၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာဝယ်လက်သို့ ထိုင်းကွန်ဒို လွှဲပြောင်းရောင်းချမှုသည် ၂၀၂၃ ခုနှစ်က စံချိန်တင်သည့် စုစုပေါင်းထက် ကျော်လွန်သည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း တနိုင်ငံလုံးမှ ဘတ် ၃ ဒသမ ၂၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၈ ဒသမ ၄၂ သန်း) တန်သည့် ကွန်ဒိုတိုက်ခန်း ၆၃၈ ခန်းကို မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ၏ အစီရင်ခံစာက ဖော်ပြသည်။
ထိုအရေအတွက်သည် စံချိန်တင်ထားသည့် ၂၀၂၃ ခုနှစ် တနှစ်လုံး ရောင်းချမှု ဘတ် ၃ ဒသမ ၇ ဘီလီယံတန် ကွန်ဒိုတိုက်ခန်း ၅၆၄ ခန်းထက် ကျော်လွန်နေသည်။
ထိုင်းနိုင်ငံတဝန်း မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းပေးသည့် ကွန်ဒိုအရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် စတင်မြင့်မားလာပြီး ၂၀၂၁ ခုနှစ်တွင် ဘတ် ၂၇၄ သန်း တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၃၀ မှ ၂၀၂၂ ခုနှစ်တွင် ဘတ် ၂ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၃၄၉ ခန်းအထိ မြင့်တက်လာသည်။
“ကွန်ဒို လွှဲပြောင်းလက်ခံတဲ့ နိုင်ငံခြားသားများတွေထဲမှာ မြန်မာနိုင်ငံသားတွေ ၂၀၂၂ ခုနှစ်က ပထမဆုံးအကြိမ် ထိပ်တန်း ၁၀ မှာ ပါဝင်လာပြီး အရင်က တနှစ်ကို ကွန်ဒိုတိုက်ခန်း ၂၀ နဲ့ ၅၀ ကြားသာရှိတာနဲ့ နှိုင်းယှဉ်နိုင်တယ်” ဟု REIC ခေတ္တ ညွှန်ချုပ် မစ္စတာ ဗီချိုင်း ဗီရက်ကပန်က ပြောသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားများသည် အဆင့် ၆ ၌ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသားများနောက်တွင် ရှိနေပြီး ၎င်းတို့က အဆင့် ၁ မှ ၅ အသီးသီး ရှိသည်။
လွန်ခဲ့သောနှစ်တွင် မြန်မာဝယ်လက်များသည် ကွန်ဒိုလွှဲပြောင်းလက်ခံမှု အဆင့် ၄ သို့ တက်လာပြီး တရုတ်၊ ရုရှားနှင့် အမေရိကန် နိုင်ငံသားများနောက်သို့ ရောက်လာသည်။ တန်ဖိုးအရအဆင့် ၃ ရှိပြီး တရုတ်နှင့် ရုရှားနိုင်ငံသားများနောက်သို့ ရောက်လာသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံသားများသည် ကွန်ဒိုအရေအတွက်နှင့် တန်ဖိုးအရ အဆင့် ၂ သို့ ရောက်လာပြီး ရုရှားနိုင်ငံသားများကို ကျော်တက်သည်။ ရုရှားနိုင်ငံသားများသည် တရုတ်ပြီးလျှင် အဆင့် ၂ တွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။
သုံးလပတ်အရကြည့်ပါက ဒုတိယ သုံးလပတ်အတွင်း အရေအတွက်သည် မြန်မာစစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ထိုင်းကွန်ဒို ဝယ်ယူသူ မြန်မာနိုင်ငံသားများအား ဖမ်းဆီးဖြိုခွဲမှု၏ ရိုက်ခတ်ချက်ကို ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်တွင် မြန်မာနိုင်ငံသားများသို့ ထိုင်းကွန်ဒို လွှဲပြောင်းရောင်းချပေးမှုသည် ဘတ် ၁ ဘီလီယံတန်သည့် ကွန်ဒို ၂၄၆ ခန်းအထိ ကျဆင်းပြီး ပထမ သုံးလပတ်အတွင် ဘတ် ၂ ဒသမ ၂ ဘီလီယံတန်သည့် ကွန်ဒိုတိုက်ခန်း ၃၉၂ ခန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
အိမ်ခြံမြေကဏ္ဍ သတင်းရင်းမြစ်တခု၏ အဆိုအရ ထိုသို့ဖြစ်ခြင်းသည် မြန်မာမှ ငွေကြေးလွှဲပြောင်းမှု လုပ်ထုံးလုပ်နည်းများကို ပိုမိုတင်းကျပ်စွာ အကောင်အထည် ဖော်ခြင်းကြောင့်သာ မဟုတ်ဘဲ ထိုင်းနိုင်ငံ အခြေအနေနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ မြေယာဌာနသည် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း (FET) နှင့် ပတ်သက်ပြီး ပိုမိုတင်းကျပ်လာသည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
“နိုင်ငံခြားငွေ ရောင်းဝယ်မှုက ရှင်းရှင်းလင်းလင်း မရှိရင် အဲဒီ အရောင်းအဝယ်ကို ဆိုင်းငံ့တယ်။ မြေယာဌာနရဲ့ အဲဒီလုပ်ထုံးလုပ်နည်းက မြန်မာနိုင်ငံသားတွေကိုသာမက တရုတ်နိုင်ငံသားတွေ အပေါ်မှာလည်း ကျင့်သုံးတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း တနိုင်ငံလုံးမှ ကွန်ဒိုများကို နိုင်ငံခြားသားများသို့ လွှဲပြောင်းရောင်းချပေးမှုသည် ယခင်နှစ်ကထက် ၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တန်ဖိုး ဘတ် ၁၄ ဒသမ ၈ ဘီလီယံတန်သည့် တိုက်ခန်း ၃,၃၄၂ ခန်းသာရှိပြီး တန်ဖိုးအားဖြင့် ၁၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသည်ဟု REIC က ဖော်ပြသည်။
ထိုသို့ ကျဆင်းမှုသည် လွန်ခဲ့သောနှစ် အလားတူကာလကထက် အရေအတွက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းပြီး တန်ဖိုးအရ ၂၁ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသည်။ ယခင်နှစ် အလားတူကာလက အရေအတွက်အရ ၁၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၂၄ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။
ကိုးကား ။ ။ Bangkok Post သတင်း Thailand Sees Surge in Condo Transfers to Buyers From Myanmar
You may also like these stories:
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
၂၀၂၂ အတွင်း ထိုင်းကွန်ဒို ဝယ်ယူမှု မြန်မာက ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းဝင်
ထိုင်းတွင် မြန်မာဖောက်သည်များအတွက် စီးပွားရေးလုပ်ငန်းများ များပြားလာ
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း
နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို
ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်