မြဝတီ ရွှေကုက္ကိုမြို့ အပါအဝင် မြန်မာနိုင်ငံ ပြည်တွင်းထဲတွင် အခြေချကာ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ကာစီနိုလောင်းကစားရုံလုပ်ငန်း လုပ်ကိုင်သူများသည် ဘုရားသုံးဆူမြို့နှင့် မြဝတီမြို့တောင်ပိုင်း ဒေသများသို့ အခြေချမှု များပြားလာကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် ဇူလိုင် လဆန်းပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသနှင့် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံ၊ ကျောက်ခက်နှင့် ဝေါ်လေ ဒေသများသို့ တဖြည်းဖြည်း ပြောင်းရွှေ့အခြေချ လာကြခြင်းဖြစ်သည်။
“ဇာတ်အဖွဲ့တွေ ပြောင်းလာသလိုပဲ သူတို့အဖွဲ့နဲ့ သူတို့ လာကြတာ။ ဆံပင်ညှပ်ဆိုင်တို့၊ စားသောက်ဆိုင်တို့ပါ ဖွင့်လာကြတယ်။ တချို့က ရွှေကုက္ကိုက ကူးလာကြတာ” ဟု ဘုရားသုံးဆူ ဒေသခံတဦးက ဆိုသည်။
ဘုရားသုံးဆူဒေသသို့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့်အဖွဲ့များ ရောက်လာကြသည့်အတွက် အိမ်ငှားခဈေးနှုန်းများသည် နှစ်ဆနီးပါး ဈေးတက်သွားကြသည်ဟု ဒေသခံအချို့က ဆိုသည်။
အချို့သော ကျားဖြန့်နှင့် ကာစီနို လောင်းကစားလုပ်ငန်း လုပ်ကိုင်သူများသည် ဘုရားသုံးဆူမြို့၊ ဓမ္မဂီရိတောင်ခြေရင်းတွင် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများထံမှာ မြေငှားရမ်းကာ အဆောက်အဦးများ တည်ဆောက်၍ လောင်းကစားရုံများ ဖွင့်လှစ်လာကြသည်။
ဘုရားသုံးဆူမြို့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ခလရ ၉၇ တို့ ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အခြေချနေထိုင်သည့် သတင်းရရှိသဖြင့် စစ်ကောင်စီက လာရောက် ဗုံးကြဲမှုများရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီတပ် ခလရ ၉၇ ရှိသော်လည်း မြို့အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို DKBA အဖွဲ့က အဓိက တာဝန်ယူထားသည်။
“စကစ တပ်ကတော့ ဘုရားသုံးဆူမှာ ရှိသေးတယ်။ သူ့တပ်ထဲသူနေ၊ အဲဒီလို ပုံစံမျိုးပေါ့” ဟု ဒေသခံတဦး ကဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သင့်မြတ်စွာ နေထိုင်နေပြီး ဒေသခံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှပေးသော လာဘ်လာဘများကို ခွဲတမ်းယူကာ နေထိုင်နေခြင်း ဖြစ်သည်။
ဘုရားသုံးဆူမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေတွင် တည်ရှိပြီး ဘုရားသုံးဆူမြို့၏ အုပ်ချုပ်ရေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လများတွင် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း KNU နယ်မြေခံ တာဝန်ရှိသူကို ကိုးကား၍ ကရင်သတင်းဌာန (KIC) က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြထားသည်။
လက်ရှိ မြေပြင်ပကတိအခြေအနေအရ ဘုရားသုံးဆူမြို့၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးကို DKBA အဖွဲ့မှ အဓိက တာဝန်ယူထားသည်ဟု ဒေသခံအချို့က ဆိုသည်။
နောက်ထပ် ကျားဖြန့်နှင့် ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်လာသော ဝေါ်လေ၊ ကျောက်ခက် ဒေသများသည် DKBA မှ ထိန်းချုပ်ထားသော ဒေသများဖြစ်ပြီး ဖလူးနှင့် မင်းလက်ပံ ဒေသများကိုမူ DKBA နှင့် BGF တပ်ဖွဲ့များက အဓိက စိုးမိုးထားသည့်ဒေသများ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့တောင်ဘက်တွင်ရှိသော မယ်ထော်သလေးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့်နေရာ (ကျားဖြန့်ဆိုက်) ခြောက်ခုအထိ ရှိလာပြီဖြစ်ကြောင်းလည်း ဒေသခံအချို့က ဆိုသည်။ မယ်ထော်သလေးဒေသတွင် ဖွင့်လှစ်ထားသော ကျားဖြန့်နှင့် ကာစီနိုလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နယ်ခြားစောင့်တပ် (BGF) က လုံခြုံရေးတာဝန် ယူပေးထားကြောင်းလည်း ဒေသခံအချို့က ပြောဆိုကြသည်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့အနေဖြင့် ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည့် ရွှေကုက္ကိုမြို့သစ်အား လုံခြုံရေးယူပေးထားပြီး အဆိုပါရွှေကုက္ကိုဒေသမှ ကျားဖြန့်နှင့် ကာစီနိုရုံများကို စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန် ပြီးခဲ့သည့်လတွင် စာထုတ်ခဲ့သည်။
စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ရွှေကုက္ကိုမြို့သစ်တွင် ကာစီနိုလောင်းကစားရုံများ၊ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကုက္ကိုမြို့သစ်အပြင် KK Park နှင့် ကျောက်ခက်ဒေသတို့တွင်ပါ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်လာကြသည်။
သို့သော် ပြီးခဲ့သည့်နှစ်မှစ၍ နိုင်ငံတကာဖိအားနှင့် ကြုံလာသည့်အတွက် ရွှေကုက္ကိုမြို့သစ်တွင် ဖွင့်လှစ်ထားသော ကာစီနိုလောင်းကစားရုံနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည့် ယထိုက် စုပေါင်းရုံး၊ မြို့တွင်းရှိ လုပ်ငန်းများနှင့် ဝန်ထမ်းများအားလုံး စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းရန် နယ်ခြာစောင့်တပ်ဖွဲ့က စာထုတ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အချို့လောင်းကစားရုံများနှင့် ကျားဖြန့်ကုမ္ပဏီများသည့် ဘုးရားသုံးဆူမြို့နှင့် မြဝတီမြို့တောက်ဘက်ရှိ ဖလူးကျေးရွာ၊ မယ်ထော်သလေးကျေးရွာ၊ ကျောက်ခက်ကျေးရွာနှင့် ဝေါ်လေမြို့သစ်ဘက်သို့ ပြောင်းရွှေ့ဖွင့်လှစ်လာကြခြင်းဖြစ်ပြီး ရွှေကုက္ကိုဒေသတွင်လည်း မပိတ်သိမ်းသည့် ကုမ္ပဏီအချို့ ရှိနေသေးကြောင်းဒေသခံ အချို့က ဆိုသည်။
You may also like these stories:
ကျားဖြန့်ငရဲခန်းများတွင် ဖမ်းဆီးခံရသူများ မလွတ်မြောက်နိုင်ကြသေး
မြဝတီက ကျားဖြန့်လုပ်ငန်းနဲ့ ကရင်လက်နက်ကိုင်များ (ရုပ်/သံ)
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော
မြဝတီရှိ ကျားဖြန့်လုပ်သူများ အောက်တိုဘာ နောက်ဆုံးထား ထွက်ခွာရန် BGF သတိပေး
ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