ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာတွင် လူသေဆုံးမှုနှုန်း ၂၉၃ ဦးအထိမြင့်တက်လာပြီး ၈၉ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီက ကြာသပတေးနေ့တွင် ကြေညာပြီး ပထမဆုံး ပြည်ပအကူအညီများ ရောက်လာသည်ဟု ပြောသည်။
ယာဂီမုန်တိုင်းသည် ဗီယက်နမ်မြောက်ပိုင်း၊ လာအို၊ ထိုင်းနှင့် မြန်မာကို လွန်ခဲ့သောအပတ်က တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုနှင် မြေပြိုမှုများဖြစ်စေကာ ဒေသတွင်း လူ ၆၁၃ ဦးသေဆုံးစေကြောင်း တရားဝင်စာရင်းများအရ သိရသည်။
မြန်မာတွင် ကြာသပတေးနေ့ နံနက်အထိ လူပေါင်း ၂၉၃ ဦးသေဆုံးစေပြီး ၈၉ ဦးပျောက်ဆုံးနေကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောသည်။
စပါးနှင့် အခြားသီးနှံဟက်တာ ၂၇၀၀၀၀ (၆၆၀၀၀၀ ဧက) ကျော် ရေမြုပ်ပြီး လယ်ယာသုံး တိရိစ္ဆာန် ၁၀၀၀၀၀ ကျော် သေဆုံးကြောင်း ဗုဒ္ဓဟူးနေ့တွင် ထိုအဖွဲ့ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ပဋိပက္ခ ၃ နှစ်ကျော်ကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရသော နိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် ပိုမိုဒုက္ခရောက်ရသည်။
ယာဂီတိုင်ဖွန်းအပြီး မြန်မာတွင် လူ ၆၃၀၀၀၀ အထိ အကူအညီလိုအပ်နေနိုင်ကြောင်း ကုလသမဂ္ဂ သတိပေးသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် စစ်ကောင်စီသည် ထိုသဘာဝဘေးအန္တရာယ်အတွက် ပြည်ပအကူအညီ ရှားရှားပါးပါးတောင်းခံသည်။
ပုံမှန်အခြေအနေသို့ ၆ လအတွင်း ပြန်ရောက်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရေးအတွက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ထုတ်ထားကြောင်း ဂလိုဘယ်နယူးလိုက်အော့ဖ် မြန်မာ ဖေါ်ပြသည်။
ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယရေတပ် သင်္ဘောတစီးသည် အစားအစာခြောက်များ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် ယာယီတဲများအပါအဝင် အကူအညီများပေးရန် စီးပွားရေးမြို့တော် ရန်ကုန်မှ သီလဝါဆိပ်ကမ်းသို့ ရောက်လာကြောင်း အထက်ပါသတင်းစာက ဖေါ်ပြသည်။
ကိုးကား။ ။ AFP သတင်း Myanmar Flood Death Toll Climbs to 293: State Media
You may also like these stories:
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား
မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ
ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်