ထိုင်းအစိုးရအနေဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ၄ နိုင်ငံမှ အထောက်အထားမဲ့ နိုင်ငံသားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုသွားမည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပါလာသည့် မှီခို အသက် ၁၈ နှစ်အောက် ကလေးများကိုပါ တရားဝင် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာသည်။
အလုပ်သမားလူသစ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တရားမဝင်ရွှေ့ပြောင်းလာသူများအား တရားဝင်ဖြစ်အောင် ထိုင်းအစိုးရက နှစ်စဥ်ထုတ်ပေးလေ့ရှိသည့် အသိအမှတ်ပြုကတ်ဖြစ်ပြီး ပန်းရောင်ကတ် (Pink Card) ဟုလည်း ခေါ်ကြသည်။
ပန်းရောင်ကတ်ပြုလုပ်ရာတွင် ကုန်ကျစရိတ်မှာ တဦးလျှင် ဘတ် ၆,၅၀၀ မှ ဘတ် ၈,၀၀၀ ကြား ကျသင့်ပြီး ယုံကြည်စိတ်ချရသော ပွဲစားများဖြင့်သာ လုပ်ကိုင်ကြရန် အလုပ်သမားရေး ဆောင်ရွက်နေသူများက သတိပေးပြောဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ ကောက်ရိုးတမျှင်ဆိုလည်း ဟုတ်တယ်။ ဒီလိုရမယ်ဆိုရင် တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ရသွားမယ်။ ဒီကာလ ကိုယ့်တိုင်းပြည်မှာက ဘယ်လိုမှလည်း နေလို့မရတာကြောင့် ဒီအတောအတွင်း အထောက်အထားမရှိတဲ့ လူတွေအနေနဲ့ ဖမ်းဆီးမခံရအောင်၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လေ့လာပြီး နေထိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ပန်းရောင်ကတ်တွေ လုပ်မယ်ဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့လူနဲ့ သေချာအလိမ်မခံရအောင် သတိထားဖို့လိုတယ်” ဟု ပြောသည်။
စက်တင်ဘာ ၂၄ ရက်က ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေး၌ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ၏ တောင်းဆိုချက်များအရ ထိုသို့ သဘောတူလိုက်ခြင်းလည်း ဖြစ်သည်။
သဘောတူချက်များအနက် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်မည့် ရွှေ့ပြောင်းအလုပ်သမားများကို MoU (နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ) စနစ်ဖြင့် တပေါင်းတည်း နေထိုင်အလုပ်လုပ်ခွင့် တကြိမ်လျှင် သက်တမ်း ၂ နှစ်နှုန်းနှင့် ၂ ကြိမ် ၄ နှစ်အထိ တိုးပေးရန်၊ အလုပ်ရှင်ပြောင်းလဲခြင်းအတွက် အချိန်ကာလ အား ယခင် ၁ လသာ ခွင့်ပြုရာမှ ၂ လထိ တိုးပေးရန်ဟူသည့် အချက်လည်း ပါဝင်သည်။
အဆိုပါဆုံးဖြတ်ချက်အရ ၂၀၂၅ ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးမည့် ပန်းရောင်ကတ် ကိုင်ဆောင်သော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယခင်ကဲ့သို့ ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုး၍မရဘဲ MoU လုပ်ငန်းစဉ်အတိုင်း နယ်စပ်ပြန်၍ သက်တမ်းတိုး အခွန်ဆောင်ခြင်းများ လုပ်ဆောင်သွားရမည်လားဟူ၍ ထိုင်းရောက်မြန်မာများကြား စိုးရိမ်လျက်ရှိသည်။
ဦးမင်းဦးက “အကယ်၍ ပန်းရောင်ကတ်သမားတွေက MoU တွေလို နေရပ်ပြန်တိုးရပြီဆိုရင် ဒုက္ခရောက်ပြီ။ CDM တွေ၊ အမည်ပျက် သွင်းခံထားရတဲ့သူတွေဆို မဲဆောက်တို့၊ ကော့သောင်းတို့ဘက် သွားရမယ်ဆို (မြန်မာ) အာဏာပိုင်တွေလက်ထဲ ကွက်တိပဲ။ နယ်စပ်မှာ သွားလုပ်ရမယ် ဆိုကတည်းက အဆင်မပြေပါဘူး။ ကုန်ကျစရိတ်တွေ၊ သူတို့တောင်းတဲ့အခွန်တွေလည်း ဆောင်ရတော့မယ်။ အကုန်လုံးက MoU ဖြစ်ပြီဆိုတော့ နှစ်နဲ့ချီပြီးဆောင်ရတော့မယ်။ တိုင်ပတ်ပြီပေါ့” ဟု ပြောသည်။
MoU ဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသူများအနေဖြင့် ၄ နှစ်ပြည့်၍ မြန်မာနိုင်ငံသို့ပြန်ကာ စာချုပ်သက်တမ်းတိုးပါက လစာငွေ၏ ၂၅ ရာခိုင်နှုန်းအား ဘဏ်စနစ်ဖြင့် လွှဲထားသူများကိုသာ သက်တမ်းတိုးပေးရန် စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသလို MoU U-turn ဆိုသည့် ၄ နှစ်ပြည့် လုပ်သားများ၏ သက်တမ်းတိုး လုပ်ငန်းစဉ်ကို နယ်စပ်မြို့များဖြစ်သော ကော့သောင်း နှင့် မြဝတီမြို့များတွင် ဖွင့်လှစ်ထားပြီး အလုပ်လုပ်ခွင့်စာချုပ် သက်တမ်းတိုးပြီးမှသာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်ဝင်ရခြင်းဖြစ်သည်။
