စစ်ကောင်စီခရိုနီများက ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေအတွက် စစ်ကောင်စီကို ကျပ် ၃၂ ဒသမ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂ သန်း) လှူဒါန်းလိုက်သည်။ စစ်ကောင်စီသည် လက်ရှိအချိန်အထိ လူပေါင်း ၄၀၀ ကျော် သေဆုံးစေသည့် ယာဂီ တိုင်ဖွန်းမုန်တိုင်းနှင့် ပတ်သက်သည့် ရေလွှမ်းမိုးမှုဒဏ်ကို ကိုင်တွယ်ရန် ရုန်းကန်နေရသည်။
လူသိများသော ခရိုနီများဖြစ်သည့် အေးရှားဝေါလ်မှ ဦးထွန်းမြင့်နိုင်၊ အေဘဏ်မှ ဦးဇော်ဝင်းရှိန်၊ စေပိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးမောင်ဝိတ်၊ CB ဘဏ်မှ ဦးခင်မောင်အေးနှင့် ဧရာဝတီဘဏ်မှ ဦးဇော်ဇော်တို့သည် စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေလှူဒါန်းပွဲသို့ တက်ရောက်ကြသူများတွင် ပါဝင်သည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။
ထိုအခမ်းအနားမှ ဓာတ်ပုံများတွင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် ပတ်သက်သည့် စီးပွားရေးသမားများလည်း တက်ရောက်ကြကြောင်း တွေ့ရသည်။
နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်း ကိုးခုသည် ယခုလအစောပိုင်းက တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် ဖြစ်သည့် မြေပြိုမှုများနှင့် ရုတ်တရုတ် ရေလွှမ်းမိုးမှု အပြင်းအထန် ခံစားရသည်။
ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီဖြစ်သော လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မြန်မာမှလူပေါင်း ၆ သိန်းကျော် ရေဘေးသင့်ကြောင်း ပြောသည်။ စက်တင်ဘာလ ၂၁ ရက်နေ့အထိ လူပေါင်း ၃၈၄ ဦးသေဆုံးသည်ဟု စစ်ကောင်စီက ပြောသည်။ သေဆုံးသူအရေအတွက် ၄၀၀ ကျော်အထိ ဆက်လက် မြင့်မားနေသည်။
ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဝင်းရှိန်နှင့် ဦးမောင်ဝိတ်တို့က ကျပ် သိန်း ၁ သောင်းစီ လှူဒါန်းကြပြီး ဦးခင်မောင်အေးက ကျပ် သိန်း ၂ သောင်းလှူကာ ဦးဇော်ဇော်က ကျပ် သိန်း ၅ ထောင်လှူသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ကို လွန်စွာ ကျေးဇူးတင်ကြောင်းပြောပြီး ခရိုနီများအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးတွင်လည်း ကူညီရန် တိုက်တွန်းသည်။
ခရိုနီများသည် သူမျှော်လင့်ထားသည်ထက် ပိုမိုလှူဒါန်းသည်ဟု မင်းအောင်လှိုင်က ထိုအခမ်းအနားတွင် ဝန်ခံပြီး သူ့အနေဖြင့် ကျပ် ၃ ဘီလီယံ သို့မဟုတ် ၄ ဘီလီယံသာ မျှော်လင့်ထားကြောင်း ပြောသည်။
စစ်ကောင်စီသည် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ကျပ် ၃၀ ဘီလီယံ သတ်မှတ်ထားကြောင်း ၎င်းက ပြောပြီး ထိုအခမ်းအနားမှ လှူဒါန်းငွေများနှင့် ပေါင်းစပ် အသုံးပြုမည်ဟု ပြောသည်။
“အစိုးရအသုံးစရိတ်အနေနဲ့ ကျနော်တို့ သုံးချင်သလို သုံးလို့မရဘူး။ သုံးလိုက်ရင် ရသုံးမှန်းခြေငွေစာရင်း အသုံးစရိတ် ထိခိုက်မယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
စစ်ကောင်စီသည် ၎င်း၏ အသုံးစရိတ်အများစုကို တနိုင်ငံလုံးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရန် စစ်အသုံးစရိတ်အတွက် သုံးနေသည်။
စစ်ကောင်စီသည် ရေဘေးကယ်ဆယ်ရေး ညံ့ဖျင်းသောကြောင့် ဝေဖန်မှု အများအပြားခံနေရသည်။ စစ်ကောင်စီမြို့တော် နေပြည်တော်တခုတည်းတွင်ပင် လူပေါင်း ၁၆၄ ဦး သေဆုံးကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောသည်။ ထိုအရေအတွက်သည် ရေဘေးသင့်ဒေသများတွင် ထိခိုက်မှုအများဆုံး ဖြစ်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့က လှူဒါန်းမှုများ မတိုင်မီ မင်းအောင်လှိုင်နှင့် ရင်းနှီးသူ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကျပ် ၁၀ ဘီလီယံ လှူဒါန်းကြောင်း စစ်ကောင်စီ သတင်းစာများက ဖော်ပြသည်။
ထို့နောက် CB ဘဏ်က ကျပ် ၃ ဘီလီယံ လှူမည်ဖြစ်ကြောင်း ကြေညာပြီး ဧရာဝတီဘဏ်ကလည်း ရေဘေးအတွက် ကျပ် ၁ ဘီလီယံ လှူမည်ဟု Facebook တွင် ဖော်ပြသည်။
ခရိုနီများသည် လွန်ခဲ့သော ဇွန်လတွင်လည်း နေပြည်တော်သို့ အပြေးအလွှားသွားပြီး မင်းအောင်လှိုင် ဖွင့်လှစ်သည့် ကြီးမားသော ဗုဒ္ဓကျောက်ဆင်းတုအတွက် ကျပ် ၁၆ ဘီလီယံကျော် လှူရသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်တောင်ပိုင်းနှင့် အိမ်နီးချင်း ကရင်နီပြည်နယ်တွင် အပျက်အစီးများသည့် ရေလွှမ်းမိုးမှုဖြစ်နေပြီး အကြီးအကျယ် ထပ်မံပျက်စီးမည်ဟု ယူဆရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Cronies Donate $15 Million to Flood-Relief Effort ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ
ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း
နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ
တနိုင်ငံလုံး မီးတင်ရှို့သည့် စစ်ကောင်စီက ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော်အတွက် ငွေပုံအောသုံးနေ
၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