စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ ၌ သြဂုတ် ၁၆ရက်ကတည်းက တိုက်ပွဲများအတွင်း မြို့မဘုန်းကြီးကျောင်း၌ စစ်တပ်က ထွက်ခွင့် မပေး၍ ပိတ်မိနေသော စစ်ရှောင်များထဲမှ ဗုံးဒဏ်နှင့် လက်နက်ကြီးထိမှန်ခြင်းတို့ကြောင့် ဒဏ်ရာရထားသူများအနက် ဆေးကုသခွင့်မရ၍ သေဆုံးသူ ၄ ဦးထိ ရှိလာကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်တွင် အင်းတော်မြို့တိုက်ပွဲများ စတင်တိုက်ပွဲဖြစ်ပွားချိန်ကတည်းက မြို့မဘုန်းတော်ကြီးကျောင်း၌ ရဟန်း သံဃာ ရှင်သာမဏေများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ၁ ထောင်ဝန်းကျင်ခန့် ပိတ်မိနေခြင်း ဖြစ်ကာ တချို့မှာ ထွက်ပြေးလွတ်မြောက်ခြင်းကြောင့် ၈၀၀ ကျော်ခန့်ကျန်ရှိရာမှ ယခုစက်တင်ဘာ ၁၇ ရက်တွင် တဝက်ခန့်ကို လွှတ်ပေး ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့ နယ်မှ စစ်ရေးသတင်းရင်း မြစ်တဦးက “ပြည်သူတဝက်လောက်က ထွက်လာနိုင်ပြီလို့ သိရတယ် ဒါနောက်ဆုံးအခြေအနေ ပေါ့နော်။ အဲဒီမှာ ရက်အကြာကြီး ပိတ်မိခဲ့တာနဲ့ လက်နက်ကြီးသံတွေလည်း အမြဲတမ်းကြားနေရပြီး အမြဲတမ်း ကြောက်လန့်နေရတယ်၊ နောက်တချက်က သူတို့အိမ်တွေ ဈေးတွေ သူတို့မြို့ မီးလောင်နေတာတွေ မီးရှို့ခံရတာတွေ ကိုယ်တိုင်ကိုယ်တွေ့ မြင်နေရတာဆိုတော့ သူတို့အနေနဲ့ စိတ်တွေ ပုံမှန်မဟုတ်ကြတော့ဘူး။ အဲဒီလိုအခြေအနေလေးတွေ ရှိနေတယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် ကျန်ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကြိုးစားနေသော်လည်း စစ်တပ်၏ ခံတပ်ကုန်း ဖြစ် နေသဖြင့် မအောင်မြင်သေးကြောင်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့် ပိတ်မိနေသူများအနက် ထွက်ပြေးလွတ် မြောက်သူများကို ကူညီပေးလျက်ရှိသလို လွတ်မြောက်လာသူများတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများလည်း ပါဝင် နေကြောင်း သိရသည်။
အင်းတော်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တဦးက “ပိတ်မိနေတဲ့သူတွေထဲက သေဆုံးတာက ၄ ယောက်ပေါ့နော်။ ၂၄ နှစ်အရွယ် အမျိုး သမီးတယောက်ကတော့ ဒဏ်ရာရတာကြောင့်မဟုတ်ဘဲ ပိတ်မိနေတာ ရက်ကြာလာတော့ စိတ်တွေ ပုံမှန် မဟုတ်တော့ဘဲနဲ့ ရုတ်တရက် သေဆုံးတာလို့ သိရတယ်။ နောက် ၂၈ နှစ်အရွယ် အမျိုးသမီးတယောက်ကတော့ ဒဏ်ရာရတာကို ဆေးကုသခွင့်မရဘဲ သေဆုံးတယ်။ နောက်ထပ် ၂၀ အရွယ်ကောင်လေးကလည်း ဒဏ်ရာရလို့ သေသွားတယ်။ အဲဒါလည်း ဆေးကုသခွင့်မရခဲ့ဘူးပေါ့နော်။ နောက်ထပ် ၃၀ ကျော်အရွယ် အမျိုးသားတယောက်လည်း ဒဏ်ရာရလို့ သေသွားတယ်ပေါ့နော်” ဟု ပြောသည်။
အလောင်းများအား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာပင် မြှုပ်နှံသင်္ဂြိုဟ်ပေးထားကြောင်း သိရသည်။
အင်းတော်မြို့နယ် သံဃနာယကအဖွဲ့က “ပိတ်မိနေသည့် အင်းတော်မြို့ စစ်ရှောင်ပြည်သူများသည် မိမိနေရပ်၊ စစ်ပွဲလွတ်ရာများသို့ ထွက်ခွာ လိုကြောင်း အသနားခံ လျှောက်ထားလာပါသဖြင့် ပြည်သူများ၏ သဘောဆန္ဒအတိုင်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံသည်” ဟု စက်တင်ဘာ ၇ ရက်တွင် စစ်ကောင်စီထံ စာပေးပို့ခဲ့ကြောင်း သိရသည်။
သံဃသမဂ္ဂ(မန္တလေး) အဖွဲ့ဝင်ဆရာတော်တပါးက “မြို့နယ်သံဃနာယကအဖွဲ့က စာပို့ပြီး မေတ္တာရပ်ခံတာ အစစ်အမှန် ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြို့နယ်ဥက္ကဋ္ဌ ဆရာတော်ကနေ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ပြည်သူတွေအတွက် မေတ္တာရပ်ခံထားဖူးတယ်၊ လက်ရှိ အင်းတော်မှာ ဘုန်းကြီးကျောင်းက ၂ ကျောင်းပဲ ရှိတော့တာပါ။ ဂျပန်ဂူနဲ့ ဘုန်းကြီးကျောင်းတကျောင်းပေါ့” ဟု မိန့်ကြားသည်။
မြို့မဘုန်းတော်ကြီးကျောင်းသည် မြို့မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသော ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ)နှင့် တောင်ကြော တစပ်တည်း၌ရှိပြီး လက်ရှိ ကျောင်းအတွင်း၌ စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသလို ဂျပန်လိုဏ်ဂူနှင့် မြို့မ ဘုန်း ကြီးကျောင်းကြားရှိ စေတီကုန်း၊ ရပ်တော်မှု၊ လျောင်းတော်မူဘုရားများနှင့် အနီးဝန်းကျင်တွင် ကင်းစခန်းများလည်း ရှိနေကြောင်း ဒေသခံ များက ပြောသည်။
