မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေးရွာအနီး၌ စက်တင်ဘာ ၂၁ ရက်နံနက်က ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအပြင် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် အနီးနားရွာများသို့ ကျရောက်ပေါက်ကွဲကာ ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။
မန္တလေးမြို့နှင့် ၁၀ မိုင်ကျော်သာကွာဝေးသော မြို့အနောက်မြောက်ဘက်၊ မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာဖြစ် သည့်သုံးဆယ်ပေးရွာကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ မင်းကွန်း၊ မန္တလေးမြို့စွန် ဧရာဝတီမြစ်ကမ်းနံဘေးရွာ ညောင်ကွဲ၊ မတ္တရာမြို့နှင့် ပေါက်ဝဲ၊ ညောင်ကုန်း၊ ထီးတော်မိုး၊ ရွှေချောင်း၊ မြသီတာ၊ ရွာသာအေးကျေးရွာအထိုင်တို့မှလည်း လက်နက်ကြီး ပစ်ကူ၊ တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူတို့ပေးကာ တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “သုံးဆယ်ပေးရွာဘက်ကို ၂၁ ရက်မနက် ၂ နာရီလောက်ကတည်းက ကပ်လာကြတာ။ မနက် ၆ နာရီလောက်မှာ စပြီးတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်၊ သူတို့အထိုင်တွေကလည်း လက်နက်ကြီး ပစ်ကူပေးပြီး တက်ဖို့လုပ်ကြတယ်။ ၄၀ မမတွေ စက်လက်တွေနဲ့ပါ တရပ်စပ်ပစ်ပေမယ့် တိုးမပေါက်တဲ့အပြင် သူတို့ဘက်က အကျအဆုံး များတော့ လေကြောင်းပစ်ကူခေါ်ပြီး ရှေ့ဆက်တိုးခဲ့ကြတာ။ မြေပြင်ကနေပြီး တိုက်ယူမရတော့ လေကြောင်းပစ်ကူသုံးလာတာမို့ ကျနော်တို့ ပြန်ခွာပေးခဲ့ကြတာပါ” ဟု ပြောသည်။
သုံးဆယ်ပေးကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိခဲ့ကာ ဆူးလေကုန်းကျေးရွာမှ သားအမိ ၃ ဦး၊ မြေးအဘွား ၂ ဦး၊ အသက် ၅ နှစ်၊ ၆ နှစ်၊ ၈ နှစ် အရွယ် ကလေးငယ် ၃ ဦး၊ နို့စို့အရွယ်ကလေးငယ်တဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိသည့်အနက် ကလေးငယ်များအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် သုံးဆယ်ပေးကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များမှပစ္စည်းများကို ယူဆောင်သွားကာ ရွာအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့ကြောင်း ဒေသအခြေအနေများဖော်ပြပေးနေသည့် ရောင်နီနွေဦးနှင့် Wetlet Informational Network အဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။
လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် သုံးဆယ်ပေးရွာအပြင် မြစ်ရိုးတလျှောက်ကျေးရွာများအတွင်း သုံးဆယ်ပေးရွာသို့ ရွှေချောင်းပျူစောထီးရွာနှင့် တောင်ပြုန်းရွာအထိုင် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံ များ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ဒေသခံများမရှိတော့ဟု သိရသည်။
စစ်တပ် ထောက်ခံရေးသားသည့် တယ်လီဂရမ်ချန်နယ်များတွင် သုံးဆယ်ပေး PDF အထိုင်စခန်းအား တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး ရွာကို PDF များက မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယခုအခါ PDF များ ဆုတ်ခွာရာလမ်းကြောင်းအတိုင်း လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ရေးသားဖြန့်ဝေထားကြသည်။
စစ်ရေးသတင်းရင်းမြစ်တဦးက “သုံးဆယ်ပေးရွာက ပျူရွာမဟုတ်ဘူး၊ သူတို့ဘက်က ထိုင်လိုက်ကိုယ့်ဘက်က ထိုင်လိုက်နဲ့ ဒီလိုမျိုးပေါ့၊ သုံးဆယ်ပေးက မတ္တရာမြို့နယ်ထဲမှာဆိုပေမယ့် မန္တလေးမြို့နဲ့ ပိုနီးတယ်။ ပြီးတော့ မတ္တရာမြို့နယ်ထဲမှာ သူတို့အထိုင်တွေ တော်တော်များ များ ဆုတ်ပေးထားရတော့ မန္တလေးနဲ့အနီးကပ်ဆုံး အထိုင်စခန်းဆိုတော့ အရေးပါတဲ့နေရာတခုလို ဖြစ်လာတာမို့ အခုလိုမျိုး ခုခံတာလို့ပဲ မြင်တယ်။ ပြည်သူတွေသေတာက ရွှေချောင်းဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဆူးလေကုန်းရွာထဲ ကျလို့ပါ၊ ရွာကို မီးတင်တာ ကလည်း စစ်ကောင်စီဘက်ကကောင်တွေ လုပ်တာ” ဟု ပြောသည်။
ယင်းတိုက်ပွဲသို့ ညောင်ကွဲ၊ တောင်ပြုန်း၊ ရွှေချောင်းတို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကူရောက်ရှိလာသဖြင့် အင်အား ၄၀၀ ကျော်ထိရှိနေပြီဖြစ်ကာ ယနေ့တွင် ဧရာဝတီမြစ်ရိုးတလျှောက် ဆက်လက် စစ်ကြောင်းထိုးနေပြီး သုံးဆယ်ပေးရွာ မြောက်ဘက်ရှိ ကုန်းတန်းလေး၊ ကုန်းတန်းကြီးများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်၍ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ် လျက်ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။
မတ္တရာမြို့နယ်တွင်းမှ စစ်ရေးသတင်းရင်းမြစ်တဦးက “မန္တလေးနန်းတွင်းထဲကို ရှော့တိုက်ဒုံးပစ်တာ မြေနုကျွန်းတွေပေါ်က ပစ်ခတ်တယ်လို့ ယူဆပြီးတော့ စစ်ကြောင်းထိုးနေတာမျိုးပါ။ အဓိကတော့ တော်လှန်ရေးတပ်တွေ မန္တလေးကို တိုက်မှာ ကြောက်တာလည်း ပါတာပေါ့၊ ပြီး တော့ မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲမဖြစ်တာတော်တော်ကြာပြီ၊ အခုက ကျောက်တံတားဘက်မှာ တိုက်ပွဲဖြစ်တာတွေ ရှော့တိုက်ဒုံး ပစ်ခံရတာတွေကြောင့် ပတ်ရမ်းတဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၇ ရက် ည ၇ နာရီ ဝန်းကျင်ကလည်း ပေါက်ဝဲကျေးရွာမှ စစ်တပ်နှင့် ပျူစောထီးများ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲခြံကုန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
မန္တလေး ရွှေဆိုင် ဓားပြတိုက်မှု ပြည်သူ့စစ်များပါဝင်ဟု ဆို
တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်