက်နေ သူတို့ကိုတောင် တလ တသိန်းကျော်လောက် ထောက်ပံ့ပေးထားရတာ၊ သူ့ကိုခေါ်သွားတာ ကိစ္စမရှိပေမယ့် သူကနေတဆင့် ပြန့်သွားပြီး ကူးရင် သူ့လို ဆေးယဉ်ပါးတီဘီပဲ ကူးမှာလေ၊ အဲဒါကိုပဲ ကျမတို့က စိုးရိမ်တာပါ”ဟု ပြောသည်။
တီဘီရောဂါသည် ကူးစက်လွယ် ရောဂါဖြစ်ပြီး အဆင့် ၅ ဆင့် သတ်မှတ်ထားထားရာ အဆင့် ၂ မှစတင်၍ ဆေးယဉ်ပါး တီဘီအဖြစ် သတ်မှတ်ထားကြောင်း၊ ရိုးရိုးတီဘီရောဂါသည်များပင်လျှင် ၆ လထိ နေ့စဉ်မပျက်မကွက် ဆေးပုံမှန် သောက် ကြရပြီး ဆေးယဉ်ပါးအဆင့်ဝေဒနာရှင်များမှာ အနည်းဆုံး ၁ နှစ်မှ ၂ နှစ်ထိ နေ့စဉ် ဆေးသောက်ရသလို ၆ လထိ ထိုး ဆေးတွဲဖက်ကုသရမှုများလည်း ရှိကြောင်း သိရသည်။
“ဆေးယဉ်ပါးတီဘီသမားတွေက ၂ နှစ်ထိ ကုရတာ၊ နေ့တိုင်း ဆေးထိုးရတာ ၆ လနဲ့ ကျန်တာတွေက ဆေးဆက်သောက် ရတာပေါ့၊ အဲဒါကြောင့် ဆေးယဉ်ပါးသမားတွေကျတော့ ပိုပြီးတော့ ဂရုစိုက်ရတယ်၊ ဘေးထွက်ဆိုးကျိုး ကလည်း ပိုများ တယ်၊ လူနာကိုယ်တိုင်ရော မိသားစုရော ပတ်ဝန်းကျင်ပါ ကူးစက်မှုမရှိအောင် အရမ်းဂရုစိုက်ရတာ”ဟု ကျန်းမာရေး ဝန်ထမ်းတဦးက ပြောသည်။
ထို့အတူ HIV ရောဂါပိုးကူးစက်ခံထားရသဖြင့် ART ဆေးသောက်နေရသူများအတွက် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးနှင့် ဆေးရုံများမှ တလစာသာ ဆေးဝါးများ ပေးသဖြင့် သောက်ဆေးလုံလောက်စွာ ပါမသွားခဲ့ဟု နီးစပ်သူတဦးက ပြောသည်။
“ကျနော့်ညီလေးက ART ဆေးသောက်နေရတာ အတော်ကြာပြီ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းကဆေးစသောက် ခဲ့တယ်ဆိုတဲ့အထောက်အထားတွေ ပြတာတောင် မရဘူး၊ စစ်မှုထမ်းဖို့ နာမည်စာရင်းပါတယ်ဆိုပြီး လာခေါ်သွားကြတာ၊ ဆေးပုံမှန်သောက်နေတာမို့ အပြင်ပန်းကကြည့်ရင် ကျန်းကျန်းမာမာနဲ့ လူကောင်းအတိုင်းပါပဲ၊ အသက်က ၂၉ နှစ်ပါ၊ ကျနော်တို့လည်း တတ်နိုင်သမျှနည်းလမ်းတွေနဲ့ လိုက်နေကြပေမယ့် အခုထိတော့ ပြန်လွတ် မလာသေးဘူးဗျ၊ ကျနော့် အထင်တော့ သင်တန်းကို ပို့လိုက်ကြပြီလာတောင် မသိဘူး”ဟု ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။
ဆေးယဉ်ပါးတီဘီရောဂါသည် ဆေးပြတ်၍ မရသလို ပတ်ဝန်းကျင်အား ပြန့်နိုင်သော ကူးစက်ရောဂါဖြစ်ပြီး စနစ်တကျ ကုသမှု မခံယူနိုင်ပါက အသက်သေဆုံးနိုင်ကြောင်း၊ အလားတူ HIV ရောဂါပိုးရှိပါက ART ဆေးမှာ တသက်တာ သောက် သုံးသွားရမည်ဖြစ်ကာ ဆေးပြတ်ပါက ရောဂါဆိုးလာနိုင်ကြောင်း CDM ဆရာဝန်တဦးက ပြောသည်။
၎င်းက “ART ဆေးပြတ်သွားရင် ရောဂါက ပိုဆိုးလာနိုင်တယ်၊ ပိုးကောင်ရေထိန်းနိုင်အောင်လို့ ဆေးကို ပုံမှန်သောက်ရ တာဖြစ်တယ်၊ ဆေးပြတ်သွားရင် ပိုးကောင်ရေ တက်လာမယ်၊ ရောဂါပိုဆိုးလာမယ်၊ နောက်ဆုံး လူနာ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
HIV ရောဂါပိုးကူးစက်ခံထားရသဖြင့် ART ဆေးသောက်နေရသူများနှင့် ဆေးယဉ်ပါး တီဘီ(MDR) ဖြစ်နေသူများမှာ စစ်မှုထမ်း ဆောင်ရန် မသင့်သူများ ဖြစ်သလို မတော်တဆမှုများကြောင့် အရိုး၊ အရွတ်၊ ဦးနှောက်ထိခိုက်ထားသူများ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါကဲ့သို့သော နာတာရှည်ရောဂါသည်များနှင့် ကင်ဆာရောဂါအုပ်စုဝင်များမှာလည်း စစ်မှုထမ်းရန် မသင့်တော်သူများဖြစ်ကြောင်း ဆရာဝန်များက ဆိုသည်၊။