ယင်းသို့ မြန်မာပြည်ဘက်သို့ သက်တမ်းပြန်တိုးရမည်ဆိုပါက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ ပုဒ်မ ၅၀၅ စာရင်းသွင်းခံရသူများအတွက် အခက်အခဲဖြစ်ပေါ်စေမည်ဖြစ်သလို စစ်မှုထမ်းဥပဒေရှောင်လိုသော လူငယ်များအတွက်လည်း အခက်တွေ့စေမည်ဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ်ကိုင်ဆောင်၍ နေထိုင်သူတဦးက “နယ်စပ်ကိုမပြန်ဘဲ ထိုင်းနိုင်ငံအတွင်းမှာပဲ သက်တမ်းတိုးလို့ ရနိုင်မယ်ဆိုရင် ကျနော်တို့အတွက် ပိုပြီးအဆင်ပြေတယ်။ ကျနော်တို့အတွက် လုံခြုံစိတ်ချရမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။
ထိုင်းရောက်မြန်မာများကြား စိုးရိမ်နေသည့် အဆိုပါ လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ထိုင်းအစိုးရဘက်မှ တိတိကျကျ ထုတ်ပြန်လာခြင်း မရှိသေးပေ။
အလုပ်သမားရေးဆောင်ရွက်သူ ဦးမျိုးချစ်က “ကျနော့်အမြင်ပြောရရင် ဒီကိစ္စက မဖြစ်နိုင်ဘူး။ အလုပ်လုပ်ခွင့် သက်တမ်း တိုးတာသည် မြန်မာဘက်နဲ့မဆိုင်ဘူး။ ပတ်စ်ပို့စာအုပ်သက်တမ်းတိုးတာတို့၊ အသစ်လုပ်တာတို့ပဲ ဆိုင်တယ်။ နှစ်တိုင်း ကျနော်တို့နေလာတာ ၁ နှစ်သက်တမ်းတိုးတာတို့၊ ၂ နှစ်သက်တမ်းတိုးတာတို့က မြန်မာဘက်ခြမ်းနဲ့ မဆိုင်ဘူး။ မဖြစ်နိုင်ဘူးလို့ပဲထင်တယ်။ တကယ်လို့ ဖြစ်လာမယ်ဆိုရင်လည်း ဆိုးကျိုးအနေနဲ့က သက်တမ်း သွားမတိုးတော့ဘူး။ ပစ်လိုက်မယ်။ အသစ်ပြန်စလိုက်ကြမယ်။ အဲဒီလိုဖြစ်သွားလိမ့်မယ်” ဟု ပြောသည်။
ထို့ပြင် ပုဒ်မ ၆၄ အရ နယ်စပ်ဒေသများ၌ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများ ၏ အလုပ်လုပ်ခွင့်ကာလနှင့် အခြားထပ်တိုးတောင်းဆိုချက်များမှာ အောင်မြင်ခြင်းမရှိဘဲ ယခင်အတိုင်း ၃ လတကြိမ် ဝင်ရောက်လာသောနယ်စပ်တွင် သက်တမ်းပြန်တိုးရန် စက်တင်ဘာ ၂၄ ရက်နေ့ အစည်းအဝေးတွင် သဘောတူခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လအတွင်း ဘန်ကောက်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် မြန်မာအလုပ်သမားများက ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ကတ်ဖြင့်သာ အလုပ်လုပ်ကိုင်နေထိုင်ခွင့်ပြုရေး၊ စစ်အုပ်စုမှ ထုတ်ပေးသည့် CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် စာအုပ်) ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ရပ်တန့်ရေးနှင့် စစ်အုပ်စုသို့ ပေးဆောင်နေရသည့် အခွန် ၂၅ ရာခိုင်နှုန်း လွှဲပြောင်းမှုကို ထိုင်းဘဏ်များမှတဆင့် လွှဲပြောင်းပေးနေမှုများအား တားမြစ်ပေးရေး စသည့်အချက်များကို ဆန္ဒပြတောင်းဆိုခဲ့သည့်အနက် ပန်းရောင်ကတ်ပြုလုပ်ပေးသည့်အချက်သာ ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် လာသူအရေအတွက် တိုးလာခဲ့ပြီး တရားမဝင် နိုင်ငံခြားသားလုပ်သားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်ကြောင့်လည်း ထိုင်းနိုင်ငံ၌ ဂရုတစိုက်နေထိုင်ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးထားသည်။
ထိုင်းနိုင်ငံ၌ တရားမဝင် ဝင်ရောက်နေထိုင်သူများကို ဇွန် ၁ ရက်မှစတင်ကာ ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့်ဖမ်းဆီးရာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ လူဦးရေ ၂ သိန်း ၅ သောင်းကျော် ဖမ်းဆီးခံရသည့်အနက် ၂ သိန်းနီးပါးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို စက်တင်ဘာ ၂၅ ရက်တွင် ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့ ထိုင်းအစိုးရက ပြန်လွှဲပေးခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၂၄ ဇန်နဝါရီလကုန်အထိ တရားဝင်မှတ်ပုံတင်ထားသော မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းနီးပါး ရှိပြီး တရားမဝင် အထောက်အထားမရှိသော မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။
You may also like these stories:
ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော
MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်ကတ် လျှောက်ခွင့် သက်တမ်းတိုးမြှင့်