ကချင်ပြည်နယ်၌ စစ်တပ်နှင့် အပစ်ရပ်ကာ ပူးပေါင်းထားသည့် ဦးဇခုန်တိန့်ယိန်းနှင့်အဖွဲ့ ထိန်းချုပ်ထားသော အထူးဒေသ (၁) ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်ကို သိမ်းပိုက်လိုက်ပြီးနောက် နယ်ခြားစောင့်တပ် (BGF)နှင့် ပြည်သူ့စစ်များ ဘက်ပြောင်းရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောလိုက်သည်။
KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က ယမန်နေ့ညနေပိုင်းတွင် ချီဖွေမြို့နှင့် ယနေ့ မနက်ပိုင်းက ဆော့လော်မြို့တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထို့အတွက် ကချင်မျိုးနွယ်စု နယ်ခြားစောင့် တပ် များနှင့် ပြည်သူ့စစ်များအနေဖြင့် စစ်တပ်လက်အောက်ခံအဖြစ် ဆက်လက်ရပ်တည်ခြင်းမလုပ်ဘဲ ဘက်ပြောင်းကြရန်နှင့် ဆက်လက်ပူးပေါင်းနေပါက တိုက်ခိုက်မည်ဖြစ်ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျနော်တို့ ပြည်သူလူထုကို တိုက်တာလည်း မဟုတ်ဘူး၊ တိုင်းရင်းသားညီအကိုအချင်းချင်း တိုက်တာလည်း မဟုတ်ဘူး။ စစ်ကောင်စီကို တိုက်တာဖြစ်ပါတယ်၊ ဒါကြောင့် စစ်ကောင်စီနဲ့ ပေါင်းပြီး နေတာတွေ၊ လက်အောက်ခံ တပ်ဖွဲ့တွေကိုတော့ တိုက်ရမှာဖြစ်ပါတယ်။ အဓိကတော့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ သူတို့လက်အောက်မှာ မရှိဖို့၊ ဘက်ပြောင်းဖို့တော့ အရေးကြီးတယ်” ဟု ၎င်းက ပြောသည်။
ယခုအခါ ချီဖွေနှင့် ဆော့လောမြို့နယ်များတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ မရှိသလောက် ဖြစ်နေပြီဖြစ် ကြောင်း၊ ဆော့လော်မြို့ကို လုံခြုံရေးယူထားသည့်တပ်မှာ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ရွာအခြေစိုက် ခရလ(၂၉၈) တပ်ရင်း ဖြစ်ပြီး KIA ပူးပေါင်းတပ်များက စက်တင်ဘာ ၂၉ ရက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် လေးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်းလည်း သိရသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေ၊ တပ်စခန်းတွေလည်း သိမ်းရပါတယ်။ နဂိုကတည်းက မြို့ကွက်ကွက်လေးနဲ့ တပ်ပဲကျန်ပါတယ်၊ လမ်းကြောဖြတ်တောက်ပိတ်ဆို့ထားတာ တနှစ်ကျော်လောက်ရှိပါပြီ၊ တခါတလေ ရဟတ်ယာဉ်နဲ့ ရိက္ခာချပေးတာနဲ့ အသက်ဆက်နေကြတာပါ” ဟု ဆော့လော်တိုက်ပွဲနှင့်ပတ်သက်ပြီး ပြောသည်။
ချီဖွေနှင့် ဆော့လော်မြို့တို့သည် မြန်မာနိုင်ငံ မြောက်ဖက်တွင် ရှိပြီး မြစ်ကြီးနားခရိုင်တွင် ပါဝင်ကာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ခေါင်လန်ဖူး၊ ဝိုင်းမော်မြို့နယ်များအပြင် တရုတ်နိုင်ငံနှင့်လည်း ကပ်လျှက်ရှိပြီး၊ မြေရှားသတ္တု အပါအဝင် ခဲမဖြူ၊ အဖြိုင်နက်၊ သံသတ္တု၊ ခဲ၊ သွပ်၊ သလင်းကျောက်၊ မာဘယ်လ်ကျောက်များလည်း ထွက်ရှိသည်။
KIA ပူးပေါင်းတပ်အနေဖြင့် စစ်တပ်နှင့် BGF၊ ပြည်သူ့စစ်များ ပူးပေါင်းတပ်စွဲထားသည့် ချီဖွေနှင့်ဆော့လော်မြို့တို့အား သိမ်းပိုက်နိုင်ခဲ့ခြင်းသည် ကချင်အထူးဒေသ-၁ နယ်မြေအား ဝင်ပေါက်မှ ပိတ်ဆို့ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “ချီဖွေနဲ့ဆော့လော်ကို သိမ်းလိုက်တာ အဲဒီဒေသရဲ့ ဝင်ပေါက်ပဲ ရှိသေးတယ်။ ဆက်တိုက်မှ ချီဖွေရဲ့ အရှေ့တောင် ဘက် ယွန်းယွန်း ပန်ဝါဘက် တက်ရမယ်၊ အဲဒီအရှေ့ဘက်တကြောလုံးမှာ ဖီမော်၊ ကန်ဖန်တို့ရှိတယ်၊ ဆော့လော်ရဲ့ အထက်ဘက် ဆိုရင် မန်ကျီ၊ ဝဆုပ်တို့ဆိုတာရှိတယ်။ ငေါ့ချန်းခတလျှောက်မှာ ရွာတွေရှိတယ်၊ သိမ်းရမယ့်နေရာတွေက အများကြီးပဲ။ ပြည်သူ့စစ်နဲ့ BGF ရှိတဲ့နေရာပေါ့၊ တပ်ကတော့ ဗျူဟာနဲ့ တရင်းလောက်ပဲ ကျန်လိမ့်မယ်”ဟုဆို သည်။