ယင်းပိတ်မိနေသူများမှာ ယခင်တိုက်ပွဲများကဲ့သို့ ရက်တိုအတွင်း ပြီးနိုင်မည်ထင်သဖြင့် မြို့မဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံခဲ့ရာမှ စစ်ရှုံးပြီး ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောင်း၌ ဝင်ရောက် တပ်စွဲပြီး ထွက်ခွာခွင့်မပေးသလို ထွက်ပြေးရန် ကြိုးစား သူများကိုလည်း ပစ်ခတ်ခြင်းများကြောင့် ပိတ်မိခဲ့ခြင်းမျိုးဟု သိရသည်။
အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “ပိတ်မိနေတဲ့သူတွေကို လူသားဒိုင်းအနေနဲ့ ကာထားပြီး စစ်တပ်ကကောင်တွေက ထွက်ခွင့်မပေးတော့ဘူး။ ဘုန်းကြီးကျောင်းက စစ်တပ် ခံစစ်ကုန်းနဲ့နီးတဲ့အပြင် ကာကင်းလေးတွေ ရှိတော့ လုပ်ရကိုင်ရခက်တဲ့အနေအထားမှာ ရှိတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်သို့ အဓိကဝင်ပေါက်နှင့် စစ်ရေးအရအရေးပါသော မန္တလေး-ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်မြို့ တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်(PDF) တပ်ရင်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်နေခြင်းဖြစ်ကာ ဩဂုတ် ၂၄ ရက်တွင် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်ရှိ ဗျူဟာကုန်း(ဒေသအခေါ် စစ်တပ်ကုန်း)နှင့် ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ) သို့ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အင်းတော်မြို့တွင်းထိ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းထားနိုင်ဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်ဆုံးလက်ကျန်အထိုင်စခန်းများမှနေ၍ ခံစစ်စည်း ပြင်ဆင်ထားသလို တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားမှု မရှိသေးသော်လည်း မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ အင်းတော်မြို့ရှိ နောက်ဆုံးလက်ကျန် အထိုင်စခန်းများအတွက် စစ်ကောင်စီက လေကြောင်းဖြင့် ခဲယမ်း၊ ရိက္ခာဖြည့်တင်းပေးခြင်းများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၁၄ ရက်က ရဟတ်ယာဉ်များပေါ်မှ လေထီး များဖြင့် ခဲယမ်းရိက္ခာထုပ်များ ချပေးခဲ့သေးကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
အင်းတော်မြို့တွင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၇၇) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) တပ်များ ပူးပေါင်းအထိုင်ချတပ်စွဲထားပြီး လက်ရှိတွင် ဗျူဟာကုန်း၌ အင်အား ၃၀၀ ခန့်နှင့် ဂျပန်လိုဏ်ဂူတွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ဝင်အချို့ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်းတော်မြို့ပေါ်ရှိနေအိမ်များကို မီးကျည်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၈၊ ၉၊ ၁၀ ရက်များက မြို့မဈေးအပါအဝင် အောင်မေတ္တာ၊ အောင်မေတ္တာကွက်သစ်၊ အောင်ဇေယျ၊ အောင်ချမ်းသာ၊ အောင်မင်္ဂလာ၊ ရေနားတန်း၊ ဝင်ဒါမီယာရပ်ကွက်များနှင့် ကြာအင်းရွာများမှ အိမ်ခြေ ၁၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ တိုက်ပွဲကာလဖြစ်နေသဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေရာ မြို့မဘုန်းကြီးကျောင်းအား မှားယွင်းပစ် ခတ်မှုမျိုး ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေကြသည်။
အင်းတော်မြို့ပေါ် ရပ်ကွက် ၁၀ ခုတွင် လူဦးရေ ၈ သောင်းဝန်းကျင်ခန့်ထိ နေထိုင်ပြီး မြို့နှင့် ၂ မိုင်ခွဲအကွာ ရွှေဘို–မြစ်ကြီး နားကား လမ်းပိုင်းရှိ နဘားကျေးရွာတွင် တိုက်ပွဲစတင်ချိန်ကတည်းက ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ကြကာ ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်းမြို့နယ်ဘက်သို့ အများဆုံး တိမ်းရှောင်ကြကြောင်း ဒေသခံများထံက သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ပင်လည်ဘူးမြို့များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီက လေကြောင်းပစ်ကူများ ဆက်တိုက်ပေး၍ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
You may also like these stories:
ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးတို့၌ တိုက်ပွဲများ ပြင်းထန်နေ
အင်းတော်တိုက်ပွဲတွင်း ပိတ်မိနေသူများ ဆေးကုသခွင့်မရ၍ သေဆုံးမှုရှိလာ