ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာသည့် မြန်မာအကျပ်အတည်း ဖြေရှင်းရေးအတွက် နည်းလမ်းရှာရန် ကြိုးစားနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများအကြား အလွတ်သဘော ဆွေးနွေးပွဲများ ဒီဇင်ဘာလတွင် ကျင်းပရန် ကမ်းလှမ်းသည်။
ထိုင်းနိုင်ငံသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနှင့် တိုင်ပင်ပြီး မြန်မာအခြေအနေနှင့် ပတ်သက်သည့် ကျယ်ပြန့်သော အလွတ်သဘော ညှိနှိုင်းတိုင်ပင်ခြင်းကို လက်ခံကျင်းပရန် အသင့်ရှိကြောင်း ယခုအပတ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆန်ဂျီယန်ပေါင်ဆာက ပြောသည်။
ဗီယန်ကျင်းမှ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ ပထမနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ နီကွန်ဒက်ဂျ် ဘာလန်ကူရ်က ထိုကမ်းလှမ်းမှုကို ကြေညာသည်။
ထိုအဆိုပြုချက်ကို ရာထူးစွန့်လွှတ်တော့မည့် လက်ရှိ ဥက္ကဋ္ဌ လာအိုနှင့် ရာထူးလက်ခံတော့မည့် နောက်ဥက္ကဋ္ဌ မလေးရှားတို့က ထောက်ခံသောကြောင့် အကောင်အထည် ပေါ်နိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
မြန်မာသည် အဓိက စိုးရိမ်စရာ ဆက်လက်ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအားလုံးသည် မြန်မာတွင် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းနိုင်သည်ကို မြင်လိုကြောင်း မစ္စတာ နီကွန်ဒက်ဂျ်က ပြောသည်။
မြန်မာမှ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် လက်နက်ကိုင်အင်အားစုများနှင့် စစ်ကောင်စီတပ်များ အကြမ်းဖက်မှု လျှော့ချရန်နှင့် အရပ်သားများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံများကို ပစ်မှတ်မထားရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းသည်ဟု ယခုအပတ် အစောပိုင်းက ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးသည် ထိုထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးမှ ပိတ်ပင်ခံရပြီးနောက် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တဦး ထိုထိပ်သီးဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။
ထိုအလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံကျင်းပခြင်းသည် လက်ရှိပဋိပက္ခကို ကူညီဖြေရှင်းရန် အစီအစဉ်ရှိရှိ အပြုသဘော သံတမန်ရေးနည်းလမ်း၏ တစိတ်တပိုင်းဖြစ်ကြောင်း မစ္စတာ မာရစ်က လူမှုကွန်ရက် X (ယခင်က Twitter) တွင် ရေးသားသည်။
“ဒီအလွတ်သဘောဆွေးနွေးပွဲဟာ ပါဝင်ဆွေးနွေးသူတွေအတွက် ပွင့်ပွင့်လင်းလင်းပြောဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးကို အထောက်အကူပြုဖို့ အတူတကွ နည်းလမ်းရှာဖို့ ကောင်းမွန်တဲ့အခွင့်အလမ်း ဖြစ်တယ်” ဟု ၎င်းကရေးသည်။
“အာဆီယံ အဖွဲဝင်နိုင်ငံအားလုံးဟာ မြန်မာအပေါ် စေတနာကောင်းရှိပြီး မြန်မာမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရအောင် တွေ့ဆုံဆွေးနွေးရေးကနေ ငြိမ်းချမ်းသောအဖြေ တွေ့မြင်လိုတယ်လို့ ထိုင်းနိုင်ငံက ယုံကြည်တယ်” ဟုလည်း မစ္စတာ မာရစ်က ပြောသည်။
ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အချို့နှင့် အလွတ်သဘောဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း စီစဉ်ခဲ့သည်။
မြန်မာသို့ သွားရောက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဝီနိုင်သည် မြန်မာစစ်ကောင်စီ ဗိုလ်ချုပ်များနှင့် အပြည့်အဝ ပြန်လည်ဆက်ဆံရန် ကြိုးစားသည့်အနေဖြင့် ဒေသတွင်းနိုင်ငံအချို့နှင့် အလွတ်သဘော ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပခဲ့သည်။
သို့သော် ထိုအစည်းအဝေးကို ထိုစဉ်က အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် အဖွဲ့ဝင် စင်ကာပူနှင့် မလေးရှားတို့ တက်ရောက်ခြင်း မရှိပေ။
မြန်မာစစ်ကောင်စီ၏ ပြည်တွင်းစစ် အဆုံးသတ်ရန် အားထုတ်သည့် အစီအစဉ်သည် အကြီးအကျယ် မလုံလောက်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပယ်ချသည်ဟု AFP က ကိုးကားသည့် ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်မူကြမ်းအရ သိရသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ရက်သတ္တပတ် အတန်ကြာသောအခါ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံနှင့် သဘောတူခဲ့သော်လည်း အတိုက်အခံများကို သွေးချောင်းစီး ဖြိုခွဲမှု ဆက်လက် လုပ်ဆောင်သည်။
အာဆီယံသည် ထိုပဋိပက္ခ အဆုံးသတ်ရန် လက်ရှိအချိန်အထိ အကျိုးမရှိသည့် သံတမန်ရေး အားထုတ်မှုများကို ဦးဆောင်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thailand to Host ‘Informal’ ASEAN Talks on Myanmar in December ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာပြည်တွင်းစစ်နှင့် ထိုင်း-မြန်မာ ၂၀၂၄ ဆက်ဆံရေး
ထိုင်းက မြန်မာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အားသစ်လောင်း
မြန်မာငြိမ်းချမ်းရေး ထိုင်းအဆိုပြု အစီအစဉ် လာအိုထောက်ခံ
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်