ကမ္ဘာတဝန်း လူအများ အသုံးပြုနေတဲ့ Facebook ကုမ္ပဏီ Meta ကို စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ် ဆိုသူက မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရား စွဲဆိုလိုက်ပါတယ်။
Meta က Llama လို့ အမည်ပေးထားတဲ့ ၎င်းတို့ရဲ့ ဘာသာစကား AI ကို လေ့ကျင့်ပေးရင်း သူနဲ့ အခြားသော စာရေးဆရာ တွေရဲ့ စာအုပ်တွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အဆိုပါ စာရေးဆရာက စွဲဆိုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Meta ကုမ္ပဏီဟာ ၎င်းတို့ရဲ့ AI Chatbot ဖြစ်တဲ့ Llama ကို လူသားတို့ရဲ့ စာရေးသား ခိုင်းစေချက်တွေအပေါ် တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်ဖို့ ထောင်ပေါင်းများစွာသော ခိုးကူး စာအုပ်တွေကို အသုံးပြုခဲ့တယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ ကြားနာမှုမှာ ဝတ္ထုရေးဆရာ ဖန်စ်ဝါ့သ် က ထွက်ဆိုခဲ့တယ် လို့လည်း ဆိုပါတယ်။
အမေရိကန် နိုင်ငံ လော့စ်အင်ဂျလိစ်မှာ နေထိုင်တဲ့ ဖန်စ်ဝါ့သ်က Llama ကိုလေ့ကျင့်ပေးဖို့ Meta က အသုံးပြုတဲ့ ခိုးကူး စာအုပ်တွေထဲမှာ သူ့ရဲ့စာအုပ်တွေ ပါဝင်တယ်လို့လည်း ကြားနာမှုအတွင်း ထွက်ဆိုထားပါတယ်။
တာနာဟာစီကို့စ်၊ အာကန်ဆက် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက်ကဘီး နဲ့ ဟာသသရုပ်ဆောင် ဆာရာ ဆေးဗားမန်း အပါအဝင် အခြားသော စာရေးဆရာတွေကလည်း AI လေ့ကျင့်ရေးမှာ သူတို့ရဲ့စာအုပ်တွေကို အသုံးပြုတယ်ဆိုပြီး Meta ကို အဆိုပါ တရားရုံးမှာပဲ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်နည်းတူ တူညီတဲ့ တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဖန်စ်ဝါ့သ် ရဲ့ တရားစွဲဆိုမှုကို Lieff Cabraser Heimann & Bernstein လို့ခေါ်တဲ့ ရှေ့နေအဖွဲ့က တာဝန်ယူ လျှောက်လဲ ပေးတာ ဖြစ်ပါတယ်။
အစောပိုင်း တရားစွဲဆိုမှုတွေမှာ စာရေးဆရာတွေရဲ့ ဦးဆောင်ရှေ့နေကို ဖက်ဒရယ် တရားသူကြီးက ဝေဖန်ခဲ့ပြီး နောက် နာမည်ကျော်ရှေ့နေဖြစ်တဲ့ ဒေးဗစ်ဘွိုင်းစ်နဲ့ သူ့ရဲ့ရှေ့နေ အဖွဲ့ကိုပါ ဖန်စ်ဝါ့သ် ရဲ့တရားလိုရှေ့နေ အဖွဲ့ထဲ ပေါင်းထည့် ခဲ့တယ်လို့ သိရပါတယ်။
Meta ရဲ့ ပြောရေး ဆိုခွင့်ရှိသူတွေနဲ့ ဖန်စ်ဝါ့သ်ရဲ့ ရှေ့နေအဖွဲ့တို့ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြားနာမှု အသစ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စာရေးဆရာတွေ၊ အနုပညာရှင်တွေနဲ့ ဂီတ ဖန်တီးသူတွေ ပါဝင်တဲ့ မူပိုင်ခွင့်ပိုင်ရှင်တွေဟာ နည်းပညာ ကုမ္ပဏီကြီးတွေကို AI စနစ် ပိုကောင်းလာဖို့ သူတို့ရဲ့ ဖန်တီးမှုတွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲတယ်ဆိုပြီး တရားစွဲဆိုမှုတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။
ကုမ္ပဏီတွေ ဘက်ကတော့ သူတို့ရဲ့ AI လေ့ကျင့်ရေးတွေကို မူပိုင်ခွင့် မျှဝေသုံးစွဲခွင့် အယူဝါဒနဲ့ ကာကွယ်ပေးထားတာ ဖြစ်တယ်လို့ ခုခံပြောဆိုထားပြီး တရားစွဲဆိုမှုတွေက AI နယ်ပယ် ကြီးမားကျယ်ပြန့်လာမှုကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန် ပြောဆိုထားတယ် လို့လည်း သိရပါတယ်။
စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ Meta အပေါ် တရားစွဲဆိုမှုကို ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref : Reuters