ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)သည် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ပေါ်ကို ထိန်းချုပ်နိုင်သော်လည်း မြို့မြောက်ဘက် နှစ်မိုင်အကွာရှိ ခလရ ၂၃၊ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တပ်ရင်းများ ကျန်နေသဖြင့် အပြီးသတ်သိမ်းနိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်တွင် TNLA မှ စစ်ကောင်စီတပ်ရင်းဌာနချုပ်ဝင်းအတွင်း ဝင်ရောက်ထိုးဖောက်နိုင်ပြီး ထိုးစစ်အရှိန်မြှင့် ကာ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “စစ်ကောင်စီ တပ်ရင်း သုံးခုလုံးက နယ်မြေတဆက်တည်းရှိတယ်။ သူတို့ (စစ်ကောင်စီ)က တပ်ရင်းတွေ စုပေါင်းပြီး ခံစစ်ဆင်နေတာ မဟုတ်ဘဲနဲ့ တပ်ရင်းဌာနချုပ်အလိုက်မှာ လူစုပြီး ခံပစ်နေတဲ့ အနေထားပါ။ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပွားနေပါတယ်“ ဟု ဆိုသည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာဝန်းကျင်သို့ စစ်ကောင်စီက Y-12 ထောက်ပို့ လေယာဉ်ဖြင့် ဗုံးဆယ်နှင့်ချီ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဩဂုတ်လတတိယအပတ်မှစ၍ သီပေါမြို့ကို စတင်စီးနင်းခဲ့သည့် TNLA က ထိုတပ်ရင်းသုံးရင်း ကို ပိတ်ဆို့ဖြတ်တောက် ထားရာမှ ယခု စက်တင်ဘာ ၁၄ ရက်တွင် စတင်၍ တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
လတ်တလော စစ်ကောင်စီတပ်၌ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း ပြတ်နေ၍ Y-12 ထောက်ပို့ လေယာဉ်များဖြင့် လက်နက်ရိက္ခာများ ချပေးနေရသလို နေ့စဉ်ရက်ဆက်လည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ တပ်ရင်းများအနီးရှိ သီပေါမြို့နယ် ကုန်စုံကျေးရွာအား တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး အပါ အဝင် ဗုံး ၁၁ လုံးဖြင့်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် TNLA က ထုတ်ပြန်ခဲ့ သည်။
ထို့ပြင် သီပေါမြို့ တုံစင့်၊ ဇာတ်စု ရပ်ကွက်များနှင့် ကုန်စုံ၊ ရွာသစ်၊ ညောင်ကုန်း ကျေးရွာများသည် တိုက်ပွဲနှင့် နီးကပ်သော ကြောင့် ဘေးလွတ်ရာ မြို့ပေါ်ရပ်ကွက်များသို့ တိမ်းရှောင်ထားကြောင်း မြို့ခံ အမျိုးသမီးတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “နေ့လယ်ပိုင်းဆိုရင် တိုက်ပွဲသံက ငြိမ်တာများတယ်။ တိုက်လေယာဉ်တွေ ထောက်ပံ့လေယာဉ်တွေက ဗုံးလာကြဲ တယ်၊ ရိပ်က္ခာလာပို့တယ်။ ညပိုင်းဆိုရင် တိုက်ပွဲက ပြင်းထန်လာတယ်၊ မနက်မိုးလင်းတဲ့အထိ တိုက်ကြတယ်။ တိုက်ပွဲ အနီးက ဒေသခံတွေ ကြိုတင်ရှောင်ထားကြတယ်“ ဟု ဆိုသည်။
လက်ရှိမြို့ပေါ်တွင် လူဦးရေ၏ ထက်ဝက်ကျော် ပြန်လည်ဝင်ရောက်နေထိုင်ကြပြီး ပုံမှန်သွားလာလှုပ်ရှားမှုများရှိနေသော် လည်း လေကြောင်းရန်ကို စိုးရိမ်နေကြရကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။
လေကြောင်းရန်ကြောင့် TNLA က မြို့ပေါ်ရှိ ဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထားပြီး ည မထွက်ရအမိန့် ယာယီကြေညာထားကြောင်း သိရသည်။
စစ်ကောင်စီ တပ်ရင်းများကို ပိတ်ဆို့ဖြတ်တောက်ထားချိန်အတွင်း လက်နက်ချ၍ သီပေါမြို့နယ်မှ ထွက်ခွာသွားရန် TNLA မှ ကမ်းလှမ်းခဲ့သော်လည်း လက်နက်များယူဆောင်၍ ထွက်ခွာမည်ဟု အကြောင်းပြန်သောကြောင့် ထိုတပ်ရင်းများ ဆက်လက် တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။

ထိုတပ်ရင်းများသည် သီပေါမြို့မှ TNLA သိမ်းယူထိန်းချုပ်ထားသည့် နမ္မတူမြို့သို့ ဆက်သွယ်ထားရာ လမ်းမကြီးပေါ်တွင် တည်ရှိပြီး မြို့ နှစ်ခု၏ ကုန်စည်စီးဆင်းရေးနှင့် ဒေသခံများ ကူးလူးဆက်သွယ်ရေးအတွက် အရေးပါနေသည်။
ထို့ပြင် သီပေါမြို့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ တည်ငြိမ်စွာထိန်းချုပ်နိုင်ရေး တခုတည်းသာ ကျန်ရှိနေသည့် မြို့ဖြစ်သည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ထိစပ်နေသည့် ပြင်ဦးလွင်မြို့၏ စစ်ရေးအရအရေးပါသည့် တောင်းခမ်းအမြောက်တပ်နယ်၌ ယခုရက်များအတွင်း TNLA ၏ ထိုးစစ်များ ရပ်နားထား၍ ထိတွေ့တိုက်ပွဲ လျော့နည်းသွားသည်။
TNLA နှင့် မဟာမိတ်တပ်များ သိမ်းယူထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိနေပြီး စက်တင်ဘာ ၂၁ ရက် နံနက် အစောပိုင်းက မြို့ပေါ် ရဲစခန်း၊ ညဈေးနှင့် မြို့မဈေးကြီးအနီး Y-12 ထောက်ပံ့လေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သလို၊ စက်တင်ဘာ ၂၂ ရက် နံနက်တွင် ရပ်ကွက်များအတွင်း ဗုံးကြဲခဲ့ သဖြင့် ပြည်သူများ၏ နေအိမ်ပျက်စီးမှု၊ ဗုံးစ ထိမှန် ဒဏ်ရာရသူတချို့ရှိခဲ့သည်။
You may also like these stories:
စစ်ကောင်စီကို အရေးယူရာ၌ ဗုံးကြဲမှုများက မှတ်တမ်းဖြစ်ဟုဆို
တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်
TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့