ကချင်ပြည်နယ် အထူးဒေသ-၁ တွင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကံပိုင်တည်မြို့နယ်တို့ပါဝင်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K) က စိုးမိုးထားသည်။
NDA-K အောက်တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း(BGF)သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိပြီး နယ်ခြားစောင့်တပ်များအား တရုတ်-မြန်မာနယ်စပ်တလျှောက် ကံပိုင်တည်၊ ပန်ဝါနှင့် ဖီမော်ဒေသတို့၌ အခြေစိုက်ထား သည်။
ကချင်အထူးဒေသ-၁ အတွင်း KIA ပူးပေါင်းတပ်ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ ဦးဇခုန်တိန့်ယိန်းက ဇွန်လ ၇ ရက်တွင် “ကျနော်တို့ဒေသကို ဝင်ရောက်လာသည့် ရန်သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်။ အိမ်အတွင်း ဝင်ရောက်လာသော ရန်သူများပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ၊ ရှေ့နောက်ပိတ်ပြီးတိုက်ခိုက်ချေမှုန်းကြပါ။ ပြန်လည် ထွက်သွားခွင့် မပေးကြပါနှင့်” ဆိုကာ အမိန့်တခုထုတ် ပြန်ခဲ့သည်။
ထိုအမိန့်ကို KIA ဒုဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က “မထုတ်ပြန်သင့်သော စစ်မိန့်” ဟု စက်တင်ဘာ ၁၀ ရက်တွင် လူမှုကွန်ရက်စာမျက်နှာကတဆင့် တုံ့ပြန်ခဲ့သည်။
ဦးဇခုန်တိန့်ယိန်းသည် ယခင်က KIA တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်တွင် KIA က ခွဲထွက်ခဲ့ကာ လူမျိုးတူများဖြင့် NDA-K အားဖွဲ့စည်းကာ ဗမာပြည်ကွန်မြူနစ်ပါတီ( ဗကပ) နှင့် ပူးပေါင်းခဲ့သော်လည်း ဗပက ပြိုကွဲပြီးနောက် ၁၉၈၉ ခုနှစ်၌ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်မှစ၍ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
ကချင်အထူးဒေသ-၁ တွင် ကချင်မျိုးနွယ်စုများသာ အများစုနေထိုင်ရာ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ အနေဖြင့် စစ်တပ်လက်အောက်ခံအဖြစ်က စွန့်ခွာဘက်ပြောင်းရေးနှင့်ပတ်သက်ပြီး အရပ်ဘက်ခေါင်းဆောင်များ၊ စာပေ ယဉ်ကျေးမှု ကော်မတီများမှတဆင့် ညှိနှိုင်းပြောဆိုမှုများရှိကြောင်းလည်း သိရသည်။
ကချင်အထူးဒေသ-၁ အတွင်း ကျန်ရှိသော NDA-K အဓိက နေရာယူထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ်ဒေသ တလျှောက် ကံပိုင်တည်၊ ပန်ဝါ၊ ဖီမော်ဒေသတို့ရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ်များအား ဆက်လက်တိုက်ခိုက်မည်ဆိုပါက စစ်ရေးအပြင် နိုင်ငံရေးအရ စည်းရုံးသည့်နည်းလမ်းဖြင့်ပါ ဆက်လက်လုပ်ဆောင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “ စစ်ရေးသက်သက်မဟုတ်ဘဲ စည်းရုံးရေးလည်း ပါလာမှာပေါ့၊ အဲဒီဘက်တွေအားလုံးက ကချင်မျိုးနွယ်စုတွေ ချည်းပဲ၊ တဖက်က စစ်ရေးအရတိုက်မယ်၊ နိုင်ငံရေးနဲ့လည်းစည်းရုံးမယ်ပေါ့။ ဒါမှအဲဒီဒေသတခုလုံးကို ထိန်းချုပ်လို့ရမှာ၊ အဲဒီလိုဆက်မတိုက်ဘဲနဲ့ ချီဖွေနဲ့ ဆော့လော်တင် ရပ်နေလို့ကတော့ သူတို့ဒုက္ခရောက်သွားမှာပေါ့။ ညှိနှိုင်းဖြေရှင်းဖို့တော့ များပါတယ်၊ အထဲမှာရှိနေတာတွေက ပိတ်မိနေပြီ၊ သူတို့ထွက်လမ်းမရှိတော့ဘူး။ ဒါပေမယ့် ဇခုန်တိန့်ယိန်းက နည်းနည်း ခေါင်းမာရင် ခေါင်းမာမှာပေါ့” ဟု ပြောသည်။
KIA ပူးပေါင်းတပ်များသည် NDA-K တပ်များထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ဝင်ပေါက်များဖြစ်သည့် ချီဖွေ၊ ဆော့လော်မြို့တို့အပြင် ဝိုင်းမော်-ကံပိုင်တည်လမ်းပေါ်ရှိ ဆဒုံးမြို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားသည်။
You may also like these stories:
ကချင်အထူးဒေသ-၁ ချီဖွေမြို့ကို KIA ထိန်းချုပ်
ဗန်းမော်တဝိုက် စစ်တပ် ပြန်စစ်ဆင်
ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေး KIA ထိန်းချုပ်