CDM ဆရာဝန်က “တချို့ အရိုးတွေ အရွတ်တွေ ကောင်းကောင်းမဆက်တဲ့သူတွေဆိုရင် နှစ်ချီပြီးတော့ ကြာနိုင်တယ်၊ နောက်တခုက နာတာရှည်ရောဂါသည်တွေ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါသမားတွေပေါ့၊ ပြီးတော့ SLE (အရေပြား လေး ဘက်နာ)ရောဂါသည်တွေ စသဖြင့် အများကြီးပေါ့၊ အချို့လူနာတွေကတော့ Fit ဖြစ် မဖြစ်ဆိုတာ ဆရာဝန်ကိုယ်တိုင် ပြန်ကြည့်ပြီးမှ ဆုံးဖြတ်သင့်တာမျိုးပေါ့၊ အခြားရောဂါသမားတွေဆိုရင်လည်း ရောဂါအဆင့် ဘယ်လောက်ရှိသလဲဆိုတာ ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်ရမှာပေါ့”ဟု CDM ဆရာဝန်တဦးက ပြောသည်။
စစ်မှုထမ်း ဥပဒေအရ စိတ်ပေါ့သွပ်နေသူများ၊ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် တပ်မတော်သား၊ ရဲ၊ ပြည်သူ့စစ်များ၏ သားသမီး အရင်းများ၊ အာဆီယံ၊ အာရှ၊ ကမာ္ဘ့အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်တခုခုရရှိထားသည့် အားကစားသမားများ၊ နိုင်ငံ့ အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်(သို့မဟုတ်) အတတ်ပညာရှင်များ၊ လုပ်သက် ၂ နှစ်နှင့်အထက်ရှိ ဆရာဝန်နှင့် သူနာပြု၊ တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၊ ဉာဏ် အရည်အသွေး မမီခြင်းနှင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများကို ကင်းလွတ်ခွင့်ပြု ထားကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံရရှိသူများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ အထက်တန်း၊ တက္ကသိုလ်အဆင့် ပညာသင်ကြားနေသူများ၊ ပြုစု စောင့်ရှောက်မည့်သူ မရှိသည့် မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများကိုလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြု ပေးနိုင်သူများအဖြစ် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ စစ်မှုထမ်းဆင့်ခေါ်ရာတွင် အင်အားအများအပြားအသုံးပြု၍ ရပ်ကွက်များအတွင်းထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိသလို ART ဆေးသောက်သုံးနေသူများ၊ တီဘီရောဂါ ဖြစ်ပွားပြီး ဆေးကုသမှုခံယူနေရသူများအပြင် ဆေးစွဲသောက်နေရသည့် နာတာရှည်ရောဂါခံစား နေရသူများကိုလည်း ဆင့်ခေါ် ခြင်းမျိုး မရှိကြောင်း ငြင်းဆိုသည်
မြန်မာနိုင်ငံသည် ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ၊ တီဘီနှင့် HIV ဒွန်တွဲကာ အဖြစ်အများဆုံးနိုင်ငံ ၃၀ တွင်ပါဝင်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေတသိန်းလျှင် တီဘီလူနာသစ် ဖြစ်ပွားနှုန်း ၃၀၈ ဦးရှိလာသလို သေဆုံးနှုန်း ၃၃ ဦး ရှိကြောင်း WHO အဖွဲ့က ခန့်မှန်းထားသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ HIV ပိုးဖြင့် ရှင်သန်နေထိုင် သူ ၂ သိန်း ၄ သောင်းကျော်ရှိခဲ့ရာက စစ်တပ် အာဏာသိမ်းပြီးနောက် ထပ်တိုးဖြစ်ပွားမှုူနှုန်းလည်း မြင့်တက်နေလျက်ရှိရာ ထပ်တိုးဖြစ်ပွားသူအသစ် များအနေဖြင့် ART ဆေးသောက်သုံးမှုရရှိနိုင်ရေးအတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရ ကြောင်း၊ ART ဆေးသောက်သုံးနေသူအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလထိ စာရင်းများအရ ၁၉၆၉၉၅ ဦးထိ ရှိပြီး စစ်မက်ဖြစ်ပွား ရာဒေသများမှ ART ဆေးသောက်သုံးနေသူများမှာ ဆေးဆက်လက်သောက်သုံးနိုင်ခြင်းမျိုး မရှိဟု သိရသည်။
You may also like these stories:
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ
မန္တလေးရောက် စစ်ရှောင်များ ဧည်စာရင်းစစ် ငွေတောင်းခံနေရ